အာဏာသိမ်းပြီးနောက် TNLA အင်အား ပိုကြီးထွားလာကြောင်း ICG ထောက်ပြ

2023.09.06
အာဏာသိမ်းပြီးနောက် TNLA အင်အား ပိုကြီးထွားလာကြောင်း ICG ထောက်ပြ တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်တစ်ဦးအား တွေ့ရစဉ်။
PSLF/TNLA - သတင်းနှင့်ပြန်ကြားရေးဌာန

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အခြေစိုက်တဲ့ တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဟာ အင်အားပိုမိုကြီးထွားလာနေပြီး နယ်မြေချဲ့ထွင်မှုတွေကို ပိုမိုလုပ်ဆောင်လာနေတယ်လို့ နိုင်ငံတကာ ပဋိပက္ခ လေ့လာစောင့်ကြည့်ရေးအဖွဲ့ (ICG) က ပြောကြားလိုက်ပါတယ်။

ICG အဖွဲ့ရဲ့ စက်တင်ဘာလ ၄ ရက်နေ့က ထုတ်ပြန်တဲ့ “ခရောင်းလမ်းကို ပါးပါးနပ်နပ် လျှောက်လှမ်းခြင်း၊ ရှမ်းပြည်အတွင်း အင်အား ကြီးထွားလာသည့် တအာင်းတပ်မတော်” ဆိုတဲ့ အစီရင်ခံစာမှာ အခုလို ဖော်ပြလိုက်တာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ တိုင်းပြည်အနှံ့ ခုခံစစ်ပွဲတွေ နှိမ်နင်းဖို့ ရှမ်းမြောက်ဒေသမှာ အခြေစိုက်ထားတဲ့ တပ်သားတွေကို ပြန်လည်ထုတ်နုတ်ခဲ့ရပြီးနောက်ပိုင်း အဲဒီဒေသမှာ TNLA တပ်ဖွဲ့ဝင်တွေ ပိုမိုလှုပ်ရှားလာနိုင်ခဲ့တယ်လို့ ICG က ဆိုပါတယ်။

ဒီလှုပ်ရှားမှုဟာ တအာင်းမဟုတ်တဲ့ တခြားတိုင်းရင်းသားတွေရဲ့ နယ်မြေတွေအထိပါ ရောက်လာခဲ့ရင် ဒေသအတွင်း လူမျိုးရေးဆိုင်ရာ ပဋိပက္ခတွေအတွက် စိုးရိမ်စရာရှိတယ်လို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံများဆိုင်ရာ Crisis Group၊ အကြီးတန်းအကြံပေး သောမတ်စ်ကင်းက ပြောပါတယ်။

"TNLA ရဲ့ အန္တရာယ်တစ်ခုက သူက အရမ်းကြီးရန်လိုတဲ့ပုံစံနဲ့ နယ်မြေချဲ့ထွင်တဲ့အခါမှာ ရှမ်းမြောက် လူမျိုးစုတွေနဲ့ လက်နက်ကိုင်အဖွဲ့တွေကြား ပိုပြီးတင်းမာလာတယ်။ တအာင်းတွေဟာ သမိုင်းတစ်လျှောက် ဖယ်ကြဉ်ခံရတဲ့ တိုင်းရင်းသားတွေ ဖြစ်ပါတယ်။ အခုအခြေအနေတွေက ပြောင်းပြန်ဖြစ်သွားပြီ။ တအာင်းတွေ အတက်ဘက် ရောက်ပြီလို့ ပြောလို့ရနိုင်ပါတယ်။ ဒါပေမဲ့ ရှမ်းမြောက်က တခြားတိုင်းရင်းသားတွေ ကတော့ ဒါကိုရင် တစ်ထိတ်ထိတ်နဲ့ စောင့်ကြည့်နေကြပါတယ်။ တအာင်းတွေ လူများစုမဟုတ်တဲ့ ဒေသအထိ TNLA က နယ်မြေချဲ့ထွင်လာခဲ့ရင် လူနည်းစု တိုင်းရင်းသားတွေကြား လူမျိုးရေးပဋိပက္ခဖြစ်လာနိုင်ပြီး တခြား တိုင်းရင်းသား လက်နက်ကိုင်တွေကိုပါ ဒီပဋိပက္ခထဲ ဆွဲသွင်းသလို ဖြစ်စေနိုင်ပါတယ်။ ဒီလိုဖြစ်လာရင် TNLA နဲ့ တအာင်း လူမျိုးတွေအပြင် ရှမ်းပြည်နယ်မြောက်ပိုင်းက တခြား တိုင်းရင်းသားတွေအတွက်ပါ ဘာမှအကျိုးမရှိနိုင်ဘူးဆိုတာ အသေအချာပါပဲ"

ဒါ့အပြင် လက်ရှိ စိုးမိုးထားတဲ့ နယ်မြေတွေကို စစ်တပ်က နောင်တစ်ချိန်မှာ ပြန်လည် သိမ်းပိုက်လာနိုင်တာကြောင့် စစ်ရေးပဋိပက္ခတွေ ပြန်ဖြစ်လာနိုင်တဲ့ အခြေအနေ ရှိနေတယ်လို့လည်း ICG ကဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း TNLA တပ်ဖွဲ့အနေနဲ့ စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် အခြေစိုက် လားရှိုး နဲ့ တရုတ် - မြန်မာ ကုန်သွယ်ရေးရဲ့ အဓိက အချက်အခြာကျတဲ့ မူဆယ်နဲ့ ကွတ်ခိုင်မြို့ အစပ်ထိ ပိုမိုလှုပ်ရှားလာတာကို တွေ့ရတယ်လို့ ရှမ်းပြည်နယ် မြောက်ပိုင်း ဒေသခံတချို့က RFA ကို ပြောပါတယ်။

ဇူလိုင်၊ သြဂုတ်နဲ့ အခုစက်တင်ဘာလဆန်းပိုင်းအတွင်း တိုက်ပွဲတွေကို ကြည့်မယ် ဆိုရင်လည်း မြို့နဲ့ထိစပ်တဲ့ ရွာတွေ နားအထိ ပိုမိုကပ်လာတာကို တွေ့ရပြီး စစ်ကောင်စီနဲ့ TNLA နှစ်ဖက် စစ်ရေးအခြေအနေကြောင့် အရေးပေါ်လူနာကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အခက်အခဲတွေရှိလာမှာကို စိုးရိမ်ရတယ်လို့ မူဆယ်မြို့နယ် အခြေစိုက် စစ်ဘေးဒုက္ခသည်နဲ့ အရပ်ဘက် လူမှုကူညီရေး တာဝန်ခံတစ်ဦးဖြစ်သူ ဒေါ်ချယ်ရီက ပြောပါတယ်။

"အရင်ကဆိုရင်မြို့ဘက်ကို မကပ်ဘူး။ အခုဆိုရင်မြို့ဘက်ကို တော်တော်လေး ကပ်လာတာပေါ့နော်။ အခုကျွန်မတို့ မူဆယ်ဘက်တို့၊ နမ့်ဖတ်ကာတို့ဆို အဲလိုတွေဖြစ်နေတာပေါ့နော်။ ကွတ်ခိုင်၊ နမ့်ဖတ်ကာ၊ လားရှိုး၊ မူဆယ်မြို့နားအထိ ကပ်လာတာရော။ ကျွန်မတို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့ လူနာတွေ အရေးပေါ်ပို့ရတဲ့အချိန်မှာ သူတို့တွေ အဲလိုမျိုးဖြစ်တဲ့အတွက်ကြောင့်ရယ်၊ (စ.က.စ) က တစ်မျိုးရယ်ဆိုတော့ နည်းနည်းတော့ ကျွန်မတို့ ခက်ခဲတယ်၊ စိုးရိမ်တယ်ပေါ့နော်"

တိုက်ပွဲအများစုဟာ မူဆယ်နဲ့ ကွတ်ခိုင်မြို့အစပ်တွေမှာဖြစ်ပြီး တအာင်းတိုင်းရင်းသားတွေ အပြင် ရှမ်းနဲ့ ကချင် တိုင်းရင်းသားတွေလည်း တိုက်ပွဲကြောင့် နေရပ်စွန့်ခွာရမှုတွေ ရှိခဲ့ပါတယ်။ စစ်ကောင်စီရဲ့လေကြောင်းနဲ့ လက်နက်ကြီးရန်တွေကြောင့် မြို့နဲ့နီးစပ်တဲ့ နေရာတွေမှာ တိုက်ပွဲဖော်တာမျိုးကို ဒေသခံတွေက မလိုလားကြဘူးလို့ ဒေါ်ချယ်ရီက ပြောပါတယ်။

"အရင်ကဆိုရင်မြို့ဘက်ကို မကပ်ဘူး။ အခုဆိုရင်မြို့ဘက်ကို တော်တော်လေး ကပ်လာတာပေါ့နော်"

၂၀၀၉ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ TNLA တပ်ဖွဲ့ဟာ ၂၀၂၁ စစ်တပ်အာဏာ သိမ်းပြီးနောက်မှာတော့ အင်အား တစ်သောင်းကနေ တစ်သောင်းခွဲအထိ ဖြည့်တင်း လာနိုင်ပြီး မြို့နဲ့နီးစပ်တဲ့ နေရာတွေအထိမှာပါ ပေါ်ပေါ်တင်တင် လှုပ်ရှားလာခဲ့တယ်လို့ ICG ရဲ့ အစီအရင်ခံစာမှာ ဖော်ပြပါတယ်။

ဒီလိုအင်အားကြီးထွားလာမှုက အုပ်ချုပ်ရေးယန္တရားနဲ့ ကုန်ကျစရိတ်တွေ ပိုများလာ စေတာကြောင့် TNLA အတွက် မနိုင်ဝန်ထမ်းတဲ့ အခြေအနေမျိုးဖြစ်လာနိုင်တယ်လို့ ICG က ဆိုပါတယ်။

ဒီအသုံးစရိတ်တွေ ကာမိနိုင်ဖို့ TNLA အနေနဲ့ တခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ သာမက စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့တွေနဲ့ပါ ဘဏ္ဍာငွေရရှိရေး ယှဉ်ပြိုင်ရတော့မယ့်အနေအထားရှိတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

TNLA တပ်ဖွဲ့ ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က သူတို့တပ်ဖွဲ့အနေနဲ့ ၂၀၁၄ ခုနှစ်ကတည်းက စတင်လှုပ်ရှားနေတဲ့ သူတို့ရဲ့ နယ်မြေမှာပဲ ပုံမှန် လှုပ်ရှားနေတာရှိပြီး နယ်မြေသစ် ချဲ့ထွင်တာမရှိဘူးလို့ RFA ကိုပြောပါတယ်။

"အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ ထပ်မံပြီးတော့နယ်မြေ ချဲ့ထွင်တာမရှိပါဘူး။ လက်ရှိကျွန်တော်တို့ လှုပ်ရှားနယ်မြေအတွင်းပဲ ကျွန်တော်တို့ လှုပ်ရှားတာဖြစ်တယ်။ ကျွန်တော်တို့ရဲ့ နိုင်ငံရေးရည်မှန်းချက်ကိုက လူ့အခွင့်အရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံပေးတဲ့ တအာင်းပြည်နယ်ရရှိဖို့ရယ်၊ စစ်မှန်တဲ့ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုနဲ့အတူ တခြားလူမျိုးတွေနဲ့ အတူတကွနေထိုင်ဖို့ ကျွန်တော်တို့က ရည်မှန်းထားပြီးသားလည်းဖြစ်ပါတယ်။ တခြားတိုင်းရင်းသားတွေနဲ့ ဆန့်ကျင်ပြီးမှ တိုက်ခိုက်စရာတော့မရှိပါဘူး။ အတူယှဉ်တွဲရေးမူကိုပဲ ကျွန်တော်တို့က ဦးတည်တာ ဖြစ်တယ်"

TNLA တပ်ဖွဲ့ ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး မိုင်းအိုက်ကျော်အား ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
TNLA တပ်ဖွဲ့ ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး မိုင်းအိုက်ကျော်အား ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ICG ရဲ့အစီရင်ခံစာ အရ TNLA တပ်ဖွဲ့ဟာ အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေနည်းတူ တအာင်းအရပ်ဘက် အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး ပညာရေး၊ ကျန်းမာရေး၊ တရားစီရင်ရေး စတဲ့ ပြည်သူ့ဝန် ဆောင်မှုတွေ၊ အုပ်ချုပ်ရေးယန္တရားတွေပါဝင်တဲ့ တအာင်းပြည်ကို တစ်ဖြည်းဖြည်းကောင်အထည် ဖော်နေ တယ်လို့ ဆိုပါတယ်။

ဒီအတွက် အမျိုးသမီးတွေဦးဆောင်တဲ့ အဖွဲ့တွေအပါဝင် တအာင်းအရပ်ဘက်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ယန္တရားတစ်ရပ်ကို လက်တွေ့ ဖန်းတီးနေတယ်လို့ အစီရင်ခံစာမှာဖော်ပြပါတယ်။

အမည်မဖော်လိုတဲ့ တအာင်းအရပ်ဘက် အဖွဲ့စည်းတာဝန်ရှိသူ အမျိုးသမီးတစ်ဦးကတော့ ဒီအစီရင်ခံစာမှာပါတဲ့ အရပ်ဘက်အဖွဲ့တွေနဲ့ သက်ဆိုင်တဲ့ အချက်လက်တွေတချို့ဟာ လွဲမှားနေပြီး တအာင်း အရပ်ဘက်အဖွဲ့တွေရဲ့ လုပ်နိုင်စွမ်းကိုပါ ထိခိုက်စေတယ်လို့ တုံ့ပြန်ပါတယ်။

"ICG ကျတော့ သူတို့က တစ်ဖက်သတ်ပဲ။ ဘယ်ကနေသွားရလဲတော့ မသိဘူးပေါ့နော်။ ကျွန်မတို့ကိုလည်း ကွန်ဖန်မေးရှင်းတော့ မလုပ်ဘူးပေါ့နော်။ အထင်လွဲစရာတွေ ဖြစ်လာနိုင်စရာတွေ ရှိတယ်ပေါ့နော်။ ဒီအစီရင်ခံစာ ကြည့်ခြင်းအားဖြင့် ကျွန်မတို့ကပဲ အကုန်လုံး ပူးပေါင်းလုပ်တဲ့ဟာတွေ ဖြစ်သွားတာပေါ့နော်။ ဒါက ကျွန်မတို့အတွက် အန္တရာယ်လည်းရှိသလို ပြီးတော့ အလှူရှင်အပိုင်းမှာလည်း ပိတ်ပင်ခံရတဲ့အပိုင်းတွေ လည်း ရှိလာနိုင်တာပေါ့။ ဘာလို့လဲဆိုတော့ အဲဒီဟာထဲမှာပါတဲ့ အခွန်တွေ ကောက်ပြီးတော့ CSO ကိုပြန်ပြီးတော့ ထောက်ပံ့သလိုမျိုးတော့ ဖြစ်သွားတာပေါ့နော်။ တစ်ကယ်တမ်းကျတော့ ကျွန်မတို့က အဲလိုမလုပ်ဘူးပေါ့နော်။ ကျွန်မတို့မှာ အလှူရှင်တွေ ရှိတယ်။ အလှူရှင်တွေ အောက်ကနေ ကျွန်မတို့ သုံးသွားတာတွေ ရှိတာပေါ့နော်"

ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် ရှမ်းလူငယ်အဖွဲ့ ဥက္ကဋ္ဌဟောင်းဖြစ်သူ ကိုစိုင်းဟန်ကတော့ လက်ရှိ နိုင်ငံရေးအခင်းအကျင်းအရ ဘယ်လက်နက်ကိုင်အဖွဲ့မဆို အခုလို အင်အားစုတာနဲ့ နယ်မြေချဲ့ထွင်တာဟာ သဘာဝပဲဖြစ်တယ်လို့ သူ့အမြင်ကို ပြောပါတယ်။

“TNLA ဆိုရင် အခုဘယ်လောက်အထိ ရောက်သွားသလဲဆိုရင် တန့်ယန်းနယ်တစ်ဝိုက် အထိ၊ တောင်ပိုင်းဆိုရင် မိုင်းကိုင်နယ် တစ်ဝိုက်အထိ၊ မြောက်ပိုင်းဆိုရင် မူဆယ် ဘာညာ ပြီးရင် မိုးကုတ်၊ မိုးမိတ်ဘက်ကို အကျော်၊ တစ်ခါတစ်လေ မတ္တရာတွေဘက် အထိကို ရောက်သွားတယ်ဆိုတာ ကျွန်တော်တို့ ကြားတာပဲလေနော့်။ ဒါတွေကတော့ စစ်ရဲ့သဘော သဘာဝတွေပဲလေ။ လက်နက်ကိုင်ပြီးတော့ တော်လှန်တယ်ဆိုတာက နေရာကျယ်လေ ကောင်းလေပဲလေ။ ဒါမှ အသက်ရှုပေါက်က လွယ်မှာလေ။ ရန်သူက ကျွန်တော်တို့ကို တအား ဖိလာတဲ့အချိန်မှာဆိုရင် တစ်နေရာကပြန်ပြီးတော့ စစ်ရေးမျဉ်းဆွဲပေးလို့ရတယ်လေ။ အဲလိုမျိုးအနေနဲ့ သူတို့ ချဲ့ထွင်နေကြတာနေမှာပါ”

ဒီလိုချဲ့ထွင်မှုဟာ တိုင်းရင်းသားအချင်းချင်းနဲ့ လက်နက်ကိုင်အချင်းချင်းကြား ပဋိပက္ခရှိနိုင်တာမှန်ပေမယ့် ရှမ်းမြောက်ဒေသ တိုင်းရင်းသားလက်နက်ကိုင်အားလုံးဟာ မဟာမိတ်အနေနဲ့ ရပ်တည်နေတာကြောင့် ICG မှာပါသလို လူမျိုးစုအချင်းချင်း ပြဿနာမဖြစ်နိုင်ဘဲ ညှိနှိုင်းဖြေရှင်းလို့ရနိုင်တယ်လို့ စိုင်းဟန်က သုံးသပ်ပါတယ်။

အာဏာသိမ်းကာလအလွန်မှာ TNLA အနေနဲ့ ပဋိပက္ခဖြစ်စဉ်အတွင်း စစ်တပ်နဲ့ သူ့ကို ဆန့်ကျင်တဲ့ အဖွဲ့အစည်းတွေကြား ဘက်တစ်ဘက်ကို ရွေးချယ်တာထက် ခြံစည်းရိုး ခွထိုင်တဲ့မူဝါဒကို ကျင့်သုံးပြီး စစ်တပ်နဲ့ ထိပ်တိုက်တွေ့ဆုံမှုကို ရှောင်ရှားခဲ့တယ်လို့ ICG ရဲ့ အစီရင်ခံစာက ဆိုပါတယ်။

TNLA ဟာ အာဏာသိမ်းစစ်တပ်ဆန့်ကျင်တဲ့ အဖွဲ့အစည်းတွေကို စစ်သင်တန်းနဲ့ လက်နက် ထောက်ပံ့တာတွေ ရှိနေသလို အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့လည်း ဆက်ဆံရေး ထူထောင်ထားပေမယ့် တရားဝင် ထုတ်ပြန်ခြင်းတော့ မရှိဘူးလို့ အဲဒီ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA၊ ရက္ခိုင့်တပ်တော် AA နဲ့ ကိုးကန့်အဖွဲ့ MNDAA ညီနောင်မဟာမိတ် သုံးဖွဲ့ တပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ်။ (Photo: Arakan Army)
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA၊ ရက္ခိုင့်တပ်တော် AA နဲ့ ကိုးကန့်အဖွဲ့ MNDAA ညီနောင်မဟာမိတ် သုံးဖွဲ့ တပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ်။ (Photo: Arakan Army)

မြန်မာ့နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်ကတော့ TNLA အနေနဲ့ NUG နဲ့ တိုက်ရိုက် မဆက်ဆံနိုင်တဲ့ အခြေအနေဟာ တရုတ်ရဲ့ဖိအားကြောင့် ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။ ဒါပေမဲ့ တော်လှန်ရေးအင်အားစုတွေကိုတော့ လိုအပ်တဲ့ သွယ်ဝိုက်တဲ့နည်းနဲ့ လိုအပ်သလို ထောက်ပံ့နေပြီး တစ်ဖက်မှာလည်း သူ့ရဲ့အုပ်ချုပ်ရေး နယ်မြေတွေကို တည်ဆောက် နေတယ်လို့ ဆိုပါတယ်။ ဒီလုပ်ဆောင်ချက်ကို TNLA တစ်ဖွဲ့တည်းက လုပ်နေတာ မဟုတ်ဘဲ ရက္ခိုင့်တပ်တော် AA နဲ့ ကိုးကန့်တပ်ဖွဲ့တို့ကလည်း ဒီနည်းအတိုင်း သွားနေတာကို တွေ့ရတယ်လို့ ဦးသန်းစိုးနိုင်က ပြောပါတယ်။

“NUG နဲ့ ဆက်စပ်ပတ်သက်မှုမရှိဘဲ သီးသန့်လွတ်လပ်စွာ လှုပ်ရှားဖို့ နောက်တစ်ဖက် ကလည်း စစ်ကောင်စီနဲ့ ဖက်ပြိုင်တိုက်ခိုက်မှုတွေကို လျှော့ချပြီး အဲဒါတွေ သိပ်မလုပ်ဘဲနဲ့ ကိုယ့်ဒေသကို တည်ဆောက်မှုကို ပိုပြီး အလေးထားလုပ်ဖို့ဆိုတဲ့ အနေအထားပေါ့ဗျာ။ အဲအနေအထားက တရုတ်ရဲ့ လမ်းညွှန်မှု သဘောထားတွေ နဲ့လည်း ဆိုင်ပါတယ်။ ဒါ့ကြောင့် သူတို့ ညီနောင်သုံးဖော်ထဲမှာ ပါဝင်တဲ့ ရခိုင်ကလည်းပဲ သူ့ဒေသမှာ ငြိမ်းချမ်းရေး တည်ဆောက်ပြီးတော့ ကိုယ့်ဒေသကို တည်ဆောက်တာပဲ။ ဒါပေမဲ့ အကန့်အသတ်ဖြစ်နေတာကတော့ သူတို့ညီနောင်သုံးဖွဲ့ထဲမှာ ကိုးကန့်တပ်ဖွဲ့ ကတော့ တိုးချဲ့စရာနယ်မြေကတော့ အကန့်အသတ် ရှိနေတာပေါ့”

ICG ကတော့ TNLA အနေနဲ့ လက်ရှိ အခြေအနေအတိုင်း နယ်မြေချဲ့ထွင်တာကို ရပ်သင့်ပြီ လို့ ထောက်ပြပါတယ်။ လူမျိုးရေး အခြေခံတဲ့ ပြဿနာတွေကို ရှောင်ရှားဖို့ TNLA အနေနဲ့ မိမိလူမျိုးမဟုတ်တဲ့ တခြား တိုင်းရင်းသားတွေကို ဖိနှိပ်ရန်စတာ၊ မိမိအဖွဲ့အစည်း အတွင်းမှာလည်း နည်းလမ်းအမျိုးမျိုးနဲ့ အတင်းအဓမ္မ လူသစ်စုဆောင်းတာကို ရပ်တန့်ဖို့နဲ့ တပ်သားသစ်စုဆောင်းတဲ့ မူဝါဒတွေကိုပါ ပြောင်းလဲဖို့လိုတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တပ်ဖွဲ့အတွင်း ကလေးစစ်သား စုဆောင်းမှုကို လုံးဝရပ်တန့်ရမယ်လို့လည်း ICG က ထောက်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။