တရုတ်ဖိအားကြောင့် စစ်ကောင်စီနဲ့ ဆွေးနွေးမယ်လို့ TNLA ပြော
2024.11.25
မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ထဲက တစ်ဖွဲ့ဖြစ်တဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က နိုဝင်ဘာလ ၂၅ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ တရုတ်အစိုးရဲ့ ကြိုးပမ်းချက်တွေကို အသိအမှတ်ပြုတဲ့အနေနဲ့ရော၊ စစ်ဘေးဒဏ်ခံနေရတဲ့ ပြည်သူတွေကို ငဲ့ညှာတဲ့အနေနဲ့ပါ စစ်ကောင်စီနဲ့ ဆွေးနွေးသွားဖို့ အသင့်ရှိနေတယ်လို့ ဖော်ပြထားပါတယ်။
TNLA အနေနဲ့ တရုတ်ရဲ့ ကြားဝင်စေ့စပ်ပေးတာကို ကောင်းကျိုးရှိတယ်လို့မြင်ပြီး၊ ရလဒ်ကောင်းတွေထွက်အောင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်းပြောထားပါတယ်။
TNLA ရဲ့ ကြေညာချက်ထဲမှာ စစ်ကောင်စီနဲ့ ဘယ်လိုပုံစံ တွေ့ဆုံဆွေးနွေးမလဲဆိုတာ ဖော်ပြမထားပါဘူး။ ဒီကိစ္စနဲ့ ပတ်သက်လို့ မေးမြန်းနိုင်ဖို့ TNLA ပြောခွင့်ရှိသူကို RFA က အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
Salween Press သတင်းဌာနနဲ့ မနေ့က မေးမြန်းချက်တစ်ခုမှာတော့ "ကျွန်မတို့ကတော့ ငြိမ်းချမ်းရေးဖိတ်ခေါ်သူတွေ၊ စိတ်ရင်းမှန် ငြိမ်းချမ်းရေး ဖော်ဆောင်လိုစိတ်ရှိပြီး၊ ငြိမ်းချမ်းရေးကို သဘောတူထားတဲ့အချက်အတိုင်း အမှန်တကယ်လိုက်နာဆောင်ရွက်ရင် ကျွန်မတို့လည်း ငြိမ်းချမ်းရေးဆွေးနွေးဖို့ရှိပါတယ်"
TNLA အနေနဲ့ စစ်ကောင်စီနဲ့ ဆွေးနွေးဖို့ အချက်နှစ်ချက်ကိုင်စွဲထားပြီး၊ နံပါတ်တစ်က TNLA ကို အကြမ်းဖက်အုပ်စုကနေ ပယ်ဖျက်ပေးဖို့နဲ့ နံပါတ်နှစ်က လက်ရှိကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေ ဒုစရိုက်မှုတွေကို ဝန်ခံပြီးတော့ စစ်တပ်နိုင်ငံရေးကနေ ထွက်ခွာသွားဖို့ဖြစ်တယ်လို့ ပြောခွင့်ရှိသူ လွေးယေဦးက သတင်းဌာနတွေကို ပြောဆိုထားပါတယ်။
ဒီလအစောပိုင်းမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံကိုသွားရောက်ခဲ့ပြီး တရုတ်ကြားဝင်ညှိနှိုင်းပေးနေတဲ့ ဟိုက်ကင် ငြိမ်းချမ်းရေးသဘောတူညီချက်တွေကို မြောက်ပိုင်းလက်နက်ကိုင်တပ်တွေဘက်က ချိုးဖောက်ခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။
တရုတ်ဝန်ကြီးချုပ် လီချန်းနဲ့ စစ်ခေါင်းဆောင်တို့ တွေ့ဆုံချိန်မှာ မြောက်ပိုင်းတပ်ဖွဲ့တွေကသာ ငြိမ်းချမ်းရေးလိုလားရင် စစ်ကောင်စီဘက်က တံခါးအမြဲဖွင့်ထားတယ်လို့ ပြောဆိုလိုက်ပြီးနောက် TNLA ဘက်ကလည်း အခုလိုကြေညာချက် ထွက်လာတာပါ။
တရုတ်အရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောကတော့ “ကြည့်ရတာ တရုတ်က နှစ်ဖက်လုံးကို ဖိအားပေးထားတဲ့ပုံ ရပါတယ်။ TNLA ကလည်း သူ့ဒေသ၊ အရပ်သားတွေ ထိခိုက်မှုအတွက် ထည့်စဥ်းစားတာလည်း ပါတယ်။ နောက်ပြီး စစ်ခေါင်းဆောင်ကလည်း ငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်ထားတဲ့အပေါ်မှာ ပြန်တုံ့ပြန်တဲ့သဘောလို့ပဲ ပြောလို့ရပါတယ်” လို့ RFA ကိုပြောပါတယ်။
ဆက်နွှယ်သောသတင်းများ
တရုတ်ကြေးစားတပ်တွေ မြန်မာပြည်တွင်း တိုက်ပွဲတွေမှာ ပါလာမှာလား
စစ်ခေါင်းဆောင်ရဲ့ တရုတ်ခရီးစဉ်နောက်ပိုင်း လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာ
MNDAA ခေါင်းဆောင်ကို တရုတ်ကဘာကြောင့်ဖမ်းထားသလဲ
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ TNLA အနေနဲ့ ဆွေးနွေးတဲ့အခါကျရင် တော်လှန်ရေးကို မထိခိုက်မဲ့ဘောင်ထဲကနေ ဆွေးနွေးနိုင်ပြီး၊ အကျိုးအမြတ်ရအောင်လုပ်ဖို့လိုတယ်လို့ ပြောပါတယ်။
"ဒီလိုတွေ့ဆုံရင်တော့ အကြမ်းဖက်အဖွဲ့အစည်းကနေ ရုပ်သိမ်းကောင်း ရုပ်သိမ်းနိုင်တယ်။ လေကြောင်းထိုးစစ်နဲ့ လက်နက်ကြီးပစ်ခတ်ပြီးပြည်သူလူထုကိုသတ်ဖြတ်မှုတွေ တစ်စုံတစ်ရာလျော့သွားနိုင်တယ်။ တကယ်လို့သာ ကူးသန်းသွားလာရေးတွေ အတော်လေးအဆင်ပြေချောမွေ့သွားရင် တောထဲကနေ လက်နက်သယ်ပေး ကျည်သယ်ပေးရတဲ့အလုပ်ထက် ပိုကောင်းတဲ့ အနေအထားရနိုင်တယ်"
ဒါပေမဲ့ စစ်ကောင်စီဘက်ကတော့ TNLA ရဲ့ တောင်းဆိုချက်တိုင်းကို လိုက်လျောမယ်မထင်ဘူးလို့လည်း သူကပြောပါတယ်။ TNLA အနေနဲ့ တစ်ဖွဲ့တည်းဆွေးနွေးဖို့ မဖြစ်နိုင်ဘဲ မြောက်ပိုင်းမဟာမိတ်တွေရဲ့ သဘောထားလည်းလိုတာကြောင့် အဲဒီတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီကြား တရုတ်ဝင်ဖျန်ဖြေတဲ့ ဟိုက်ကင်ဆွေးနွေးပွဲ ထပ်မံပေါ်ပေါက်လာနိုင်တယ်လို့လည်း ဆိုပါတယ်။
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကစတဲ့ "၁၀၂၇ စစ်ဆင်ရေး" ကာလအတွင်း TNLA ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ မန္တလေးတိုင်းက မြို့ပေါင်း ၁၂ မြို့ကို သိမ်းပိုက်ထားပြီး၊ အဲဒီဒေသမှာ ကိုယ်ပိုင်အုပ်ချုပ်ရေး ယန္တယားတွေ ဖော်ဆောင်နေတယ်လို့ ပြောဆိုထားပါတယ်။