TNLA သိမ်းထားတဲ့ ကျောက်မဲမြို့ လေကြောင်းရန် စိုးရိမ်နေရ

RFA Burmese
2024.09.03
TNLA သိမ်းထားတဲ့ ကျောက်မဲမြို့ လေကြောင်းရန် စိုးရိမ်နေရ TNLA တပ်ဖွဲ့ ထိန်းချုပ်ထားသော ကျောက်မဲမြို့ ကို ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

၁ဝ၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအတွင်း တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ မဟာမိတ်အဖွဲ့တွေ တစ်လကျော်ကြာ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ ကျောက်မဲမြို့မှာ မြို့ခံတချို့ နေရပ်ပြန်နေကြပေမဲ့ မြို့အတွင်းပိုင်းမှာတော့ ခြောက်ကပ်နေဆဲ ဖြစ်ပါတယ်။

စစ်ဘေးရှောင်နေရာကနေ မြို့ကို ပြန်လာကြသူတချို့ ရှိတာကြောင့် မြို့တွင်းက အသီးအနှံနဲ့ အသားငါးရောင်းချတဲ့ တိလင်ရပ်ကွက်စျေးမှာတော့ မနက်ပိုင်း စျေးဝယ်၊ စျေးသည်တွေ များနေပါတယ်။

စျေးသည် မနွေးနွေးက “ဈေးကတော့ စည်ပါတယ်။ လေးငါးရက်ရှိပြီ။ ရောင်းတော့လည်း ရောင်းရပါတယ်။ အခါတိုင်းလောက်တော့ မရောင်းရဘူးပေါ့။ ကျောက်မဲက လူတွေ အကုန် ပြန်မရောက်သေးတော့ သိပ်မရောင်းရဘူး။ အဲဒီလိုဖြစ်နေတာ။ ရပ်ကွက်တွေထဲတော့ လူတွေရှိတယ်။ မြို့ထဲပိုင်းတော့ လူတွေ မရှိသေးဘူးပေါ့။ ဆိုင်ကြီးတွေကတော့ မဖွင့်သေးဘူး”လို့ ပြောပါတယ်။

ကျောက်မဲမြို့ကို ဇွန် ၂၅ ရက်နေ့မှာ TNLA နဲ့ မဟာမိတ်တပ်ဖွဲ့တွေ စတင်တိုက်ခိုက်ခဲ့ပြီး ဇူလိုင် လဆန်းပိုင်းမှာ ကျောက်မဲမြို့ အမြောက်တပ်စခန်းနဲ့ မြို့အတွင်းပိုင်း ဌာနဆိုင်ရာရုံးတွေကို ထိန်းချုပ်ခဲ့ပါတယ်။

မြို့နဲ့ တစ်မိုင်ခန့်ဝေးတဲ့ ကျောက်မဲ - မိုင်းငေါ့လမ်းပေါ်က အမှတ် (၁) စစ်မြေမြင်ကွပ်ကဲမှု ဌာနချုပ်၊ ခမရ (၅၀၁) နဲ့ ခမရ (၅၀၂) တပ်တွေကိုတော့ တစ်လကျော် တိုက်ခိုက်ခဲ့ပြီး သြဂုတ် ၅ ရက်နေ့မှာ တစ်မြို့လုံးကို သိမ်းပိုက်ခဲ့တာပါ။


ဆက်နွှယ်သောသတင်းများ

တိုက်ပွဲတွေ ချက်ချင်းရပ်ဖို့ TNLA ကို တရုတ် သတိပေး

ကျောက်မဲနဲ့ သီပေါမြို့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်

အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာမှုကို ဂရုစိုက်မှာမဟုတ်ကြောင်း မြောက်ပိုင်းအဖွဲ့တွေ တုံ့ပြန်


မြို့ခံတွေ ပြောပြချက်အရ ကျောက်မဲမြို့ပေါ်က အမှတ် (၈) ရပ်ကွက်၊ အင်ဂျင်းတောင် ရပ်ကွက်နဲ့ မန်နား၊ ပန်ပေါင်းစတဲ့နေရာတွေမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့တာပါ။

တိုက်ပွဲဖြစ်ချိန် စစ်ကောင်စီတပ်က လေကြောင်းနဲ့ ပေါင် ငါးရာဗုံးသုံးပြီး တိုက်ခိုက်ခဲ့သလို လက်နက်ကြီးနဲ့ပါ ပြင်းပြင်းထန်ထန် ခုခံခဲ့တာကြောင့် မြို့အတွင်းက နေအိမ်၊ ဟိုတယ်နဲ့ ဘာသာရေး အဆောက်အအုံတွေ များစွာပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲအတွင်း အရပ်သားတွေအပါအဝင် နှစ်ဖက်တပ်ဖွဲ့ဝင်တွေလည်း သေဆုံးမှု များခဲ့ပါတယ်။

ကျောက်မဲအခြေစိုက် နမ့်ခုံး ရှမ်းပရဟိတအဖွဲ့က တိုက်ပွဲကြောင့် သေဆုံးသူတွေကို လိုက်လံသင်္ဂြိုဟ်ပေးခဲ့တာ ရုပ်အလောင်း နှစ်ရာကျော် ရှိခဲ့ပါတယ်။

နမ့်ခုံး ရှမ်းပရဟိတအဖွဲ့ ဥက္ကဋ္ဌ စိုင်းကူးက “ကျွန်တော်တို့ ကျောက်မဲမြို့မှာ ၂၆ ရက်၊ ၂၇ ရက်နေ့ကနေစပြီး သယ်ရတာပေါ့ အလောင်းတွေကို။ ကျွန်တော်တို့ တစ်လနဲ့ ၁၂ ရက်ကြာတာပေါ့။ ၂၅ ရက်နေ့က ခုနစ်ရက် ရှစ်ရက်နေ့အတွင်းမှာ ကျွန်တော်တို့ ၂၁၉ ယောက် ကောက်ခဲ့ပါတယ်။ ကျန်တာကတော့ ကြိုးကြားကြိုးကြား ကောက်ရပါတယ်”လို့ ပြောပါတယ်။

ဒါဟာ သူတို့အသင်းတစ်ခုတည်းက သင်္ဂြိုဟ်ပေးခဲ့ရတဲ့ အရေအတွက်ဖြစ်ပြီး အခြားအသင်းတွေက စာရင်း မပါသေးပါဘူး။

မြို့ခံတွေရဲ့ ပြောပြချက်အရ သေဆုံးသူ လေးရာကျော်အထိရှိခဲ့ပြီး အဲဒီထဲမှာ အရပ်သားတွေအပြင် စစ်ကောင်စီတပ်သားတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေပါ ပါဝင်ပါတယ်။

ကျောက်မဲမြို့ပေါ်မှာ ရပ်ကွက် ကိုးခုရှိပြီး လူဦးရေ လေးသောင်းကျော် နေထိုင်ခဲ့တာပါ။ ဒါပေမဲ့ ဒီနေ့အထိ ပြန်လာသူ တစ်သောင်းခန့်သာ ရှိသေးတယ်လို့ မြို့ခံတွေကပြောပါတယ်။ တစ်လကျော် ကြာခဲ့တဲ့တိုက်ပွဲကြောင့် မြို့ခံတွေဟာ မြို့နဲ့ဆယ်မိုင်ကျော်ဝေးတဲ့ နောင်ပိန်၊ စခန်းသာ စတဲ့ကျေးရွာတွေအပြင် တောင်ကြီး၊ ပြင်ဦးလွင်နဲ့ မန္တလေးမြို့တွေအထိ ထွက်ပြေးခဲ့ကြရပါတယ်။

လတ်တလောမှာလည်း စစ်ကောင်စီဘက်က လေကြောင်းနဲ့ မကြာခဏ ဗုံးကြဲနေတာကြောင့် စစ်ဘေးရှောင်နေတဲ့ ဒေသခံတွေအားလုံး နေရပ်ပြန်ဖို့ ခက်ခဲနေကြပါတယ်။

သြဂုတ် ၂၇ ရက်နေ့နဲ့ ၂၉ ရက်နေ့ကလည်း မြို့ခံအချို့ နေအိမ်တွေပြန်လာကြည့်ချိန် အထက (၂) စာသင်ကျောင်းနဲ့ ကျောက်မဲ မြို့မရဲစခန်းနေရာတွေကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် မြို့ထဲရောက်နေတဲ့ ဒေသခံအချို့ မြို့ကို ထပ်မံစွန့်ခွာသွားကြသလို နေရပ်ပြန်လိုတဲ့ ဒေသခံတွေလည်း နေရပ်မပြန်ရဲကြသေးပါဘူး။

စစ်ဘေးဒုက္ခသည်တစ်ဦးက “ကျောက်မဲက အဖွဲ့တွေကျတော့ ပြန်တော့မယ်ပေါ့နော့။ ဒါပေမဲ့ အခြေအနေတွေက လကုန်ကာနီးရင် ဖြစ်မယ်ဆိုတာမျိုးတွေကြားတော့ ဟိုတစ်နေ့က ည ၁၁ နာရီကျော်က ပေါင်ငါးရာဗုံး သုံးလုံးလာကြဲသွားတယ်လို့ ကြားတယ်ရှင့်။ အဲဒီအချိန်မှာ ပြန်ရောက်လာကြတာပေါ့နော်။ ဒီကအဖွဲ့တွေကလည်း ပြန်တော့မဲ့အချိန် ဟိုကအဖွဲ့တွေ ပြန်ရောက်လာတော့ ဒီကအဖွဲ့တွေက မပြန်ရဲကြတော့ဘူးရှင့်။ ဒီနေ့ကို ပြန်ရောက်လာတဲ့သူတွေရှိသလို ထပ်ရှောင်လာတဲ့သူတွေ ရှိပါတယ်ရှင့်”လို့ ပြောပါတယ်။

တိုက်ပွဲကာလ မြို့ခံတွေ စစ်ဘေးတိမ်းရှောင်နေရချိန်မှာ မြို့ထဲက နေအိမ်တချို့နဲ့ ဈေးဆိုင်ခန်းတွေ ဖောက်ထွင်းခံခဲ့ရပါတယ်။ နောင်ပိန်ကျေးရွာမှာ စစ်ရှောင်နေရတဲ့ မခိုင်ကတော့ သူအိမ်မှာ စားစရာဇွန်းတောင် မကျန်ဘဲ ခိုးယူခံခဲ့ရတယ်လို့ RFA ကို ပြောပါတယ်။

“ကျွန်မတို့ အုတ်ကျင်းမှာ လက်နက်ကြီးကျလိုက်တာ ကလေးခုနစ်ယောက်လောက် ဆုံးရှုံးသွားပါတယ်။ အဲဒါကြောင့် ဒီဘက်ကို ပြေးလာရတာပေါ့။ ကျွန်မတို့လည်းရတာလေး ဆွဲပြီးတော့။ ဒါပေမဲ့ ကျွန်မအိမ်မှာတော့ ဘာမှကို ကုန်းကောက်စရာ မရှိတော့ဘူး။ အကုန်ခိုးထားတာ။ ဘာမှကိုမကျန်တော့တာ ထမင်းစားစရာ ဇွန်းတောင် မကျန်တော့ဘူး။ အဲဒါကြောင့်မို့ ဘယ်လိုပြန်စလို့စရမှန်းကို မသိတော့ဘူး”

လက်ရှိ ကျောက်မဲမြို့ပေါ် လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကို TNLA ရဲဌာနက ဆောင်ရွက်နေပြီး မြို့ထဲက ခိုး၊ ဆိုး၊ လုနှိုက်တွေနဲ့ မူးယစ်ဆေးသုံးစွဲသူတွေကို ဖမ်းဆီးအပြစ်ပေးနေတယ်လို့ ကျောက်မဲမြို့နယ် TNLA ရဲတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ ဒါပေမဲ့ ကျောက်မဲမြို့မှာ တရားစီရင်ရေးနဲ့ အခြားဌာနဆိုင်ရာတွေ ဆေးရုံဆေးခန်းတွေတော့ မလည်ပတ်နိုင်သေးပါဘူး။

TNLA က သူတို့သိမ်းပိုက်ထားတဲ့ မြို့နယ်တွေမှာ အုပ်ချုပ်ရေးလုပ်ငန်းတွေ လည်ပတ်နိုင်ဖို့ ကြိုးစားနေပြီး အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ဝန်ထမ်းတွေ ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်ထားပါတယ်။

TNLA တပ်ဖွဲ့ ထိန်းချုပ်ထားသော ကျောက်မဲမြို့စျေးကို ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
TNLA တပ်ဖွဲ့ ထိန်းချုပ်ထားသော ကျောက်မဲမြို့စျေးကို ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

တစ်ချိန်တည်းမှာပဲ စစ်ကောင်စီက ကျောက်မဲမြို့ကို လက်လွှတ်လိုက်ရပြီး နောက်ပိုင်း စက်သုံးဆီအပါအဝင် စားသောက်ကုန် သယ်ယူခွင့်ကို ကန့်သတ်လိုက်တာကြောင့် ကုန်စျေးနှုန်းတွေ နှစ်ဆကျော် တက်နေပါတယ်။

ကျောက်မဲမြို့မှာ စျေးရောင်းနေတဲ့ ကိုညီညီလွင်က “ကုန်ဈေးနှုန်း၊ ဆီကတော့ တအားတက်တယ်ဗျာ။ တစ်လီတာကို ကိုးထောင် တစ်သောင်းပေးရတယ်။ အရင် ကုန်ဈေးနှုန်းထပ် နှစ်ဆလောက်တက်တယ်။ ဆီဈေးလည်း တက်တယ်။ ဆန်ဈေးလည်းတက်တယ်။ စားသောက်ကုန်က တော်တော်များများ ဈေးတက်တယ်။ ဆန်ဆိုရင် ရွှေဘို၊ မနောတို့ ဘာတို့ဆိုရင် တစ်သိန်းရှစ်သောင်းလောက်ကို ဝယ်ရတယ်”လို့ ပြောပါတယ်။

လတ်တလော လျှပ်စစ်မီးနဲ့ ဖုန်းလိုင်းတွေလည်း ပြန်မရသေးတာကြောင့် ကုန်သွယ်ရေးအတွက် ငွေကြေးစီးဆင်းနိုင်မဲ့ ဘဏ်လုပ်ငန်းစနစ်အတွက် အချိန်ယူရဦးမယ်လို့ မြို့ခံတွေက‌ ပြောကြပါတယ်။

ကျောက်မဲမြို့ဟာ မိုးကုတ်၊ သီပေါ၊ နောင်ချိုမြို့တွေနဲ့ ဆက်သွယ်ထားတဲ့မြို့ဖြစ်သလို စစ်ကောင်စီအတွက် အရေးပါတဲ့ ခရိုင်မြို့တစ်မြို့လည်း ဖြစ်ပါတယ်။ လက်ရှိ မြို့အပြင်ဘက်နဲ့ ကျောက်မဲ-လားရှိုး-နောင်ချိုလမ်းပိုင်း လုံခြုံရေးကိုတော့ TNLA စစ်ဘက်ရေးရာဌာနက တာဝန်ယူထားပါတယ်။

ကျောက်မဲမြို့ကို TNLA သိမ်းပိုက်နိုင်ခဲ့ပြီးနောက်ပိုင်း ရှမ်းပြည်မြောက်ပိုင်းနဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့ လမ်းပိုင်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ပြန်ဖွင့်ပေးလိုက်ပါတယ်။

အလားတူ နောင်ချို၊ လားရှိုး၊ မိုးကုတ်၊ မူဆယ် (၁၀၅) မိုင် လမ်းပိုင်းတွေကိုလည်း မြောက်ပိုင်းညီနောင်သုံးဖွဲ့က ပြန်ဖွင့်ပေးထားတာကြောင့် အဲဒီလမ်းပိုင်းတွေမှာ ခရီးသည်တွေ ပုံမှန်သွားလာနေကြပြီ ဖြစ်ပါတယ်။

ကျောက်မဲမြို့နဲ့ဆက်စပ်နေတဲ့ နောင်ချိုမြို့နယ်ထဲက တောင်ခမ်းရွာနဲ့ သီပေါမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်း ရှိတဲ့နေရာတွေမှာတော့ TNLA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။