ကျောက်မဲမြို့က စစ်တပ်စခန်းအားလုံးကို TNLA သိမ်းပိုက်
2024.08.06
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာကျန်နေတဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၁) နဲ့ ခမရ (၅၀၁)၊ ခမရ (၅၀၂) တပ်တွေကို သြဂုတ်လ ၅ ရက်နေ့ညပိုင်းမှာ သိမ်းယူခဲ့တယ်လို့ TNLA ထိပ်ပိုင်း အရာရှိတစ်ဦးက RFA ကို အတည်ပြုပြောပါတယ်။
ဇွန်လ ၂၄ ရက်နေ့ကစပြီး ကျောက်မဲမြို့ပေါ်က အမြောက်တပ်နဲ့ စစ်ကောင်စီတပ်ရင်းဌာနတွေကို TNLA တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နောက်တစ်ရက်မှာ မြို့ပေါ်နေရာအားလုံးနီးပါးကို ထိန်းချုပ်ခဲ့တာပါ။
ဩဂုတ် ၅ ရက်နေ့က သိမ်းလိုက်တဲ့တပ်တွေဟာ မြို့အထွက် လေးမိုင်အကွာမှာရှိပြီး TNLA က တစ်လလောက် တိုက်ယူခဲ့ရတယ်လို့ စစ်ရေးအခြေအနေ သိရှိသူ ကျောက်မဲမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
"၅၀၁၊ ၅၀၁၊ စကခ တပ်ဝန်းအပြင်ပါ အကုန်လုံး မိုင်းထောင်လိုက်တယ်။ စကခ အပါအဝင် သူ့တပ်ဝန်းတစ်ခုလုံးမှာ လိုင်းကျင်းတွေတူးတယ်။ အဲဒီပတ်ချာလည်အကုန်လုံးမှာ ကွန်ကရစ်ဘန်ကာတွေ အကုန်လုံး ဆောက်တာ။ ကုန်းကြီးတစ်ခုလုံးက တကယ့် ခံစစ်ဘန်ကာကုန်းကြီး ဖြစ်သွားတာ။ နံပါတ်တစ် မိုင်းကိုရှင်းပြီး ဖြည်းဖြည်းချင်း တိုးရတယ်။ နောက် မြေပြင်အနေအထားကလည်း သိပ်ကောင်းတဲ့အတွက် တိုက်ရခက်သွားတာ။ အဲဒါကြောင့် ကြာသွားတာ"
မြို့တွင်းအုပ်ချုပ်ရေးစနစ်ကိုတော့ ဇူလိုင်လဆန်းပိုင်းကစပြီး TNLA ဘက်က လည်ပတ်နေတာကြောင့် မြို့ခံအများစု နေရပ်ပြန်လာနေကြပြီလို့လည်း ကျောက်မဲဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီ လေကြောင်းရန်ကိုတော့ ကျောက်မဲမြို့ခံတွေ စိုးရိမ်နေရပါတယ်။
"မြို့ထဲမှာတော့ သူဟာသူ အေးအေးဆေးဆေး နေနေတာပဲ၊ ပစ်ခတ်သံတွေ မကြားရဘူး။ လုံခြုံရေးလည်း ပလောင်က လှည့်ပြီးတော့ ယူပေးနေတယ်။ မနက်လည်းဈေးက သူဟာသူ ရောင်းကြဝယ်ကြ ပုံမှန်ဖြစ်နေပါပြီ။ အခုကတော့ အဲဒါသိမ်းလိုက်ပြီဆိုတော့ လေယာဉ်ပဲစိုးရိမ်တာပဲ"
ကျောက်မဲအခြေစိုက် စကခ (၁) ဟာ အရင်က “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့နယ်၊ ပန်လုံမြို့မှာ ရှေ့တန်းစစ်မြေပြင် အခြေစိုက်စခန်းအဖြစ် ထားရှိခဲ့တာပါ။
"လုံခြုံရေးလည်း ပလောင်က လှည့်ပြီးတော့ ယူပေးနေတယ်။ မနက်လည်းဈေးက သူဟာသူ ရောင်းကြဝယ်ကြ ပုံမှန်ဖြစ်နေပါပြီ။ အခုကတော့ အဲဒါသိမ်းလိုက်ပြီဆိုတော့ လေယာဉ်ပဲစိုးရိမ်တာပဲ"
၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းအတွင်း ဟိုပန်မြို့နယ်ကို “ဝ” တပ်ဖွဲ့က သိမ်းပိုက်ခဲ့ပြီးနောက် စကခ (၁) စကခမှူးနဲ့ အရာရှိတချို့ လားရှိုးကိုဆုတ်ခွာလာတာကြောင့် အဲဒီအရာရှိတွေကို စစ်ကောင်စီဘက်က အရေးယူခဲ့ပါတယ်။
အဲဒီနောက် တပ်မ (၁၁) ဒုတပ်မမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေးကို စကခ (၁) စကခမှူးအဖြစ် ခန့်အပ်ခဲ့တာပါ။
ဒါပေမဲ့ လားရှိုးတိုက်ပွဲမှာ ဗိုလ်မှူးချုပ် မျိုးမင်းထွေး အဖမ်းခံခဲ့ရတာကြောင့် ကျောက်မဲမြို့မှာကျန်နေတဲ့ ဒုစကခမှူးကပဲ ဆက်လက်ကွပ်ကဲနေတာလို့ မြေပြင်စစ်ရေးအခြေအနေ သိရှိသူတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီဘက်ကလည်း ဩဂုတ်လ ၅ ရက်နေ့အထိ စကခ (၁) တပ်စွဲထားတဲ့တောင်ကုန်းနားကို လေကြောင်းနဲ့ ပစ်ကူပေးခဲ့သလို ရိက္ခာတွေလည်း ထောက်ပံ့ပေးခဲ့တယ်လို့ TNLA ဘက်က ထုတ်ပြန်ထားပါတယ်။
ဆက်နွှယ်သောသတင်းများ
စစ်ရေးအရအရေးပါတဲ့ မိုးမိတ်မြို့ကို TNLA ထိန်းချုပ်
ရမခ တိုင်းမှူးအပါအဝင် အရာရှိကြီးအချို့ ဖမ်းဆီးခံထားရ
စစ်ကောင်စီကို တိုက်ခိုက်မှုတွေ ပြည်ပနိုင်ငံတချို့ကူညီနေကြောင်း စစ်ခေါင်းဆောင်စွပ်စွဲ
စစ်တပ်အရာရှိဟောင်း နိုင်ငံရေးလေ့လာသူတစ်ဦးကတော့ စစ်ကောင်စီက ရှမ်းပြည်နယ်မှာ အင်အားတွေ ပြန့်ကြဲပြီး ခုခံနေရတာကြောင့် နယ်မြေတွေဆုံးရှုံးနေရတာလို့ သုံးသပ်ပါတယ်။
"လိုအပ်လို့ရှိရင် စွန့်လွှတ်ရမှာပေါ့ ဒီနေရာတွေကိုလေ။ မစွန့်လွှတ်ဘဲနဲ့ အသားကုန် လိုက်လုပ်နေတာကိုက ကျွန်တော်တို့ဘက်က မဟာဗျူဟာအမှားတွေ လိုက်ကျူးလွန်နေတာပေါ့။ အင်အားတွေဖြန့်ခွဲပြီး ခုခံနေတာကိုက ပြောရင်တော့ စစ်ခေါင်းဆောင်တွေ စစ်ကစားတာ နည်းနည်းလိုတယ်ပေါ့ဗျာ"
ကျောက်မဲမြို့အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်း မရှိပါဘူး။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ လက်ရှိ လက်နက်ကိုင်ပဋိပက္ခတွေမှာ ပြည်ပနိုင်ငံတွေက နည်းပညာနဲ့ ငွေကြေးတွေ ကူညီပေးနေတယ်လို့ မနေ့က သူ့ရဲ့ မိန့်ခွန်းမှာ ထည့်ပြောခဲ့ပါတယ်။
တရုတ်-မြန်မာနယ်စပ်မှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ခဲယမ်း၊ မီးကျောက် လက်နက်တွေ ထုတ်လုပ်နေပြီး PDF နဲ့ အခြားတိုင်းရင်းသားအဖွဲ့တွေဆီ ရောင်းချနေတယ်လို့လည်း စွပ်စွဲထားပါတယ်။
MNDAA၊ TNLA နဲ့ ပူပေါင်းအဖွဲ့တွေဟာ အပစ်ရပ်စာချုပ်ကိုဖောက်ဖျက်ပြီး လားရှိုး၊ ကျောက်မဲ၊ မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကို ဆက်တိုက်ခဲ့တာကြောင့် အဲဒီဒေသတွေ တည်ငြိမ်ဖို့ ဆက်လုပ်သွားမယ်လို့လည်း ဆိုပါတယ်။
TNLA ဟာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ မိုးမိတ်၊ မိုးကုတ်နဲ့ ကျောက်မဲမြို့တွေကို သိမ်းပိုက်ခဲ့ပြီး နောင်ချိုမြို့ကိုတော့ မန္တလေးတိုင်း PDF အဖွဲ့နဲ့အတူ သိမ်းပိုက်ခဲ့ထားတာကြောင့် လက်ရှိ မြို့ပေါင်း ၁၁ မြို့အထိ သိမ်းထားပါတယ်။ MNDAA ကလည်း ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းမှာ မြို့ခုနစ်မြို့ကို သိမ်းပိုက်ထားသလို ဒုတိယပိုင်း ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၃ ရက်နေ့မှာ လားရှိုးမြို့ကို ထပ်မံသိမ်းပိုက်ခဲ့ပါတယ်။
UWSA "၀" တပ်ဖွဲ့ကတော့ ဟိုပန်နဲ့ ပန်လုံကို သိမ်းပိုက်ထားပြီး တန့်ယန်းမြို့ကိုတော့ ထိန်းချုပ်ထားပါတယ်။ မိုးမိတ်နဲ့ကပ်ရပ် မဘိမ်းမြို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA က သိမ်းပိုက်ထားပြီး မိုင်းရယ်မြို့ကို ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA က ထိန်းချုပ်ထားထားပါတယ်။
လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းတစ်ခုလုံးမှာ သီပေါ၊ မူဆယ်နဲ့ နမ့်လန်မြို့သုံးမြို့မှာသာ စစ်ကောင်စီ အုပ်ချုပ်မှုယန္တရား လည်ပတ်နိုင်ပြီး ကျန်တဲ့ မြို့တွေကိုတော့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ TNLA၊ MNDAA၊ UWSA၊ SSPP/SSA တပ်တွေ ထိန်းချုပ်ထားတာဖြစ်ပါတယ်။