ယူအေအီးနဲ့ အိုမန်ရောက် မြန်မာမိန်းကလေး ၁၀၀ ခန့် တောင်းရမ်းစားသောက်နေရ

2022.10.17
Share on WhatsApp
Share on WhatsApp
ယူအေအီးနဲ့ အိုမန်ရောက် မြန်မာမိန်းကလေး ၁၀၀ ခန့် တောင်းရမ်းစားသောက်နေရ ၂ဝ၂၂ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့က ရန်ကုန်လေဆိပ်ကို ပြန်လည်ရောက်ရှိလာကြသော ဒူဘိုင်းတွင် လူကုန်ကူးခံခဲ့ရသည့် မြန်မာအမျိုးသမီးများ။
Photo: Myanmar Military

"ဒီနေရာလေးကလေ ညီမလေးတို့ နေတဲ့ နေရာလေးမှာပေါ့လေ။ အမြဲတမ်း ဒီနေရာ လေးမှာ တောင်းစားရတာ ပေါ့။ အစားလေးနည်းနည်းလောက် ကျွေးပါဆိုပြီး၊ ကားတွေ ဘာတွေ ဖြတ်သွားရင် တောင်းတာ၊ ဒီအဆောင် နားမှာကျတော့ ခဏတဖြုတ် နေခွင့် ပေးပါဆိုပြီး တောင်းနေကြတာပေါ့၊ ဒီမှာကျတော့ ယောက်ျားလေးရော၊ မိန်းကလေးရော စုနေတာ၊ ယောက်ျားလေးတွေ ရှိပေမယ့်လည်း အဲဒီလိုပဲ တောင်းစားရတယ်"

ဒါကတော့ ဒူဘိုင်းမြို့ကို ရောက်နေတဲ့ ပဲခူးတိုင်း၊ ကဝမြို့နယ်က မြန်မာအမျိုးသမီးတစ်ဦး ဖြစ်တဲ့ မနွယ်က သူ လက်ရှိ ကြုံနေရတဲ့ အခက်အခဲတချို့ကို ပြောပြသွားတာပါ။

သူ့လိုပဲ UAE အာရပ်စော်ဘွားများနိုင်ငံကို အိမ်အကူအဖြစ် ရောက်ရှိနေကြတဲ့ မြန်မာ အမျိုးသမီးတွေထဲက အမျိုးသမီး ၁၀၀ လောက်ဟာ ဒူဘိုင်းမြို့က ဘာသာရေးအဆောက် အအုံတွေမှာ အလှူရှင်ရှိတဲ့ နေ့တိုင်း သွားရောက်ပြီး တောင်းရမ်း စားသောက်နေရတယ်လို့ ပြောပါတယ်။ သူတို့အများစုရဲ့ နိုင်ငံကူးလက်မှတ်တွေကို ပွဲစားတွေက သိမ်းယူထားတာ ကြောင့် သူတို့ဟာ တရားမဝင် နိုင်ငံခြားသားတွေအဖြစ် ပုန်းကွယ်နေထိုင် ကြရတာပါ။

မိသားစု စီးပွားရေးကျပ်တည်းမှုတွေနဲ့ အလုပ်အကိုင်ရှားပါးမှုတွေကြောင့် တစ်လကို ကျပ် သိန်းဆယ်ဂဏန်း ရမယ်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ အိုမန်နဲ့ UAE နိုင်ငံ ဒူဘိုင်းမြို့ကို အိမ်အကူအဖြစ် ရောက်လာခဲ့ကြပေမယ့် အဆင်မပြေမှုတွေကိုသာ ဆက်တိုက်ကြုံနေရ တယ်လို့ သူတို့က ဆိုပါတယ်။

"ပုံမှန် မစားရဘူး၊ တစ်ခါတလေ တစ်ရက်၊ တစ်ခါတလေ လေးငါးရက်နေမှ စားရတာ"

နေ့ဘက်ဆို တချို့က ဗလီမှာ၊ တချို့က လမ်းကြားမှာ တောင်းရမ်းစားသောက်ပြီး ညဘက်ဆိုရင်တော့ လူမရှိတဲ့ ပန်းခြံနဲ့ တိုက်ကြိုတိုက်ကြားတွေမှာ လိုက်အိပ်လေ့ ရှိတယ်လို့ အိုမန်ကနေတစ်ဆင့် ဒူဘိုင်းမြို့ကို ရောက်ရှိနေတဲ့ မနွယ်က ပြောပါတယ်။

"ညီမတို့ ဗလီကျောင်းကို သွားတယ်၊ သွားလို့ရှိရင် နေ့ထူးနေ့မြတ်တွေဆို ဝတ်ပြု ဆုတောင်းကြတယ်လေ၊ အဲဒီလိုဆို သူတို့လိုပဲ လိုက်ဆုတောင်း၊ ဘုရား လိုက်ရှိခိုးတာ ပေါ့နော်၊ အဲဒီလိုဆို သူတို့က စားဖို့သောက်ဖို့ ပေးတယ်၊ အလှူငွေတွေ ပေးတယ်၊ ပိုက်ဆံတွေ တောင်းရတာပေါ့။ ရေဆိုရင်လည်း မကောင်းတဲ့ ရေတွေ သောက်ရတော့ ဝမ်းတွေသွားတယ်။ ဆေးဖိုးတွေ ဘာတွေ မရှိတော့ အိပ်နေကြတာပေါ့။ တောင်းလို့ရ တဲ့အခါ သူငယ်ချင်းတွေစုပြီး စားကြတာပေါ့။ အမြဲတောင်းလို့ရတာတော့ မဟုတ်ဘူး။ အဆင်ပြေတဲ့ အချိန်လည်း ရှိတယ်။ မပြေတဲ့အချိန်လည်း ရှိတယ်"

အသက်၂၅ နှစ်အရွယ် မနွယ်ဟာ အခုနှစ် မေလ ၁၅ ရက်နေ့က ဒူဘိုင်းမြို့ကို အိမ်အကူ အဖြစ် ရောက်သွားပေမယ့် လပိုင်းအကြာမှာပဲ အိမ်ရှင်နဲ့ ပွဲစားတွေရဲ့ နှိပ်စက်တဲ့ဒဏ် ကြောင့် ထွက်ပြေးနေရတာပါ။ သူ့မှာ နိုင်ငံကူးလက်မှတ် လည်း မရှိပါဘူး။

အိမ်အကူအလုပ်နဲ့ ဒူဘိုင်းမြို့ကို ရောက်သွားသူတိုင်း ဒူဘိုင်းလေဆိပ်ရောက်တာနဲ့ ပွဲစားက နိုင်ငံကူးလက်မှတ်ကို သိမ်းယူလိုက်ပြီး၊ အိမ်အကူလုပ်ရမယ့် အိမ်ရှင်ကို ရှာမတွေ့မချင်း မဝရေစာပဲ ကျွေးပြီး အခန်းထဲမှာ ပိတ်လှောင် ထားတယ်လို့ မြန်မာမိန်းကလေးတွေက ပြောပါတယ်။

အဲဒီထဲမှာ မွန်ပြည်နယ်၊ ပေါင်မြို့နယ်က အသက် ၃၃ နှစ်အရွယ် မဖြူဖြူဌေး လည်း ပါဝင်ပါတယ်။ သူလည်း အိမ်ရှင်ရဲ့ ဒဏ်ကို မခံနိုင်လို့ ထွက်ပြေးနေရပြီး နိုင်ငံကူး လက်မှတ်ပြန်ရဖို့ ဒူဘိုင်းက အစိုးရဌာနတွေကို အကူအညီ သွားတောင်းခဲ့ပေမယ့် ငြင်းဆိုခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဒူဘိုင်းမြို့ကို မျှော်လင့်ချက်တွေနဲ့ စိတ်ကူးယဉ်ပြီး ရောက်လာခဲ့ပေမယ့်လက်တွေ့ မှာတော့ မြန်မာအမျိုးသမီး အများစုဟာ ဒုက္ခပင်လယ် ဝေနေကြရတယ်လို့ မဖြူဖြူဌေး က ပြောပါ တယ်။

"ပုံမှန် မစားရဘူး၊ တစ်ခါတလေ တစ်ရက်၊ တစ်ခါတလေ လေးငါးရက်နေမှ စားရတာ၊ အရမ်းဗိုက်ဆာတဲ့ အခါကျတော့လေ မလှုပ်နိုင်ဘူး၊ အစားစားရင်တောင် ဟိုကြည့် ဒီကြည့်ပြီး စားနေရတယ်၊ ကိုယ့်ကိုယ်ကိုယ်တောင် မနည်းထိန်းနေရတဲ့ အခြေအနေမျိုး၊ အရင် တွေ့ဖူးတဲ လူတွေဆိုရင် သူတို့ရဲ့စားဝတ်နေရေးကို မဖြေရှင်းနိုင်တဲ့ အခါကျတော့ ဖြေရှင်း နိုင်တဲ့ နည်းတွေကို သုံးကြတယ်၊ အရမ်းကျပ်တည်း လာတဲ့အခါကျတော့ သူတို့မှာ ကြံရာမရ ဖြစ်ကြတယ်၊ အဲဒီတော့ ပျက်စီးတဲ့ မိန်းကလေးတွေလည်း ပျက်စီး သွားကြတယ်ပေါ့"

အလှူရှင်ရှိရင် သုံးပြည်ဆန်အိတ် တစ်အိတ်၊ ဆီနှစ်ဆယ်သား တစ်ဘူးနဲ့ ခေါက်ဆွဲခြောက် ထုပ် တစ်ထုပ် ရတာကြောင့် ချွေတာပြီး စားသောက်ရင် နှစ်ပတ်စားရတယ်လို့ ဆိုပါတယ်။

အလွန်ငယ်ရွယ်တဲ့ မိန်းကလေးတွေဆိုရင် အိမ်ရှင်အမျိုးသားတွေရဲ့ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခံရတာကြောင့် ပွဲစားတွေကို တိုင်ပေမယ့် အရေးယူနိုင်တာမျိုး မရှိသလို၊ တာဝန်ယူ ဖြေရှင်းပေးတာမျိုးလည်း မရှိဘူးဘူးလို့ မဖြူဖြူဌေးက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မဖြူဖြူဌေးကို ဒူဘိုင်းမှာ အလုပ်သွားလုပ်နိုင်အောင် ဆက်သွယ် ပေးခဲ့တဲ့ ရန်ကုန်မြို့က ပွဲစားတစ်ဦးဖြစ်တဲ့ ပွဲစား မနွေအိကို ကို RFA က ဆက်သွယ် မေးမြန်းတဲ့အခါ မဖြူဖြူဌေးဟာ ဒူဘိုင်းမှာ ဒုက္ခရောက်နေတယ်ဆိုရင် အဲဒီကိစ္စဟာ သူနဲ့ မသက်ဆိုင်ဘဲ ဒူဘိုင်းမှာရှိတဲ့ ပွဲစားတွေနဲ့သာ သက်ဆိုင်တယ်လို့ တုံ့ပြန်ငြင်းဆိုပါတယ်။

"သူက Passport ပြန်လိုချင်တယ်၊ ညီမကပြောတယ် အစ်မရဲ့ အေဂျင်စီတွေဆီ သွား၊ ညီမနဲ့ ဟိုဘက်နဲ့ တိုက်ရိုက် ဆက်သွယ်ပြီး လုပ်ထားတဲ့ အလုပ်မဟုတ်ဘူး။ ကြားထဲမှာ သူတို့ကို လုပ်ပေးထားတဲ့သူရှိတယ်။ သူက ညီမအိမ် ကနေ ထွက်သွားတာပဲရှိတယ်၊ ညီမက တာဝန်ခံပြီးလုပ်ပေးထားတာ မဟုတ်တော့ အဲဒီအေဂျင်စီတွေကို ဆက်သွယ်၊ နောက် သူသွားတဲ့အေဂျင်စီတွေကို ဆက်သွယ်ပြီးတော့ ဘယ်လို အကျိုးအကြောင်းလဲ ဆိုတာကို ညီမက မေးခိုင်းတယ်။ သူကလေ မြန်မာပြည်ကို ပြန်လာချင်တာ မဟုတ်ဘူး။ သူဒုက္ခ ရောက်နေတာလည်း မဟုတ်ဘူး။ သူက Passport ပဲ ပြန်လိုချင်နေတာ"

မြန်မာနိုင်ငံက အမျိုးသမီးငယ်တွေဟာ ယူအေအီးနဲ့ အိုမန်နိုင်ငံကို သွားချင်ရင် တစ်ဦးကို ကျပ်ငွေ လေးသိန်း ကနေ ဆယ်သိန်းအထိ ရန်ကုန်က ပွဲစားကို ပေးရလေ့ရှိတယ်လို့ ကာယကံရှင် မိန်းကလေးတွေက ပြောပါတယ်။

RFA ကို ဆက်သွယ်လာတဲ့ အမျိုးသမီးအများစုရဲ့ ပြောဆိုချက်တွေအရ ဒူဘိုင်းနဲ့ အိုမန် ကိုရောက်တဲ့အခါ ရန်ကုန်က ပွဲစားတွေ ပြောပြလိုက်သလို မဟုတ်ဘဲ ကြုံတွေ့ရတဲ့ အခြေအနေတွေဟာ ခက်ခဲလွန်းတယ်လို့ ဆိုပါတယ်။ အိမ်အကူ မိန်းကလေးတွေဟာ လစာငွေနည်း၊ နားရက်မရ၊ အလုပ်ချိန် များလွန်းပြီး နေ့စဥ် အစားအသောက်ကိုတောင် ဝဝလင်လင် မစားရဘူးလို့ ပြောပါတယ်။

ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး မနွယ် ဒူဘိုင်းမှာ အိမ်အကူလုပ်နိုင်ဖို့ ဆက်သွယ်ပေးခဲ့တဲ့ အိုမန်နိုင်ငံက အလုပ်သမား အကျိုးဆောင်တစ်ဦးဖြစ်သူ မမေမီမီဇော် ကို RFA က ကြိုးစားဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။

dubai2.jpg
အာရပ်စော်ဘွားများနိုင်ငံ UAE၊ ဒူဘိုင်းလေဆိပ်ကို ရောက်ရှိလာသည့် ခရီးသည်များကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၈ ရက်နေ့က တွေ့ရစဉ်။ (Photo: GIUSEPPE CACACE / AFP)

စက်တင်ဘာ ၂၉ ရက်နေ့တုန်းကတော့ မနွယ်ရဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး မမေမီမီဇော် က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် အခုလို တုံ့ပြန်ထားပါတယ်။

“မြန်မာပြည်မှာထဲက ပြောလိုက်ပြီးသား၊ ဒူဘိုင်း အေးဂျင့် ရုံးရောက်ရင် အေးဂျင့်ရုံး တစ်ရုံးနဲ့ တစ်ရုံးမတူဘူး။ နင်တို့သွားရမယ့် ရုံးက တစ်ရက်ပဲ ဖုန်းပေးသုံးမယ်လို့၊ ကျန်တဲ့ရက်တွေ ဖုန်းသိမ်းမယ် မိသားစုကို တစ်ခါတည်း ပြောခဲ့လို့၊ ငါအတန်တန် မှာထားပြီးသား၊ နင်တို့ကို ငါမက်လုံးပေးပြီးတော့ လွှတ်လိုက်တဲ့သူရှိသလား၊ အလုပ် နှစ်နှစ် လုပ်ရမယ် အလည် ဗီဇာနဲ့သွားရမယ်၊ နှစ်နှစ်မပြည့်ဘဲနဲ့ မြန်မာပြည် ပြန်ချင် သော် လည်းကောင်း၊ ကျန်းမာရေးမကောင်းသော်လည်းကောင်း၊ အကြောင်းအမျိုးမျိုး ကြောင့် ပြန်ချင်သော်လည်းကောင်း၊ အိမ်ရှင်ကနေ ထွက်ပြေးသော်လည်းကောင်း၊ ရုံးကနေ ထွက်ပြေးသော်လည်းကောင်း၊ လျော်ရမယ်လို့ပြောလိုက်တယ်၊ နောက်ပြီး ဘာမှ မလုပ်ပေးဘူးလို့တောင် စကားထဲပြောလိုက်ပေးမယ့် နင်ထွက်ပြေးတယ်၊ ဒါပေမဲ့ ငါ လုပ်ပေးလား မလုပ်ပေးဘူးလားဆိုတာ ကိုယ့်ဘာသာသိပါလိမ့်မယ်”

မြန်မာ အိမ်အကူမိန်းကလေးတွေ ယူအေအီးနဲ့ အိုမန်နိုင်ငံမှာ အခက်အခဲမျိုးစုံ ကြုံတွေ့နေ ရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထား ရေး ဝန်ကြီးဌာနနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန တို့ကို RFA က ဒီနေ့ ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံ ဖြေဆိုခြင်း မရှိပါဘူး။

မြန်မာအမျိုးသမီးများ အဖွဲ့ချုပ် (WLB) ပြောရေးဆိုခွင့်ရှိသူ မနန်းမို့မို့ ကတော့ အရှေ့ အလယ်ပိုင်း နိုင်ငံတွေမှာ အခက်ခဲဖြစ်နေတဲ့ မြန်မာအိမ်အကူ မိန်းကလေးတွေကို လက်ရှိ စစ်ကောင်စီ တာဝန်ရှိသူတွေက ပြန်ခေါ်ဖို့ မကူညီနိုင်ဘူးဆိုရင်တောင် အမျိုးသားညီညွတ် ရေးအစိုးရ NUG က နည်းလမ်းရှာကူညီသင့်တယ်လို့ အကြံပြုပါတယ်။

"ကျမတို့ နိုင်ငံအနေနဲ့ဆိုရင် ဒီအချိန်မှာ ပြည်သူလူထုက ယုံကြည်တဲ့ အစိုးရတစ်ရပ်ဖြစ် တဲ့ အမျိုးသားညီညွတ် ရေး အစိုးရရှိနေတယ်၊ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ လူကုန်ကူးမှုနဲ့ သက်ဆိုင်တာတွေ လုပ်ဆောင်တာ ရှိမယ်ပေါ့၊ အဲဒီလိုပဲ NUG နဲ့ ဒူဘိုင်း ရောက် အရပ်ဘက် အဖွဲ့အစည်းတွေ ချိတ်ဆက်ပြီးတော့ သူတို့တွေကို ကူညီလို့ရတဲ့ နည်းတွေ ပူးပေါင်းဆောင်ရွက်ပြီး ကူညီလို့ ရမယ်လို့ မြင်ပါတယ်"

ဒူဘိုင်းမြို့မှာ အခက်အခဲကြုံနေရတဲ့ သမီးဖြစ်သူ မနွယ်ရဲ့ဖခင် ဦးပဥ္စင်း အရှင်ဇာတိက ကတော့ သမီးဖြစ်သူရဲ့ သတင်းတွေကို ကြားရပြီး နေ့စဉ်ရက်ဆက် စိတ်ဆင်းရဲနေတယ်လို့ မိန့် ပါတယ်။

"ပြန်လာစေချင်တာပေါ့ ကိုယ့်သားသမီးလေ ဒုက္ခတွေ့ရောက်နေတာ၊ အငတ်ငတ် အပြတ်ပြတ်နဲ့ နေထိုင်နေရတာ ကျန်းမာရေးလည်း မကောင်းဘူး၊ နေမကောင်းနေတာ ဆိုတော့၊ ဦးပဥ္စင်းလည်း ဆွမ်းလည်း မဘုဉ်းနိုင်ဘူး၊ ညခင်းဘက်တွေလည်း မအိပ်နိုင်နဲ့ သောကများနေရတာပေါ့၊ စိတ်ထဲလည်း မကောင်းဘူး၊ ရင်တွေလည်း မကောင်းဘူးပေါ့ နော်၊ မွေးအဖေ ဆိုတော့လည်း၊ ကျန်းမာရေးကလည်း မကောင်းဘူးဆိုတော့ ပိုစိုးရိမ်ရ တာပေါ့ မျက်ရည်ကျရတယ်”

အရှေ့အလယ်ပိုင်းဒေသကို ရောက်သွားတဲ့ အမျိုးသမီးတွေဟာ အလုပ်အဆင်မပြေလို့ ပြန်လာချင်တယ်ဆိုရင် ပွဲစားတွေကို လျော်ကြေးငွေ မြန်မာငွေ ကျပ် သိန်း ၇၀ နီးပါးနဲ့ ညီမျှ တဲ့ ဒူဘိုင်းငွေကြေး (AED) ခုနစ်ထောင်ကျော် ပေးနိုင်မှသာ ပြန်လာနိုင်မှာ ဖြစ်ပါတယ်။ ဒီငွေကို နောက်ပိုင်းမှာ ကျန်ရစ်တဲ့ မိဘဆွေမျိုးသားချင်းတွေရော သူတစ်ပါးနိုင်ငံမှာ ဒုက္ခ ရောက်နေတဲ့ မြန်မာမိန်းကလေးတွေကပါ ပြန်မလျော်နိုင်တဲ့အတွက် အိမ်လည်း မပြန်နိုင်၊ အလုပ်လည်း ဆက်မလုပ်နိုင်ဘဲ ဒုက္ခမျိုးစုံ ကြုံနေရတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။