စစ်ကောင်စီအပေါ် ပိုမိုပြင်းထန်စွာ အရေးယူဖို့ အာဆီယံကို လေ့လာသူတွေတိုက်တွန်း
2023.09.06

အာဆီယံဘုံသဘောတူညီချက် ငါးချက်ကို လိုက်နာ အကောင်အထည်ဖော်ခြင်းမရှိတဲ့ အာဏာသိမ်း မြန်မာစစ်ကောင်စီကို ၂၀၂၆ မှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌ မပေးရုံနဲ့ မလုံလောက်ဘဲ ဒီထက်ပိုပြင်းထန်တဲ့ အရေးယူ ပိတ်ဆို့ဒဏ်ခတ်မှုတွေလုပ်ဖို့ မြန်မာ့အရေး ပါဝင်လှုပ်ရှားနေသူတွေက တိုက်တွန်းလိုက်ပါတယ်။
၂၀၂၁ ဧပြီလကတည်းက သဘောတူထားတဲ့ အာဆီယံ ဘုံသဘောတူညီချက်တွေကို အခု သုံးနှစ်နီးပါးကြာတဲ့အထိ မြန်မာစစ်ကောင်စီက လက်တွေ့အကောင်အထည် မဖော်တဲ့အတွက် ဒီသဘောတူညီချက်တွေကို ပြန်သုံးသပ်ဖို့ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ ကျင်းပနေတဲ့ အာဆီယံထိပ်သီးညီလာခံမှာ စက်တင်ဘာ ၅ ရက်နေ့က ဆုံးဖြတ်လိုက်တာပါ။
အာဆီယံခေါင်းဆောင်တွေဟာ မြန်မာနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက် ၁၉ ချက်ကို မနေ့က ထုတ်ပြန်ခဲ့ပြီး အဲဒီအထဲမှာ ၂၀၂၆ မှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ကို မြန်မာစစ်ကောင်စီကို မပေးဖို့ဆိုတဲ့အချက် ပါဝင်ပါတယ်။
ဒါဟာ စစ်ကောင်စီအတွက် ထိုးနှက်ချက်တစ်ခု ဖြစ်တယ်လို့ စင်ပြိုင်အာဆီယံအဖွဲ့ တည်ထောင်သူနဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ချုပ် (FIDH) အတွင်းရေးမှူးချုပ် Debbie Stothard က ပြောပါတယ်။
"အာဆီယံက အာဏာသိမ်းစစ်ခေါင်းဆောင် (ဗိုလ်ချုပ်မှူးကြီး) မင်းအောင်လှိုင်ရဲ့ အာဆီယံ ညီလာခံ တက်ရောက်ခွင့်ကို ပိတ်ပင်ထားပြီး ဖြစ်ပါတယ်။ ဒါက တကယ့်ကို အရှက်ရစေတဲ့ လုပ်ရပ်ပါ။ စစ်ကောင်စီကတော့ သူတို့ ဂရုမစိုက်ဘူးဆိုတာကို ပြဖို့အတွက် အာဆီယံဥက္ကဋ္ဌတာဝန်ကို မလိုချင်ပုံ ပြပါလိမ့်မယ်။ ဒါက စစ်ကောင်စီ အတွက် ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခုပါပဲ၊ ဒါက အာဆီယံအနေနဲ့ စစ်ကောင်စီကို တရားဝင်အစိုးရအဖြစ် လက်မခံနိုင်ဘူးဆိုတာကို ထင်ရှားတဲ့ သတင်းစကား ပါးလိုက်တာပါ။ ဘာကြောင့်လဲဆိုတော့ စစ်ကောင်စီကို အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူဖို့ အာဆီယံက မထောက်ခံလို့ပါပဲ"
ဒါနဲ့တင် မလုံလောက်သေးဘဲ နိုင်ငံတကာက မြန်မာစစ်ကောင်စီကို အရေးယူဒဏ်ခတ် ပိတ်ဆို့မှုတွေ ထပ်လုပ်နိုင်အောင် အာဆီယံခေါင်းဆောင်တွေအနေနဲ့ ဖိအားပေးရမယ်လို့ Debbie Stothard က ဆက်ပြောပါတယ်။
"ဒါပေမဲ့ ဒါနဲ့တင် မလုံလောက်သေးပါဘူး။ အာဆီယံအနေနဲ့ မြန်မာနိုင်ငံက ပဋိပက္ခတွေ လျှော့ချနိုင်ရေးကို အမှန်တကယ် အလေးအနက်ထားဖို့ လိုအပ်ပါတယ်။ စစ်ကောင်စီက အရပ်သားပြည်သူတွေကို ဥပဒေမဲ့ သတ်ဖြတ်နေတာကို တားဆီးဖို့အတွက် စစ်လက်နက် ပိတ်ဆို့မှုတွေ၊ ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုတွေကို ထောက်ခံ အားပေးဖို့ လိုပါတယ်"
တစ်နှစ်တစ်ကြိမ် နိုင်ငံအမည်တွေရဲ့ အက္ခရာအစဉ်လိုက် အလှည့်ကျဥက္ကဋ္ဌတာဝန်ယူရတဲ့ အာဆီယံအဖွဲ့မှာ မြန်မာနိုင်ငံက ၂၀၂၆ ခုနှစ်အတွက် တာဝန်ယူရမှာပါ။ ဒါပေမဲ့ မြန်မာကို မပေးဘဲ ၂၀၂၇ မှာ တာဝန်ယူရမယ့် ဖိလစ်ပိုင်ကိုပေးဖို့ အာဆီယံခေါင်းဆောင်တွေက ဆုံးဖြတ်လိုက်တာပါ။
"အာဆီယံအနေနဲ့ မြန်မာနိုင်ငံက ပဋိပက္ခတွေ လျှော့ချနိုင်ရေးကို အမှန်တကယ် အလေးအနက်ထားဖို့ လိုအပ်ပါတယ်"
စစ်ကောင်စီကို အနောက်နိုင်ငံတွေသာမက အာဆီယံကပါ တရားဝင် အစိုးရအဖြစ် အသိအမှတ် မပြုတာက အထိနာစေတဲ့လုပ်ရပ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောပါတယ်။
"ဒီဟာက စစ်ကောင်စီအတွက် သံတမန်ရေးအရ အင်မတန်မှကြီးမားတဲ့ ထိုးနှက်ချက် တစ်ခု ဖြစ်တယ်။ ဒါကြောင့်လည်း သူတို့ အင်မတန် ဒေါပွနေကြတယ်ပေါ့နော်။ ဒီဟာက စစ်ကောင်စီရဲ့လုပ်ရပ်ကြောင့် ဒီအလှည့်ကျဥက္ကဋ္ဌကို မရတာဆိုတော့ သူတို့အရမ်း လိုချင်နေတဲ့ တရားဝင်အစိုးရဖြစ်မှုဆိုတဲ့ဟာက အာဆီယံမှာလည်း မရဘူး။ နိုင်ငံတကာမှာလည်း မရဘူး။ ဆိုတော့ သူတို့အတွက်က အင်မတန်မှ ထိခိုက်နစ်နာ စေပါတယ်"
အာဆီယံအနေနဲ့ စစ်ကောင်စီကို ဒီထက်ပိုပြီး ဖယ်ကြဉ်ထားတာမျိုး လုပ်သင့်တယ်လို့ ဦးကျော်ဇော်က ပြောပါတယ်။
အာဆီယံရဲ့ မနေ့ကထုတ်ပြန်ချက်ထဲမှာ စစ်ကောင်စီက အာဆီယံ ဘုံသဘောတူညီချက် တွေကို လက်တွေ့ အကောင်အထည်ဖော်ဖို့ ဆန္ဒမရှိဘူး၊ သိသာတဲ့ တိုးတက်ပြောင်းလဲမှု မရှိဘူးလို့ ဖော်ပြထားတာပါ။ ဒါပေမဲ့ မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းဖို့အတွက် ဘုံတူညီချက်တွေကို အဓိက ရည်ညွှန်းချက်အဖြစ် ဆက်လက်ထိန်းသိမ်းသွားမယ်လို့ ဆိုပါတယ်။
အာဆီယံအသင်းဟာ ဆုံးဖြတ်ချက်တွေကို မလိုက်နာဘဲ အကြမ်းဖက်မှုတွေ ဆက်လုပ်နေတဲ့ စစ်ကောင်စီကို အသိအမှတ်မပြုဘဲ NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင် တွေကို အသိအမှတ်ပြုကြောင်း တရားဝင် ထုတ်ပြန် လိုက်တာက မြန်မာ့အရေးအတွက် ပိုထိရောက်လိမ့်မယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။
"သံတမန်ရေးအရလည်း စစ်ကောင်စီအတွက် တုန်လှုပ်စရာ မဟုတ်ဘူး။ အာဆီယံ ဆုံးဖြတ်ချက် ငါးရပ်ကို အကောင်အထည် မဖော်ဘူးဆိုရင်၊ အဲလိုမှ မလုပ်ဘူးဆိုရင်၊ ဒီနှစ်ကုန်လို့မှ အကြမ်းဖက်မှုတွေ မရပ်ဘူးဆိုရင် စစ်ကောင်စီကို အာဆီယံက နေပြီးတော့ (စစ်ကောင်စီကို) အသိအမှတ်မပြုဘူး၊ NUG အစိုးရနဲ့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲတွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကို အသိအမှတ်ပြုတယ်လို့ ကြေညာလိုက်ရင် ပိုထိရောက်တဲ့ အနေအထားတစ်ခုကို ရောက်ရှိနိုင်တယ်လို့ ကျွန်တော်တော့ မျှော်လင့်ပါတယ်"
မြန်မာနိုင်ငံရဲ့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌနေရာကို ဖိလစ်ပိုင်က လွှဲပြောင်းယူဖို့ အာဆီယံခေါင်းဆောင်တွေက ဆုံးဖြတ်ခဲ့တာလို့ ညီလာခံတက်ရောက်ခဲ့တဲ့ သံတမန်တစ်ဦးကို ကိုးကားပြီး အေပီသတင်းဌာနက ဖော်ပြပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းခေါ်ခဲ့ ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
စစ်တပ်အရာရှိဟောင်းတွေနဲ့ စုဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦး ကတော့ အာဆီယံဥက္ကဋ္ဌတာဝန်ကို မြန်မာဘက်ကမယူဖို့ စပြီးငြင်းပယ်ထားတာလို့ RFA ကို ပြောပါတယ်။
"အာဆီယံဥက္ကဋ္ဌကို လွှဲပြောင်းတယ်ဆိုတာ ဒီဘက်ကလွှဲပြောင်းတာ ကျွန်တော်တို့ သိထားသလောက်ကတော့။ ဒီဘက်က လွှဲပြောင်းတာဖြစ်တဲ့အတွက်ကြောင့် ပြောရရင်တော့ ဒီဘက်မှာ လုပ်ရမယ့် လုပ်ငန်းစဉ်တွေ အများကြီးရှိတယ်။ အလုပ်တွေလည်း တော်တော်များများ လုပ်ရမှာဖြစ်တဲ့အတွက်ကြောင့် ဒါကို လွှဲပြောင်းထားတာလို့ ကျွန်တော်နားလည်တယ်။ နောက်တစ်ချက်ကတော့ အာဆီယံနဲ့ပတ်သက်ပြီး သူတို့ရဲ့ ထုံးစံအတိုင်း ဘာဖြစ်တယ်၊ ညာဖြစ်တယ် ပြောတာတော့ ဒါသူတို့ရဲ့ ပြောနေကျ ထုံးစံ၊ ပိုပြီးထူးခြားနေတဲ့ ကိစ္စလို့တော့ ပြောလို့ မရပါဘူး"
စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဘုံသဘောတူညီချက် ငါးချက်ကို ပြန်သုံးသပ်မယ်ဆိုတဲ့ အာဆီယံခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက်ကို ကန့်ကွက်ကြောင်း စက်တင်ဘာ ၅ ရက် မနေ့က ချက်ချင်း ကြေညာချက်ထုတ်ပြီး တုံ့ပြန်ထားပါတယ်။
မြန်မာနိုင်ငံအရေးကို ကိုင်တွယ်ဆောင်ရွက်ရာမှာ အာဆီယံရဲ့ လက်ရှိအလှည့်ကျဥက္ကဋ္ဌ၊ အရင်ဥက္ကဋ္ဌနဲ့ နောက်လာမယ့် ဥက္ကဋ္ဌ သုံးနိုင်ငံပေါင်းပြီး ဆက်လက်လုပ်ဆောင်သွားဖို့ ဆုံးဖြတ်ထားတယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်တနို မာဆူဒီက ပြောဆိုကြောင်း ဒီရက်ပိုင်းရရှိတဲ့ နိုင်ငံတကာသတင်းတွေက ဖော်ပြပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ လက်ရှိအလှည့်ကျဥက္ကဋ္ဌအဖြစ် သူတာဝန်ယူထားရတဲ့ တစ်နှစ်အတွင်း နောက်ဆုံး ပြုလုပ်ရမယ့် ထိပ်သီးညီလာခံကို စက်တင်ဘာ ၅ ရက်ကနေ ၇ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ကျင်းပနေတာပါ။ ဒီဆွေးနွေးပွဲမှာ မြန်မာနိုင်ငံကပြဿနာတွေဟာ အဓိက အခန်းကဏ္ဍကနေ ပါဝင်နေပြီး မနက်ဖြန် ညီလာခံနောက်ဆုံးရက်မှာ ဆုံးဖြတ်ချက်တွေ ထပ်မံထုတ်ပြန်ဖို့ ရှိနေပါတယ်။