ကန်-အာဆီယံ ဆွေးနွေးပွဲမှာ စစ်ကောင်စီ ပါနိုင်မလား

အမေရိကန်ပြည်ထောင်စု မြို့တော်ဝါရှင်တန်ဒီစီမှာ မေလ ၁၂ ရက်ကနေ ၁၃ ရက်နေ့အထိ အမေရိကန်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ဖို့ စီစဥ်ထားပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကိုယ်တိုင် အိမ်ရှင်အဖြစ် လက်ခံဆွေးနွေးမယ့်အကြောင်း အိမ်ဖြူတော်က ဧပြီလ ၁၆ ရက် စနေနေ့က သတင်းထုတ်ပြန်ပါတယ်။
ဒီဆွေးနွေးပွဲကို အမေရိကန်-အာဆီယံ ဆက်ဆံရေး ၄၅ နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ ပြုလုပ်မှာဖြစ်ပြီး နှစ်ဖက် အကျိုးတူကိစ္စတွေအပြင် စစ်တပ်က အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေ၊ တောင်တရုတ် ပင်လယ် အရေးကိစ္စနဲ့ ရုရှ-ယူကရိန်း အရေးကိစ္စတွေကို ဆွေးနွေးကြမှာပါ။
အိမ်ရှင်ဖြစ်တဲ့ အမေရိကန်ဘက်က သမ္မတဂျိုးဘိုင်ဒင်ကိုယ်တိုင် လက်ခံကျင်းပ စီစဉ် ထားတာကြောင့် အာဆီယံနိုင်ငံတွေဘက်ကလည်း အဆင့်မြှင့်ကိုယ်စားလှယ်တွေ တက်ရောက်မယ့်အကြောင်း လက်ရှိ အလှည့်ကျဥက္ကဋ္ဌ ဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံက သတင်းထုတ်ပြန်ထားပါတယ်။
ဒီထိပ်သီးဆွေးနွေးပွဲအတွက် သူတို့ဆီကို တရားဝင်ဖိတ်ကြားလာတာ မရှိသေးဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက RFA ကို မနေ့က ပြောပါတယ်။
"ကျနော်တို့ဆီကိုတော့ အခုအချိန်အထိ တရားဝင်ဖိတ်ကြားတာ မရှိသေးပါဘူး။ ကျနော်တို့ သိရသမျှလည်း တခြား နိုင်ငံတွေကိုလည်း ဒါတရားဝင်ဖိတ်ကြားတာ မရှိသေးဘူလို့လည်း သိရပါတယ် ”
ဖိတ်မယ်ဆိုရင်လည်း နိုင်ငံရေးအရအဆင့်တူကို ဖိတ်မှသာ တက်ရောက်မှာဖြစ်ပြီး၊ အရင်လို နိုင်ငံရေးရာထူးမရှိသူကိုဘဲ အဆင့်နှိမ့်ပြီး ဖိတ်ကြားမယ်ဆိုရင် လုံးဝတက်မှာ မဟုတ်ဘူးလို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
အိမ်ဖြူတော်ရဲ့ ဧပြီ ၁၆ ရက် ထုတ်ပြန်ချက်မှာ မြန်မာစစ်ကောင်စီ ထိပ်တန်းတာဝန်ရှိသူ တွေကို ဖိတ်၊ မဖိတ် ရှင်းရှင်းလင်းလင်း ပြောမထားပေမယ့် ပြီးခဲ့တဲ့ မတ်လ ပထမအပတ် တုန်းကတော့ နိုင်ငံရေးနဲ့ မပတ်သက်တဲ့ မြန်မာကိုယ်စားလှယ်ကိုပဲ ဖိတ်ကြားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ပြောထားပါတယ်။
မြန်မာနိုင်ငံက အခြေအနေတွေနဲ့ ပတ်သက်ရင် ပြီးခဲ့တဲ့နှစ် ဧပြီလ ၂၄ ရက်နေ့က သဘော တူခဲ့တဲ့ အာဆီယံဘုံ သဘောတူညီချက် ငါးချက်ကို စစ်ကောင်စီဘက်က အကောင်အထည် ဖော်ဖို့ ပျက်ကွက်နေတယ်ဆိုပြီး အာဆီယံ ထိပ်သီးအစည်းအဝေးတွေမှာ မြန်မာနိုင်ငံ ကိုယ်စားပြု အဆင့်မြင့်ကိုယ်စားလှယ် တက်ရောက်ခွင့်ကို ပိတ်ပင်ထားတာပါ။
အာဆီယံခေါင်းဆောင်တွေ ဆုံးဖြတ်ထားသလိုပဲ လာမယ့် အမေရိကန်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာလည်း မြန်မာနိုင်ငံကိုယ်စားပြု အဆင့်မြှင့်ကိုယ်စားလှယ်ကို ဖိတ်ခေါ်မှာ မဟုတ်ဘူးလို့ နိုင်ငံရေးလေ့လာသူ ဦးရဲထွန်းက ခန့်မှန်းပါတယ်။
“မြန်မာနဲ့ ပတ်သက်လို့ကတော့ အခုနောက်ဆုံး အာဆီယံရဲ့ ရပ်တည်ချက်က သဘောတူထားတဲ့ ငါးချက်ကို အကောင်အထည်မဖော်လို့ဆိုပြီးတော့ အပြင်းထန်ဆုံး အရေးယူထားချက်ကတော့ နစကခေါင်းဆောင်ကို သူတို့ ထိပ်သီးအစည်းအဝေးမှာ မဖိတ်တာပေါ့နော်။ မဖိတ်တာဆိုတော့ အခု အမေရိကန်-အာဆီယံ ထိပ်သီး အစည်း အဝေးမှာလည်း ဖိတ်မယ့်အလားအလာတော့မရှိဘူး။ ဖိတ်မယ်မထင်ဘူး။ အဲဒီဆွေးနွေး ပွဲမှာတော့ မြန်မာ့အရေးနဲ့ ပတ်သက်ရင် ထပ်ပြီးတော့ သဘောတူထားတဲ့ငါးချက်ကို အကောင်အထည်ဖော်လို့ ဘာတွေ ထပ်ဖိအားပေးသင့်သလဲ ဆိုတာမျိုးတွေပေါ့ အဲဒါမျိုးတော့ ဆွေးနွေးနိုင်တယ် ”
"ကျနော်တို့ဆီကိုတော့ အခုအချိန်အထိ တရားဝင်ဖိတ်ကြားတာ မရှိသေးပါဘူး"
ခုခံသူမှန်သမျှကို ချေမှုန်းသွားမယ်ဆိုတဲ့ စစ်ကောင်စီဥက္ကဋ္ဌရဲ့ ပြောဆိုချက်ဟာ အားလုံး သဘောတူထားတဲ့ အာဆီယံဘုံသဘောတူညီချက်ငါးချက်ရဲ့ အဓိကအနှစ်သာရနဲ့ ကိုက်ညီ မှု မရှိတာကြောင့် နိုင်ငံတကာ အသိုက်အဝန်းရော အာဆီယံကပါ စစ်ကောင်စီကို ချဉ်းကပ် တဲ့ပုံစံ ပြောင်းသင့်ပြီလို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ရဲ့ အာဆီယံဆိုင်ရာ သံတမန် ဦးဘိုလှတင့်က ဆိုပါတယ်။
“သူတို့စစ်ကောင်စီအနေနဲ့က လက်ရှိနိုင်ငံရေးအရ အတိုက်အခံတွေနဲ့ တွေ့ဆုံဆွေးနွေး ညှိနှိုင်းဖို့ မရှိဘူး။ သူတို့ကို ဆန့်ကျင်နေတဲ့လူတွေ မှန်သမျှကို ချေမှုန်းသွားဖို့ပဲ ရှိတယ် ဆိုတဲ့ အပြောအဆိုအပေါ်မှာ လက်ရှိအာဆီယံရဲ့ ဘုံသဘောတူချက်ငါးချက်ရဲ့ အနှစ် သာရက အာဆီယံရဲ့ ကြားဝင်စေ့စပ်ဆောင်ရွက်ပေးမှုအရ သက်ဆိုင်တဲ့ ပါတီတွေ အားလုံးကြားထဲမှာ အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာရေး ဆိုတော့ မင်းအောင်လှိုင်ရဲ့ အဲဒီ ၂၇ ရက်နေ့ မိန့်ခွန်းနောက်ပိုင်းမှာ မြန်မာနိုင်ငံမှာ တွေ့ဆုံဆွေးနွေးပွဲတွေဖြစ်ဖို့ ကြိုးစားတယ်ဆိုတာ လုံးဝ ဆက်စပ်မှုမရှိတဲ့ ကြိုးပမ်း မှုတွေ ဖြစ်သွားပြီလို့ ပြောလို့ရတယ်။ ဒါကြောင့် ကျနော်တို့ တိုက်တွန်း နေတာကတော့ အာဆီယံနိုင်ငံများအနေနဲ့ရော သူ့ရဲ့ နိုင်ငံတကာစကားပြောဘက် မိတ်ဆွေတွေ အနေနဲ့ပါ အခြေအနေအရပ်ရပ်ကို ပြန်လည်သုံးသပ်ပြီးတော့ လက်တွေ့ကျတဲ့ ချဉ်းကပ်မှုတွေကို ကျနော်တို့စဉ်းစား ပြင်ဆင်ဖို့၊ အသစ်ပြန်လည်ပြီးတော့ တိုင်ပင်ညှိနှိုင်းပြီးတော့ ချမှတ်ဖို့ လိုအပ်ပြီဆိုတာ အာဆီယံကိုရော၊ နိုင်ငံတကာ မိသားစုကိုပါ ကျနော်တို့အနေနဲ့ တိုက်တွန်းနေပါတယ် ”
အမေရိကန်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး တိကျတဲ့အစည်းအဝေး အစီအစဉ်ကို မသိရသေးပေမယ့် အမေရိကန်နဲ့ အာဆီယံခေါင်းဆောင်တွေ တွေ့ဆုံတဲ့အခါ အာဆီယံဒေသအတွင်း အဓိကပြဿနာတစ်ခုလို ဖြစ်နေတဲ့ မြန်မာ့ရေးကို အလေး အနက်ထား ဆွေးနွေးလိမ့်မယ်လို့ ဦးဘိုလှတင့်က ခန့်မှန်းပါတယ်။
အိမ်ဖြူတော်ရဲ့ စနေနေ့ ထုတ်ပြန်ချက်မှာတော့ စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာ့ အကျပ်အတည်းအပေါ် အာဆီယံရဲ့ တုံ့ပြန်ဆောင်ရွက်မှု အခြေအနေကို ဆွေးနွေး သွားမယ်လို့ ပြောထားပါတယ်။
နိုင်ငံရေးသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုး ကတော့ လာ့မယ့် ကန်-အာဆီယံ အစည်းအဝေးမှာ မြန်မာအရေးနဲ့ ပတ်သက်ပြီး ပါဝင်သင့်တဲ့ ခေါင်းဆောင်တွေအားလုံးနဲ့ တွေ့ဆုံဆွေးနွေးရေးဆိုတဲ့ အဓိကအချက်ကို ထပ်ပြီးတောင်းဆိုဆွေးနွေးတာတွေ ရှိလာ နိုင်ပေမယ့် စစ်ကောင်စီဘက်ကတော့ လိုက်လျောမှာ မဟုတ်ဘူးလို့ မြင်ပါတယ်။
“တက်ခွင့်ရဖို့ မလွယ်ဘူးလို့ ကျနော်မြင်တယ်။ ဘာလို့လဲဆိုတော့ အမေရိက က Burma Act ထွက်ထားတဲ့ ဟာမှာ အဲဒီစစ်တပ်နဲ့ မချိတ်ဆက်ဖို့၊ နောက် စစ်တပ်နဲ့ မပတ်သက်ဖို့ ဆိုတဲ့ဟာတွေ အတိအလင်းပေါ့နော် ပြဋ္ဌာန်းတာတွေရှိတယ်။ အဲတော့ အမေရိကန်ရဲ့ မူဝါဒအားဖြင့်တော့ ဒီစစ်တပ်နဲ့ ညှိနှိုင်းဆွေးနွေးတာ ပတ်သက်တာ လုပ်ဖြစ်ဖို့ အားသန်မှာတော့ မဟုတ်ဘူး။ အာဆီယံဘုံသဘောတူညီချက်ငါးချက်ကို အကောင်အထည်ဖော်မယ်ဆိုရင် ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တခြားရွေးကောက်ခံ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ဆိုတဲ့ အချက်က ပါမှာပဲ။ နောက် ဒီအချိန်မှာ တိုက်ခိုက်မှုတွေဖြစ်နေတဲ့ အင်အားစုက ခေါင်းဆောင်တွေကိုလည်း တွေ့ဆုံဆွေးနွေးဖို့ဆိုတဲ့ဟာ သူတို့တောင်းဆိုမှာပဲ။ တောင်းဆိုရင် ကျနော်ထင်တယ် ဒီဘက်စစ်တပ်ဘက်ကလည်း အဲဒီဟာတွေကို လိုက်လျောဖို့အတွက် ဒီအချိန်မှာတော့ အဆင့်သင့်ဖြစ်ဦးမှာမဟုတ်ဘူး”
ဒီထိပ်သီးဆွေးနွေးပွဲနဲ့ပတ်သက်ပြီး ဆွေးနွေးမယ့်ရက်ကို လက်ရှိအာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ရုံးဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံကလည်း ဧပြီ ၁၇ ရက် တနင်္ဂနွေနေ့ကပဲ အတည်ပြု ထုတ်ပြန်ထားပါတယ်။
ရှေ့လ ၁၂ ရက်နေ့မှာ စတင်ကျင်းပမယ့် အမေရိကန်- အာဆီယံထိပ်သီးဆွေးနွေးပွဲဟာ ၂၀၁၆ ခုနှစ်ကစလို့ အမေရိကန်နဲ့ အာဆီယံအကြား ဒုတိယအကြိမ် ကျင်းပတဲ့ အထူးအစည်းအဝေး ဖြစ်ပါတယ်။ မေလ-၁၂ ရက် အစည်းအဝေးဟာ အမေရိကန်နဲ့ အာဆီယံ ထိပ်သီးခေါင်းဆောင်တွေ ၂၀၁၇ ခုနှစ်နောက်ပိုင်း လူကိုယ်တိုင်တက် ရောက် ဆွေးနွေးကြမယ့် ပထမဆုံး အစည်းအဝေး ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂ဝ၂၁ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့က ကျင်းပခဲ့တဲ့ အမေရိကန်-အာဆီယံ အစည်းအဝေးကိုတော့ အွန်လိုင်းကတစ်ဆင့် ကျင်းပခဲ့ပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် အွန်လိုင်းကနေ တက်ရောက် ဆွေးနွေးခဲ့ပါတယ်။