အမေရိကန်၊ ဗြိတိန်၊ ကနေဒါနဲ့ သြစတြေးလျတို့က စစ်ကောင်စီကို ပိတ်ဆို့မှုအသစ် ထပ်မံချမှတ်

စမ်းစမ်းတင်(ဝါရှင်တန်ဒီစီ)
2023.01.31
အမေရိကန်၊ ဗြိတိန်၊ ကနေဒါနဲ့ သြစတြေးလျတို့က စစ်ကောင်စီကို ပိတ်ဆို့မှုအသစ် ထပ်မံချမှတ် ၂ဝ၂၂ ခုနှစ် အောက်တိုဘာလက ပြင်ဦးလွင်စစ်တက္ကသိုလ်ကို ရောက်ရှိလာသည့် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်။
Myanmar Military

အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ သြစတြေးလျနဲ့ ဗြိတိန်နိုင်ငံတွေက စစ်ကောင်စီကို ထပ်မံပိတ်ဆို့အရေးယူလိုက်တယ်လို့ စစ်အာဏာသိမ်းနှစ်နှစ်ပြည့်အကြို ဇန်နဝါရီ ၃၁ ရက်မှာ ကြေညာလိုက်ပါတယ်။

စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ သတ္တုတွင်းလုပ်ငန်း၊ စွမ်းအင်ဆိုင်ရာ တာဝန်ရှိသူတွေ၊ လက်ရှိ စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ စစ်ဘက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်ဟောင်းတွေကို အရေးယူဒဏ်ခတ်တဲ့အကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောပါတယ်။

သြစတြေးလျနိုင်ငံကတော့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းအပါအဝင် စစ်တပ်နဲ့ ဆက်နွှယ်တဲ့ ပုဂ္ဂိုလ် ၁၆ ယောက်ကို ဒဏ်ခတ်ပိတ်ဆို့အရေးယူတယ်လို့ ကြေညာလိုက်ပါတယ်။

ဒါ့အပြင် မြန်မာစစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီလိမိတက် (MEHL) နဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC)တို့ကိုလည်း ပိတ်ဆို့အရေးယူလိုက်ပါတယ်။

ဒီလို ကမ္ဘာ့နိုင်ငံကြီးတွေက ညှိနှိုင်းပြီး အရေးယူဒဏ်ခတ်တာကို NUG အမျိုးသားညီညွတ်ရေးအစိုးရ ပြောခွင့်ရသူ ဦးကျော်ဇော်က ကြိုဆိုလိုက်ပါတယ်။

“ကမ္ဘာ့အင်အားကြီး အမေရိကန်၊ ကနေဒါ၊ သြစတြေးလျနဲ့ ဗြိတိန်တို့က ညှိနှိုင်းပြီး အကြမ်းဖက်စစ်ကောင်စီ တာဝန်ရှိသူတွေ၊ နောက်ပြီးတော့ ထူးခြားတာက လေယာဉ်ဆီတင်သွင်းတာကို ကနေဒါနိုင်ငံက ပိတ်ပင်တာ၊ သူတို့ရဲ့တာဝန်ရှိပုဂ္ဂိုလ်တွေ စစ်ရာဇဝတ်မှုကျူးလွန်တာ။ ပြည်သူတွေပေါ် အကြမ်းဖက်မှုကျူးလွန်တဲ့ စစ်ဗိုလ်ချုပ်တွေကို အရေးယူတာ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေး အစိုးရက ကြိုဆိုပါတယ်။”

အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီက မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ဦးလှဘုန်းမြင့်ကတော့ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကို လက်မခံတဲ့အကြောင်း သင်္ကေတပြတာလို့ သုံးသပ်ပါတယ်။

“အဓိက အရေးကြီးတာက နှစ်ချက်ပဲ ပါတယ်။ နံပါတ်တစ်က UEC ပေါ့။ စကစ ရွေးကောက်ပွဲကောင်မရှင်က ၂၀၂၀ ရွေးကောက်ပွဲကို အသိအမှတ်မပြုဘဲ ရွေးကောက်ပွဲ ပြန်လုပ်မယ့် လုပ်ငန်းဆောင်တာတွေကို သဘောမတူတဲ့အကြောင်း သင်္ကေတပြတဲ့ သဘောလို့ ကျွန်တော်တို့ သုံးသပ်တယ်။ နံပါတ်နှစ်အနေနဲ့ ထူးထူးခြားခြား MOGE ရဲ့ ခေါင်းဆောင်ပိုင်းပေါ့။ MOGE ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူးနဲ့ ဒု ဦးဆောင်ညွှန်ကြားရေးမှူးတို့ကို ထည့်လိုက်တာက ထူးခြားတဲ့ ဖြစ်စဉ်လို့ သုံးသပ်လို့ရတယ်။ MOGE ကို အဖွဲ့အစည်းတစ်ခုလုံးအနေနဲ့ sanction ချဖို့ တွန်းနေတာက ယူအက်စ်တစ်ခုတည်းတင်မကဘူး။ နိုင်ငံတကာ အသိုင်းအဝိုင်းကပါ တွန်းနေတာ ကြာပြီ ဖြစ်တယ်။ ဒါပေမယ့် MOGE ကို ချလိုက်ရင် သက်ရောက်မယ့် သက်ရောက်မှုက မြန်မာပြည် အတွင်းတင်မကဘဲ အထူးသဖြင့် ထိုင်းနိုင်ငံအထိပါ သက်ရောက်မှု ရှိနိုင်တယ် ဆိုပြီး ပြန်ပြီး တွန်းနေတဲ့၊ အာဆီယံ အတွင်းက အဖွဲ့အစည်းအချို့နဲ့ အခြားသော စီးပွားရေးအဖွဲ့အစည်းတွေပါ ရှိနေတာ ကျွန်တော်တို့ သိရတယ်။ အဲဒီအတွက်ကြောင့် MOGE ကို အခုအချိန်အထိ အဖွဲ့အစည်းလုံး ဆိုင်ရာ sanction ပြစ်ဒဏ်ချမှတ်မှုကို မလုပ်သေးတာဖြစ်တယ်”

စစ်ကောင်စီရဲ့ စွမ်းအင်ဝန်ကြီး ဦးမျိုးမြင့်ဦးဟာ နိုင်ငံတကာနဲ့ ပြည်တွင်းစွမ်းအင်ကဏ္ဍတွေမှာ ဆက်စပ်ပတ်သက်ပြီး ရေနံနဲ့ သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေးနဲ့ ပြည်ပတင်ပို့ရေးတွေကို စီမံခန့်ခွဲတဲ့အတွက် အမေရိကန်က အရေးယူတာပါ။

27503383_1592258907561635_6654856358639906857_o.jpg
၂ဝ၁၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် မိတ္ထီလာတပ်နယ်ရှိ စစ်ရေးပူးပေါင်းလေ့ကျင့်ရေးမြင်ကွင်း။ (Photo: Myanmar Military)

MOGE မြန်မာ့စွမ်းအင်နဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မင်းနဲ့ ဒု- ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်းမင်းတို့ စစ်ကောင်စီဝင်ငွေရမယ့် လုပ်ငန်းတွေ လည်ပတ်ရေးနဲ့ စီမံခန့်ခွဲရေးမှာ တိုက်ရိုက်ပတ်သက်တဲ့အတွက် အရေးယူပါတယ်။ သတ္တုတွင်းလုပ်ငန်း အမှတ် ၁ နဲ့ အမှတ် ၂ ကို လည်း ဒဏ်ခတ်အရေးယူတဲ့ စာရင်းမှာ ပါရှိပါတယ်။

အရပ်သားတွေကို လေကြောင်းကတိုက်ခိုက်တဲ့နေရာမှာ တာဝန်ရှိတဲ့ လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ စစ်ဗိုလ်ချုပ်ဟောင်း ဦးလှဆွေ ခေါ် ဘူးလက်လှဆွေ၊ စစ်တပ်နဲ့ နီးစပ်တဲ့ စီးပွားရေး လုပ်ငန်းရှင် ဦးတေဇရဲ့သမီး ထူးထွေးတေဇတို့လည်း ဒဏ်ခတ်ပိတ်ဆို့တဲ့ စာရင်းမှာ ပါဝင်ပါတယ်။

27625336_1592259044228288_4537637770202099856_o.jpg
မန္တလေးတိုင်း မိတ္ထီလာတပ်နယ်တွင် ၂ဝ၁၉ ခုနှစ်က စစ်တပ်ပူးပေါင်းလေ့ကျင့်ရေးမြင်ကွင်း။ (Photo: Myanmar Military)

ကနေဒါနိုင်ငံကတော့ စစ်ဗိုလ်ချုပ်နဲ့ တိုင်းမှူး ခြောက်ယောက်ကို ဒဏ်ခတ်အရေးယူပြီး ဒီမိုကရေစီအင်အားစုတွေကို တိုက်ခိုက်ရုံမက အရပ်သားတွေ သေဆုံးရတဲ့ အပြင် ထောင်သောင်းချီနေရပ်က ရွှေ့ပြောင်းရအောင် စစ်ကောင်စီကလေကြောင်း တိုက်ခိုက်တဲ့နေရာမှာ အသုံးပြုတဲ့ လေယာဉ်လောင်စာဆီ တင်ပို့ရောင်းချဖြန့်ဖြူး ဒါမှမဟုတ် ပို့ဆောင်တာကို တားမြစ်ပိတ်ပင်လိုက်ပါတယ်။

ကနေဒါက အရေးယူသူတွေထဲမှာ ပဲခူး၊ ရခိုင်၊ ရန်ကုန်တိုင်းမှူးတွေနဲ့ စစ်ကိုင်းတိုင်း တိုင်းမှူးဟောင်းနဲ့ စစ်ဆင်ရေး အထူးတပ်ဖွဲ့မှူးတွေ ပါဝင်ပါတယ်။

ဗြိတိန်နိုင်ငံကလည်း မြန်မာစစ်ကောင်စီကို လေယာဉ်ဆီတင်ပို့တာကို ပစ်မှတ်ထားပိတ်ဆို့ပါတယ်။

Asia Sun Group လို့ သိတဲ့ Asia Sun Trading ကုမ္ပဏီနဲ့ Cargo Link ကုမ္ပဏီတို့ဟာ မြန်မာ့လေယာဉ်ဆီ လောင်စာကဏ္ဍကို ချုပ်ကိုင်ထားပြီး စစ်ကောင်စီလေတပ်ကို လေယာဉ်ဆီတင်ပို့လို့ အရေးယူပိတ်ဆို့တယ်လို့ ဗြိတိန်က မနေ့ကပဲ ကြေညာပါတယ်။

ဒါတင်မက Asia Sun Trading ညွှန်ကြားရေးမှူးနဲ့ တစ်ဦးတည်း အစုရှယ်ယာထည့်ဝင်တဲ့ ဦးဇော်မင်းထွန်း၊ ညွှန်ကြားရေးမှူးဟောင်းနဲ့ အစုရှယ်ယာဝင် ဦးဝင်းကျော်ကျော်အောင်တို့ကို ပစ်မှတ်ထားဒဏ်ခတ်ပါတယ်။

အာဏာသိမ်း နှစ်နှစ်ပြည့်ချိန်မှာ သြစတြေးလျနိုင်ငံက စစ်ကောင်စီကို အရေးယူပိတ်ဆို့တဲ့နေရာမှာ ပူးပေါင်းပါဝင်လာတာကို HRW လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ အာရှရေးရာ တာဝန်ခံ Phil Robertson က အပြုသဘောရှုမြင်ပါတယ်။

“နောက်ဆုံး သြစတြေးလျနိုင်ငံက စစ်ခေါင်းဆောင်တွေကို စတင်အရေးယူတဲ့အပြင် စစ်ကောင်စီချုပ်ကိုင်မှုအောက်က မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီ (MEHL) နဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) တို့ကို ပိတ်ဆို့အရေးယူဖို့ ပူးပေါင်းပါဝင်လာတာက အကြီးအကျယ် အပြုသဘောဆောင်ပါတယ်။ ဒီလို ပိတ်ဆို့အရေးယူဖို့ သြစတြေးလျကို ကျွန်တော်တို့ စည်းရုံးနေတာ ကြာပါပြီ။ ခုလို သြစတြေးလျကနေ တခြားအစိုးရတွေလို စစ်ကောင်စီကို ဆန့်ကျင်တဲ့ မူထားရှိတာကို ဝမ်းသာပါတယ်။”

စစ်အာဏာသိမ်းနှစ်နှစ်ပြည့်မှာ နိုင်ငံကြီးတွေက ခုလို အရေးယူဒဏ်ခတ်တာကို သက်ဆိုင်ရာ အစိုးရတွေက ယိုပေါက်မရှိအောင် ဆောင်ရွက်မယ်လို့ NUG ပြောခွင့်ရသူ ဦးကျော်ဇော်က မျှော်လင့်ပါတယ်။

“ဒီပိတ်ဆို့မှုတွေကို ယိုပေါက်မရှိအောင်လို့လည်း သူတို့အစိုးရတွေရဲ့ တာဝန်ရှိသူတွေပုဂ္ဂိုလ်တွေက သေသေချာချာ လုပ်လိမ့်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။”

ခုအရေးယူတဲ့ထဲ မပါတဲ့ ဥရောပသမဂ္ဂ EU ဟာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်ဖွဲ့စည်းထားတဲ့ စစ်ကောင်စီအဖွဲ့အပါအဝင် လူပုဂ္ဂိုလ် ၁၉ ယောက်ကို ၂ဝ၂၂ ခုနှစ် နိုဝင်ဘာ ၈ရက်နေ့က ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့ အရေးယူခဲ့ပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
စစ်ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်နိုင်ရေး ကူညီကြဖို့ IIMM တိုက်တွန်း
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။