ထရမ့်လက်ထက် မြန်မာကိုဆက်လက်ထောက်ခံအားပေးဖို့ NUG မျှော်လင့်

စောဖိုးခွား (ဝါရှင်တန်ဒီစီ)
2024.11.12
ထရမ့်လက်ထက် မြန်မာကိုဆက်လက်ထောက်ခံအားပေးဖို့ NUG မျှော်လင့် ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာပြုလုပ်သည့် အာဆီယံ-အမေရိကန် နှစ် ၄၀ ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်။
REUTERS/Manan Vatsyayana/ Pool

အမေရိကန်ရွေးကောက်ပွဲမှာ အနိုင်ရပြီး အစိုးရသစ်ဖြစ်လာတဲ့ သမ္မတဒေါ်နယ်ထရမ့်အတွက် ဂုဏ်ယူဝမ်းမြောက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မနေ့ကကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။

စစ်အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်နေကြတဲ့ မြန်မာပြည်သူတွေကို သမ္မတဒေါ်နယ်ထရမ့်အစိုးရသစ်က ဆက်လက်ထောက်ခံအားပေးနေမယ်လို့ မျှော်လင့်ကြောင်း NUG ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးက RFA ကိုပြောပါတယ်။

"ကမ္ဘာပေါ်မှာ အရေးကြီးကိစ္စတွေအများကြီးရှိတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့လည်း တခြားအရေးကြီးလုပ်စရာကိစ္စတွေ အများကြီးရှိနေတယ်ဆိုတာ ကျွန်တော်တို့နားလည်ပါတယ်။ သို့သော်လည်း မြန်မာ့အရေးဟာ ဒေသတွင်းလုံခြုံရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ခြိမ်းခြောက်နေပါတယ်။ အကြမ်းဖက်စစ်အာဏာရှင်တွေ မတရားအာဏာလုဖို့ကြိုးစားခဲ့တဲ့အတွက် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှု၊ အွန်လိုင်းလိမ်လည်မှုတွေ ပိုဆိုးလာတယ်။ အမေရိကန်ပြည်ထောင်စုအပါအဝင် ကမ္ဘာ့နိုင်ငံက ပြည်သူတွေပါထိခိုက်လာနေပါတယ်"

သမ္မတ ဂျိုးဘိုင်ဒင် သက်တမ်းကာလအတွင်း အမေရိကန်အစိုးရဟာ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ မိသားစုဝင်တွေ၊ စစ်တပ်ကိုလက်နက်ထုတ်လုပ်ဖို့ ကူညီနေသူတွေ၊ လေယာဉ်ဆီ တင်သွင်းပေးတဲ့ လူပုဂ္ဂိုလ်နဲ့ ကုမ္ပဏီတွေကို ရွေးချယ်ပြီး အရေးယူဒဏ်ခတ်ပိတ်ဆို့ခဲ့ပါတယ်။

အမေရိကန်အောက်လွှတ်တော်မှာလည်း တော်လှန်ရေးအဖွဲ့တွေကို လက်နက်မဟုတ်တဲ့ အကူအညီပေးနိုင်မဲ့ Burma Act ဥပဒေ ပြဌာန်းနိုင်ခဲ့သလို၊ ရီပါဘလစ်ကန်ရော ဒီမိုကရက်လွှတ်တော်အမတ်တွေပါပါတဲ့ မြန်မာ့အရေးလွှတ်တော်ကော်မတီတစ်ရပ်ကို ဖွဲ့စည်းနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ "အမေရိကန် အကျိုးစီးပွားသာ ပထမ"လို့ ကြွေးကြော်ပြီး ရွေးကောက်ပွဲမှာအနိုင်ရလာတဲ့ ဒေါ်နယ်ထရမ့်လက်ထက်မှာတော့ မြန်မာ့အရေးသိပ်အာရုံစိုက်မှာ မဟုတ်ဘူးဆိုတဲ့ စိုးရိမ်ချက်တွေလည်းရှိနေပါတယ်။


ဆက်နွှယ်သောသတင်းများ

ဒေါ်နယ်ထရမ့်လက်ထက် မြန်မာဒုက္ခသည်တွေခေါ်ယူမယ့်အစီအစဉ် ပယ်ဖျက်နိုင်ဖွယ်ရှိကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူပြော

အမေရိကန်သမ္မတလောင်း ဒေါ်နယ်ထရမ့် အပေါ် ပြည်ပရောက်မြန်မာတွေရဲ့ အမြင်

အမေရိကန် သမ္မတရွေးကောက်ပွဲအပေါ် မြန်မာပြည်သူတွေရဲ့အမြင်


အမေရိကန်မှာနေထိုင်တဲ့ မြန်မာအမျိုးသမီးအရေးလှုပ်ရှားသူ မခင်လေးကတော့ NUG အစိုးရအနေနဲ့ ထရမ့်အစိုးရအဖွဲ့ တာဝန်ရှိသူတွေကို ပိုချည်းကပ်ဖို့လိုတယ်လို့ အကြံပြုပါတယ်။

"အထူးသဖြင့်နိုင်ငံခြားရေးဝန်ကြီးဌာနကို ပိုချည်းကပ်ရမယ်။ သမ္မတဘိုင်ဒန်လက်ထက်မှာရှိခဲ့တဲ့ မူဝါဒသဘောထားဟာ သိပ်ပြီးအားရစရာမရှိဘူး။ ထရမ့်ဟာ တရုတ်နဲ့ ပတ်သက်လာရင် Negative ရှိတယ်။ တရုတ်ရဲ့ လက်ရှိလုပ်နေတာတွေက တော်လှန်ရေးအတွက်ရော တိုင်းပြည်အတွက်ရော စိုးရိမ်စရာဖြစ်တယ်။ သမ္မတထရမ့်ရဲ့ နဂိုသဘောကိုက တရုတ်ဆန့်ကျင်သူဖြစ်တဲ့အတွက် ဒါကို အခွင့်ကောင်းယူ၊ အသုံးချမယ်ဆိုရင် အကျိုးရှိမယ်"

အမေရိကန်ပြည်ထောင်စုမှာ မြန်မာ့အရေးလှုပ်ရှားနေတဲ့ ချင်းတိုင်းရင်းသား ဒေါင်ခန့်ခုပ်ကလည်း ဒီပြောဆိုချက်ကိုထောက်ခံပါတယ်။

"မြန်မာပြည်နွေဦးတော်လှန်ရေးကို ဟန့်တားနေတာ နံပါတ်တစ် တရုတ်ဖြစ်နေတယ်။ ထရမ့်တက်လာရင် တရုတ်ကို အနည်းအများ ဖိအားပေးတာရှိမယ်။ နွေဦးတော်လှန်ရေးကို မကူညီရင်ထားဦး တရုတ်ကို ဟန့်တားပေးရင်တောင် ကျွန်တော်တို့ တော်လှန်ရေး အောင်မြင်တဲ့အပိုင်းတွေတွေ့ရမယ်"

ရီပတ်ဘလစ်ကန်သမ္မတလောင်းအဖြစ် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်အား၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့က တွေ့ရစဉ်။ (Photo :REUTERS/ Callaghan O'Hare)
ရီပတ်ဘလစ်ကန်သမ္မတလောင်းအဖြစ် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်အား၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့က တွေ့ရစဉ်။ (Photo :REUTERS/ Callaghan O'Hare)

သမ္မတဒေါ်နယ်ထရမ့်အစိုးရသစ်ထဲ ပါလာတဲ့ပုဂ္ဂိုလ်တွေရဲ့နားထဲ မြန်မာ့အရေးရောက်လာအောင် နိုင်ငံတကာရောက် မြန်မာ့အရေးလှုပ်ရှားသူတွေ ဝိုင်းလုပ်ကြဖို့လိုတယ်လို့လည်းသူကပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ သမ္မတဒေါ်နယ်ထရမ့် ရွေးကောက်ခံရတဲ့အပေါ် သဘောထားမှတ်ချက်ထုတ်ပြန်တာမရှိသေးပါဘူး။

နိုဝင်ဘာလ ၅ ရက်နေ့က ကျင်းပတဲ့ရွေးကောက်ပွဲမှာ မဲအပြတ်အသတ် အနိုင်ရခဲ့တဲ့ သမ္မတထရမ့်ဟာ လာမဲ့ ၂ဝ၂၅ ခုနှစ် ဇန်နဝါရီလ ၂ဝ ရက်နေ့မှာ ကျမ်းသစ္စာကျိန်ဆိုပြီး တာဝန်စထမ်းဆောင်မှာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ သူ့အစိုးရအဖွဲ့ ထဲပါမဲ့သူတွေကို ရွေးချယ်နေပြီး ဖရော်ရီဒါပြည်နယ်လွှတ်တော်အမတ် Marco Rubio ကို နိုင်ငံခြားရေးဝန်ကြီးအဖြစ်ရွေးချယ်ဖို့ ပြင်နေတယ်လို့ အမေရိကန်သတင်းတွေကဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။