စစ်ရေးအကူအညီပေးဖို့ ရုရှားကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ တောင်းဆို

RFA Burmese
2024.08.05
စစ်ရေးအကူအညီပေးဖို့ ရုရှားကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ တောင်းဆို ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့တွင် တွေ့ရစဉ်။
Facebook/ Union Solidarity and Development Party

Updated 5:50 PM Aug 5,2024

မြန်မာပြည်တွင်းပဋိပက္ခကို အကြမ်းဖက်မှုအဖြစ် လက်ခံပြီး ရုရှားက စစ်ရေးအရ ပါဝင်တိုက်ခိုက်ပေးဖို့ စစ်တပ် ကျောထောက်နောက်ခံ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီက တောင်းဆိုလိုက်ပါတယ်။ ရုရှားအစိုးရ သတင်းဌာန SPUTNIK နဲ့ပြုလုပ်တဲ့ မေးမြန်းခန်းတစ်ခုမှာ အဲဒီလိုတောင်းဆိုခဲ့တာလို့ သြဂုတ်လ ၄ ရက်နေ့ထုတ် SPUTNIK သတင်းမှာ ဖော်ပြခဲ့တာပါ။

မြန်မာနိုင်ငံအနေနဲ့ ရုရှားဆီက အဓိက လိုအပ်တာဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေးမှာ အတူတကွ ပူးပေါင်းဆောင်ရွက်ပံ့ပိုးမှုဖြစ်ပြီး ဒီအတွက် မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေဟာ ပြည်တွင်းနိုင်ငံရေး အငြင်းပွားမှုမဟုတ်ဘဲ အကြမ်းဖက်မှုဆိုတာ ပထမဦးဆုံး နားလည်ဖို့လိုတယ်လို့လည်း ဦးခင်ရီက ပြောပါတယ်။

အကြမ်းဖက်မှုဆိုတာကိုနားလည်ရင် ရုရှားနိုင်ငံရဲ့ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးမှာ ပူးပေါင်းပါဝင်နိုင်ပြီး အတူတကွ အောင်မြင်မှုရယူနိုင်တယ်လို့ ဦးခင်ရီက ပြောပါတယ်။

“ရုရှားကို အခုလို စစ်ရေးအကူအညီတောင်းတာဟာ စစ်ကောင်စီအနေနဲ့ စစ်ရေးအရ ရှုံးနိမ့်နေတာကို ကမ္ဘာသိအောင် ဝန်ခံလိုက်တာပါ”

ရုရှားအစိုးရ သတင်းဌာန SPUTNIK ရဲ့ မေးမြန်းခန်းကို ဇူလိုင် ၃၀ ရက်နေ့က နေပြည်တော်က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်မှာ ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။ နိုင်ငံတကာအနေနဲ့ အကြမ်းဖက် သောင်းကျန်းမှုတွေကို အရေးယူ ဆောင်ရွက်သင့်တယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပြောခွင့်ရသူ ဦးလှသိန်းက RFA ကို ပြောပါတယ်။

“အဲဒီအကြမ်းဖက်သောင်းကျန်းသူများဟာ ဆက်နွှယ်နေတဲ့အဖွဲ့တွေက အကြမ်းဖက်သောင်းကျန်းသူများအဖြစ် ပြည်တွင်းဥပဒေများနဲ့လည်း အရေးယူဆောင်ရွက်ပေးဖို့၊ အဲဒါတင်မကဘူး။ နိုင်ငံတကာကလည်း အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် အရေးယူပိတ်ဆို့ ဆောင်ရွက်ပေးပါလို့ စီစဥ်ဆောင်ရွက်သင့်တယ်လို့ ယူဆပါတယ်”

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၂ (ခ) မှာ နိုင်ငံတော်အတွင်း ဘယ်နိုင်ငံခြားတပ်ဖွဲ့ကိုမှ တပ်ချခွင့်မပြု ဆိုတဲ့အချက် ပါဝင်တာကြောင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌရဲ့တောင်းဆိုချက်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မကိုက်ညီဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ရေး လေ့လာသုံးသပ်သူတစ်ဦးက ထောက်ပြပါတယ်။

အာရက္ခတပ်တော် (AA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကတော့ ရုရှားကို အခုလို စစ်ရေး အကူအညီတောင်းတာဟာ စစ်ကောင်စီအနေနဲ့ စစ်ရေးအရ ရှုံးနိမ့်နေတာကို ကမ္ဘာသိအောင် ဝန်ခံလိုက်တာလို့ ပြောပါတယ်။

“ဒီဟာကတော့ သူတို့ စစ်ကောင်စီအနေနဲ့ ဘယ်လောက်ထိ စစ်ရေးနိုင်ငံရေးအရ အခြေမလှ ကျဆုံးနေပြီလဲ၊ အရှုံးနဲ့ရင်ဆိုင်နေရပြီလဲဆိုတာ ရှင်းရှင်းလင်းလင်း ဖော်ပြနေတာဖြစ်ပါတယ်။ တစ်ဖက်ကပြောရမယ်ဆိုရင်တော့ သူတို့စစ်ကောင်စီရဲ့ရှုံးနိမ့်မှုတွေကို ဖုံးမနိုင် ဖိမရ နိုင်ငံသိ၊ ကမ္ဘာသိ ဝန်ခံလိုက်တာဖြစ်တယ်လို့ ပြောလို့ရပါတယ်”


ဆက်နွှယ်သောသတင်းများ

ရုရှားနဲ့ မြန်မာ အကြိမ် ငါးဆယ်ကျော် ပူးတွဲစစ်ရေးလှုပ်ရှားဖို့ စီစဉ်

မြန်မာစစ်တပ် ရုရှားထံ စစ်လက်နက် တင်ပို့နေ

ရုရှားလုပ် SU-30 ဂျက်တိုက်လေယာဉ်တွေ မကြာခင်အသုံးပြုလာနိုင်


အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဝန်ကြီးချုပ်ရုံးပြောခွင့်ရ ဦးနေဘုန်းလတ်ကလည်း ဘယ်သူမှ မကယ်နိုင်တော့တာကြောင့် စစ်ကောင်စီအနေနဲ့ ပြည်သူ့လက်ထဲ အာဏာပြန်အပ်ဖို့ပဲ ရှိတော့တယ်လို့ ပြောပါတယ်။

“ဒီအကြမ်းဖက်စစ်တပ်ဟာ တစ်နိုင်ငံလုံးမှာ အကြီးအကျယ် စစ်ရှုံးနေပြီဆိုတာကို ဝန်ခံလိုက်တဲ့သဘောလို့ပဲ ဒီလိုပဲနားလည်ပါတယ်ဗျ။ အချိန်မှာတော့ ဘယ်သူ့မှလည်း မကယ်နိုင်တော့ဘူး။ ဒီအခြေအနေကို ရပ်တန့်ချင်တယ်ဆိုရင်တော့ ရိုးရိုးလေးပါပဲနော်။ ဒီလုပ်ခဲ့သမျှ လုပ်ရပ်တွေ မှားပါတယ်ဆိုတာကို ကျွန်တော်တို့ ဝန်ခံတောင်းပန်ပြီးတော့ ပြည်သူ့အာဏာ ပြည်သူ့လက်ထဲ ပြန်အပ်ဖို့ပဲရှိပါတယ်”

SPUTNIK ရဲ့ ဖော်ပြချက်အရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီဟာ မြန်မာနိုင်ငံရဲ့အခြေအနေကို နားလည်ဖို့အတွက် ပြည်တွင်းမှာ ဖြစ်ပျက်နေတဲ့ အမှန်တရားကိုလေ့လာပြီး ရုရှားနိုင်ငံဘက်က ပံ့ပိုးကူညီပေးဖို့ တောင်းဆိုထားတာဖြစ်ပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီအဖွဲ့ဝင်များနှင့် ရုရှားအစိုးရ သတင်းဌာန SPUTNIK အဖွဲ့တို့  နေပြည်တော်တွင် ၂၀၂၄ ခုနှစ်၊  ဇူလိုင်လ ၃၀ ရက်နေ့က တွေ့ရစဥ်။ (Photo: Facebook/USDP)
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီအဖွဲ့ဝင်များနှင့် ရုရှားအစိုးရ သတင်းဌာန SPUTNIK အဖွဲ့တို့ နေပြည်တော်တွင် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့က တွေ့ရစဥ်။ (Photo: Facebook/USDP)

ဒါပေမဲ့ ဒီတောင်းဆိုမှုဟာ အာဏာသိမ်းစက R2P လို့ခေါ်တဲ့ ပြစ်မှုကြီးတွေကနေ အကာအကွယ်ပေးရေး တာဝန်ရှိမှုလုပ်ငန်းစဥ်ကို တောင်းဆိုကြသလိုဖြစ်ပြီး မလွယ်ကူနိုင်ဘူးလို့ နိုင်ငံရေးလေ့လာသူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက သုံးသပ်ပါတယ်။

“ပထမတစ်ချက် ကြည့်မယ်ဆိုရင် အဲဒါက သူတို့စစ်ရေးအရ နိုင်နိုင်ခြေမရှိတော့ဘူး။ ဒီအာဏာသိမ်းပြီးတော့ တော်လှန်ရေး၊ ဆန့်ကျင်ရေးတွေစတဲ့အချိန်မှာ ကျွန်တော်တို့ R2P ခေါ်သလိုမျိုး သူတို့လည်း အဲဒီလို ခေါ်လို့ရမယ် ထင်တဲ့ဥစ္စာ၊ ရှိနိုင်မဲ့ဥစ္စာတွေ အဲဒီလိုမျိုး လှမ်းခေါ်တယ်လို့ပဲ ကျွန်တော့်အနေနဲ့ မြင်ပါတယ်”

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌရဲ့ တောင်းဆိုမှုနဲ့ပတ်သက်လို့ ရုရှားအစိုးရဘက်က သဘောထားကိုသိနိုင်ဖို့ ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံရုံးကို RFA က ဒီနေ့ အီးမေးလ်ကနေတစ်ဆင့် ဆက်သွယ်ခဲ့ပေမဲ့ အကြောင်းပြန်တာ မရှိသေးပါဘူး။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီနဲ့ ရုရှားနိုင်ငံတို့အကြား စစ်ရေးပူးတွဲလေ့ကျင့်တာတွေ ရှိသလို စီးပွားရေးနဲ့ အခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍတွေမှာ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်တာတွေ ရှိနေတယ်လို့ လေ့လာသူတွေက ထောက်ပြထားပါတယ်။

(မှတ်ချက်။ ။ ဤသတင်းဆောင်းပါးတွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပြောခွင့်ရသူ ဦးလှသိန်း၊ အာရက္ခတပ်တော် (AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံးပြောခွင့်ရ ဦးနေဘုန်းလတ်၊ နိုင်ငံရေးလေ့လာသူ ဒေါက်တာ စိုင်းကြည်ဇင်စိုးတို့၏ ပြောဆိုချက်များကို ထပ်မံဖြည့်စွက် ရေးသားထားပါသည်။)

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
စစ်ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်နိုင်ရေး ကူညီကြဖို့ IIMM တိုက်တွန်း
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။