သူရဦးတင်ဦး ကွယ်လွန်သွားတာ ကြီးမားတဲ့ဆုံးရှုံးမှုလို့ မှတ်ချက်ပြုကြ

RFA Burmese
2024.06.01
သူရဦးတင်ဦး ကွယ်လွန်သွားတာ ကြီးမားတဲ့ဆုံးရှုံးမှုလို့ မှတ်ချက်ပြုကြ ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်တွင် ၂၀၁၇ ခုနှစ် မတ်လ ၂၇ ရက်နေ့က ကျင်းပသည့် ၇၂ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားတွင် NLD ပါတီ နာယက သူရဦးတင်ဦးအား တွေ့ရစဉ်။
Photo: RFA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့နာယက သူရဦးတင်ဦး ကွယ်လွန်သွားတာ ဒီမိုကရေစီအတွက် ကြီးမားတဲ့ဆုံးရှုံးမှုလို့ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေက ပြောပါတယ်။

သူရဦးတင်ဦးကို ၁၉၂၇ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့က ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်မှာ မွေးဖွားခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁ ရက် ဒီနေ့မနက်ပိုင်း ရန်ကုန်ဆေးရုံကြီးမှာ ကွယ်လွန်ခဲ့တာပါ။

"ဘဝတွေကိုရင်းပြီးတော့ပျံတဲ့ ကြိုးကြာငှက်တွေနဲ့ တင်စားရမယ်ဆိုရင် ဘဘဦးတင်ဦးဟာ အရှေ့ဆုံးတန်းကနေ နောက်ဆုံးထွက်သက်အထိ မဆုတ်မနစ်ပျံသန်းခဲ့တဲ့ ကြိုးကြာငှက်တစ်ကောင်ပါ"

ကွယ်လွန်ချိန်မှာ အသက် ၉၈ နှစ်ရှိပြီဖြစ်ပြီး ရုပ်အလောင်းကို ဒီနေ့နေ့လယ် ၁၂ နာရီမှာပဲ နေအိမ်ကို ပြန်လည် သယ်ဆောင်ခဲ့ပါတယ်။

ဈာပနကို ငါးရက်ထားမှာဖြစ်သလို ကော်မတီတစ်ရပ်ဖွဲ့စည်းပြီး အသေးစိတ်လုပ်သွားမယ်လို့ သူရဦးတင်ဦးရဲ့ မြေးဖြစ်သူ ကိုသက်ထွဋ်ဦးက RFA ကို ပြောပါတယ်။

"ရန်ကုန်ဆေးရုံမှာ စနေနေ့မနက်ပေါ့ ရှစ်နာရီခွဲဝန်းကျင်လောက်မှာ ဆုံးသွားပါတယ်။ အဘိုးကို ကျွန်တော်တို့ ဒီဝင်ဒါမီယာ အိမ်နံပါတ် (၃၀) မှာထားမယ်။ အဘိုးကို ကျွန်တော်တို့ ငါးရက်ထားမယ်ဗျ"

သူရဦးတင်ဦးဟာ ၂ဝ၁၇ ခုနှစ်က နေအိမ်ရေချိုးခန်းထဲမှာချော်လဲပြီး လေဖြတ်ဝေဒနာခံစားရချိန်ကစလို့ စကားကောင်းကောင်း မပြောနိုင်ခဲ့ပါဘူး။

၂၀၂၄ ခုနှစ် ဇွန်လ ၁ ရက်နေ့ မနက်ပိုင်းက ကွယ်လွန်သွားသည့် (NLD) ပါတီ နာယက သူရဦးတင်ဦး၏ ရုပ်အလောင်းအား နေအိမ်တွင် တွေ့ရစဉ်။ (Photo: RFA)
၂၀၂၄ ခုနှစ် ဇွန်လ ၁ ရက်နေ့ မနက်ပိုင်းက ကွယ်လွန်သွားသည့် (NLD) ပါတီ နာယက သူရဦးတင်ဦး၏ ရုပ်အလောင်းအား နေအိမ်တွင် တွေ့ရစဉ်။ (Photo: RFA)

အခုနှစ်၊ မေလ ၂၉ ရက်နေ့မှာတော့ ကျန်းမာရေးဆိုးရွားလာတာကြောင့် ရန်ကုန်ဆေးရုံ၊ နှလုံးကုသဆောင်ကို ပို့ဆောင်ခဲ့ပြီး အဲဒီကတစ်ဆင့် အထူးကြပ်မတ်ဆောင်ကို ပြောင်းရွှေ့ခဲ့ရတာပါ။

ဆေးရုံတက်ချိန်တစ်လျှောက်လုံး စောင့်ရှောက်ပေးခဲ့တဲ့ စာရေးဆရာ ဦးထင်လင်းဦးက သူရဦးတင်ဦးဟာ သေဆုံးချိန်အထိ အားလုံးအတွက် မဆုတ်မနစ်ကြိုးစားခဲ့သူလို့ မှတ်ချက်ပြုပါတယ်။

"သားစဉ်မြေးဆက်တွေရဲ့ ရှင်သန်ပေါက်ဖွားနိုင်မှုအတွက် သူတို့ရဲ့အသက်တွေကိုရင်းပြီးတော့၊ သူတို့ရဲ့ ဘဝတွေကိုရင်းပြီးတော့ ပျံတဲ့ ကြိုးကြာငှက်တွေနဲ့ တင်စားရမယ်ဆိုရင် ဘဘဦးတင်ဦးဟာ အရှေ့ဆုံးတန်းကနေ နောက်ဆုံးထွက်သက်အထိ မဆုတ်မနစ်ပျံသန်းခဲ့တဲ့ ကြိုးကြာငှက်တစ်ကောင်ပါ"

ဒေါက်တာမျိုးညွန့်ကလည်း သူရဦးတင်ဦးဟာ အများအကျိုးအတွက်သာ ဦးစားပေးခဲ့တဲ့ ခေါင်းဆောင်ကောင်း ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ပေးဖူးတယ်လို့ အခုလို ပြန်ပြောပြပါတယ်။

"ဘဘဟာ မိမိအကျိုးထက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အကျိုးကို၊ နိုင်ငံ့အကျိုးကို ဦးစားပေးခဲ့တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်လို့ မှတ်ချက်ချဖူးပါတယ်"

သူဟာ ၁၉၈၈ ခုနှစ်မှာ (NLD) ပါတီကို တည်ထောင်ချိန်ကတည်းက ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် ကျရောက်သည့် သူရဦးတင်ဦး အသက် ၉၀ ပြည့် မွေးနေ့ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်စဉ်။ (Photo: RFA)
၂၀၁၇ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် ကျရောက်သည့် သူရဦးတင်ဦး အသက် ၉၀ ပြည့် မွေးနေ့ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်စဉ်။ (Photo: RFA)

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်ကလည်း အခုလိုအချိန်မှာ ကွယ်လွန်သွားတဲ့အတွက် စိတ်မကောင်းဖြစ်မိတယ်လို့ RFA ကို ပြောပါတယ်။

"NLD မှာ စလုပ်ကတည်းက သိကြတာပေါ့။ နောက်ပြီး ကျွန်တော်တို့ ဆက်ဆံရေးတော်တော်လေး ကောင်းခဲ့တဲ့ အနေအထားမျိုးရှိတယ်။ သူ့ရဲ့ နောက်ဆုံးနေ့အတွက်လည်း ကျွန်တော်တို့ စိတ်မကောင်းပါဘူး။ NLD အနေနဲ့ အတော်လေး ကျပ်ကျပ်တည်းတည်း ဖြစ်တဲ့ကာလမှာမှ သူလည်း ကွယ်လွန်ရတယ်ဆိုတော့ သူ့အတွက်လည်း အတော်လေး စိတ်မကောင်းဖြစ်မိပါတယ်”

သူရဦးတင်ဦးဟာ ၁၉၇၄ ခုနှစ်၊ မတ်လ ၈ ရက်နေ့ကနေ ၁၉၇၆ ခုနှစ်၊ မတ်လ ၆ ရက်နေ့အထိ တပ်မတော်မှာ စတုတ္ထမြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး သူရဲကောင်း မှတ်တမ်းဝင် ဇေယျကျော်ထင်နဲ့ သူရဘွဲ့ရရှိထားတာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံးပြောခွင့်ရသူ ဦးနေဘုန်းလတ်က အာဏာရှင်စနစ်ကို အပြီးသတ် မဖယ်ရှားနိုင်သေးခင် ကွယ်လွန်သွားတဲ့အတွက် ဝမ်းနည်းမိတယ်လို့ ပြောပါတယ်။

"စစ်အာဏာရှင်စနစ်ဆိုတာကို အပြီးသတ်ဖယ်ရှားနိုင်ဖို့ အလားအလာကောင်းတွေ အများကြီးပိုင်ဆိုင်နေတဲ့ အချိန်မှာ ကျွန်တော်တို့က ဘဘတို့လို ခေါင်းဆောင်တွေကို တော်လှန်ရေးပြီးဆုံးသည်အထိ ရှိစေချင်တာပေါ့။ သူတို့ကိုယ်တိုင် ဦးဆောင်ကြိုးပမ်းခဲ့တဲ့ ဒီမိုကရေစီအရေးတိုက်ပွဲကို ပြီးဆုံးအောင်မြင်တဲ့အချိန်ထိ မရှိနိုင်ဘဲ လမ်းခုလတ်မှာ အခုလိုမျိုး ကွယ်လွန်ခဲ့ရတဲ့အတွက် တော်တော်လေး စိတ်မကောင်းဖြစ်မိပါတယ်"

ဒေါ်အောင်ဆန်းစုကြည်ကိုလည်း သူရဦးတင်ဦးနာရေးနဲ့ ပတ်သက်ပြီး စစ်ခေါင်းဆောင်တွေက အသိပေးမှာ မဟုတ်သလို လိုက်ပါပို့ဆောင်ခွင့်လည်း ပေးမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

ရန်ကုန်မြို့ခံ ပြည်သူတစ်ဦးတော့ အာဏာသိမ်းပြီးနောက်ပိုင်း ဦးဉာဏ်ဝင်းနဲ့ ဦးတင်ဦးတို့လို ထိပ်ပိုင်း ခေါင်းဆောင်တွေ ဆုံးရှုံးရတာ နိုင်ငံအတွက်နစ်နာမှုလို့ RFA ကို ပြောပါတယ်။

"အရမ်းဝမ်းနည်းတာပေါ့။ ဘဘဦးတင်ဦးတို့ဆိုတာ အင်မတန်မှ တိုင်းပြည်အတွက် သူတို့ရဲ့ ဘဝတွေနဲ့ရင်းပြီး လုပ်လာခဲ့ရတာလေ။ ဒီလိုနာယကကြီးတစ်ယောက် ဆုံးရှုံးသွားတယ်ဆိုတာက ဒေါ်စုအတွက်လည်း လက်မောင်း တစ်ဖက်ပြုတ်တာပေါ့။ ဒီကြားထဲမှာ ဦးဉာဏ်ဝင်းတို့လည်း ဆုံးသွားတာဆိုတော့ ပိုပြီးတော့စိတ်အားငယ်တယ်။ ဒေါ်စုအတွက်ပဲ စိတ်ပူတာပဲ "

သူရဦးတင်ဦးဟာ ၂၀၀၃ ခုနှစ် မေလအတွင်းမှာဖြစ်ခဲ့တဲ့ ဒီပဲယင်းပဋိပက္ခအပေါ် စစ်ခေါင်းဆောင်တွေရဲ့ ပုဒ်မမျိုးစုံတပ် တရားစွဲဆိုတာခံခဲ့ရပြီးနောက် ကလေးထောင်မှာ ထောင်ရှစ်လကျခဲ့သလို နေအိမ်အချုပ် ငါးနှစ် ကျခံခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။