နိုင်ငံရေး မတည်ငြိမ်မှုတွေကြားမှာ ပိုများပြားလာတဲ့ အိမ်တွင်းအကြမ်းဖက်မှု

RFA Burmese
2024.09.13
နိုင်ငံရေး မတည်ငြိမ်မှုတွေကြားမှာ ပိုများပြားလာတဲ့ အိမ်တွင်းအကြမ်းဖက်မှု အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး လှုပ်ရှားမှုအား ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့က ကျင်းပခဲ့စဉ်။
Women's Exchange/Facebook

နိုင်ငံတွင်း ပဋိပက္ခတွေ မြင့်တက်ပြီး တရားဥပဒေစိုးမိုးမှု အားနည်းနေချိန်မှာပဲ အိမ်တွင်းအကြမ်းဖက်မှုတွေလည်း ပိုများလာတယ်လို့ ကာယကံရှင်တွေနဲ့ အမျိုးသမီးအရေး လှုပ်ရှားနေသူတွေက ပြောကြပါတယ်။

စစ်ပွဲကြောင့် ပြေးရင်းလွှားရင်းကပဲ ခင်ပွန်းဖြစ်သူရဲ့ ရိုက်နှက်နှိပ်စက်မှု ဒဏ်တွေပါခံရလို့ ထွက်ပြေးရတဲ့အထိ ဖြစ်ခဲ့တယ်လို့ စစ်ဘေးဒုက္ခသည် တစ်ဦးဖြစ်တဲ့ မမိုးပွင့်က ပြောပါတယ်။

“အမျိုးသားက ဓားယူပြီးတော့မှ သူ့ရဲ့ အမျိုးသမီးကို ခုတ်တာမျိုးမှာ နားရွက်ကွဲတာမျိုး တွေ့ရတယ်"

ကချင်ပြည်နယ်က တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည်အဖြစ် ကလေးနှစ်ယောက်နဲ့အတူ ရန်ကုန်ကို တိမ်းရှောင်လာတဲ့ မမိုးပွင့်ကို ခင်ပွန်းဖြစ်သူက သွေးထွက်သံယို ဖြစ်တဲ့အထိ ရိုက်နှက်နှိပ်စက်ခဲ့တာပါ။

ဒီလိုအကြမ်းဖက်မှုတွေကို လွန်ခဲ့တဲ့ခြောက်နှစ်၊ သူ့ရဲ့ အသက် ၂၂ နှစ်အရွယ်မှာကတည်းက စတင်ခံစားခဲ့ရပြီး ကိုယ်ဝန် လွယ်ထားချိန်မှာတောင်မချန် ရိုက်နှက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

“ဒဏ်ရာတွေ နာကျင်မှုတွေတော့ မရှိတော့ပေမဲ့လို့ ဒီလောက်ခြောက်နှစ်လုံးလုံး အရိုက်ခံခဲ့ရတဲ့ အမာရွတ်တွေ ဘာတွေကတော့ ရှိနေတာပေါ့နော်။ မှန်တောင် မကြည့်တော့ဘူးနောက်ပိုင်း။ မှန်ကြည့်လို့ သူထိုးထားတဲ့ ဒဏ်ရာတွေ၊ အမာရွတ်တွေ ဖြစ်နေတာကိုမြင်ရင် ရင်ထဲမှာ စူးစူးနစ်နစ် နာသွားတယ်။ ကိုယ်က အခုလွတ်မြောက်ခွင့် ရသွားပေမဲ့လို့ ကိုယ့်မှာစိတ်ဒဏ်ရာ၊ လူဒဏ်ရာတွေက သေရာပါပဲ။ ဘယ်လိုပဲ ဖြေဖျောက်ဖြေဖျောက် ဘယ်လိုမှ မပျောက်တော့ဘူးပေါ့နော်”

အိမ်တွင်းအကြမ်းဖက်ခံရလို့ ဆိုရှယ်မီဒီယာပေါ်မှာ ဖွင့်ဟတဲ့ဖြစ်ရပ်တွေ အခုနောက်ပိုင်း ပိုများလာတယ်လို့ အမျိုးသမီးအရေး လှုပ်ရှားနေသူတွေက ပြောကြပါတယ်။


ဆက်နွှယ်သော သတင်းများ

နိုင်ငံရေးအကျဉ်းသူတွေ လူ့အခွင့်အရေး ဆိုးဆိုးဝါးဝါး ချိုးဖောက်ခံနေရ

သုံးနှစ်အတွင်း အမျိုးသမီး ရှစ်ရာကျော် အသတ်ခံရပြီး သုံးထောင်ကျော် အဖမ်းခံထားရ

ညောင်ရွှေမြို့က ပရဟိတစံပြအမျိုးသမီး


စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် မတိုင်ခင်အထိ အိမ်တွင်းအကြမ်းဖက်လို့ တိုင်ကြားတဲ့ဖြစ်ရပ် တစ်နှစ်မှာ ၃၀ အထိ အများဆုံးဖြစ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ safe house မှာထားပြီး ကူညီဖြေရှင်းရတဲ့ အမှု ၅၀ ကနေ ၆၀ အထိရှိပြီး အဝေးကနေ ဆွေးနွေးဖြေရှင်းပေးရတာတွေပါ ပေါင်းရင် ၁၀၀ နီးပါးလောက်အထိ ဖြစ်လာတယ်လို့ ကရင်နီ အမျိုးသမီးအစည်းအရုံး (KNWO) ရဲ့ စာရင်းတွေအရ သိရပါတယ်။

ဒီစာရင်းဟာ KNWO လက်လှမ်းမီတဲ့ ကရင်နီဒေသခံကိုပဲ အဓိကထားကောက်ယူထားတာ ဖြစ်ပါတယ်။ KNWO ရဲ့ နောက်ဆုံး ကောက်ယူထားတဲ့ စာရင်းအရ ၂၀၂၄ ခုနှစ် မေလကနေ ဩဂုတ်လ ၃ လတာအတွင်းမှာ ၄၆ မှု ရှိပါတယ်။

အခုလို အိမ်တွင်းအကြမ်းဖက်မှုတွေ မြင့်မားလာတာက အထွေထွေကျပ်တည်း တာတွေကြောင့်အပြင် ကျူးလွန်သူကို အရေးမယူတာကလည်း ပိုပြီးဆိုးရွားတဲ့ အကြမ်းဖက်မှုတွေကို ဖြစ်စေတယ်လို့ KNWO ရဲ့ ဥက္ကဋ္ဌ မော်ဖရေးမြာ က RFA ကို ပြောပါတယ်။

“အမျိုးသားက ဓားယူပြီးတော့မှ သူ့ရဲ့ အမျိုးသမီးကို ခုတ်တာမျိုးမှာ နားရွက်ကွဲတာမျိုး တွေ့ရတယ်။ တချို့ case တွေဆိုရင် အရမ်းသန်မာတဲ့ တုတ်တွေယူပြီးတော့မှ ခါးတွေခြေထောက်တွေ၊ လက်တွေ ရိုက်တာမျိုးတွေရှိတယ်ဆိုတော့ တချို့ဆိုရင် သူရဲ့အထဲက အရိုးထိကျိုးသွားတာမျိုးပေါ့။ ကျွန်မတို့ဘက်က ကျန်းမာရေးအရ ဘယ်လောက်ပဲ လွှဲပြောင်း ကုပေး၊ ကုပေး သာမာန်လူတစ်ယောက်ဖြစ်ထားတာမျိုးလို ပြန်မရတော့ဘူးလေ။ ပြန်ပြီးတော့ကုရမဲ့ရေရှည် တအားအကုန်အကျများတာတွေလည်း ကျွန်မတို့ တွေ့ရတယ်”

အဖွဲ့ကို အကူအညီတောင်းလာရင် ဆွေးနွေးတိုင်ပင်တာ၊ ဆေးဝါးကုသတဲ့အပိုင်းမှာ ကူညီတာနဲ့ Safe house မှာ ယာယီနေထိုင်ခွင့်ပြုတာအပြင် လက်ရှိအခြေအနေအရ တရားရေးပိုင်းဆိုင်ရာကို ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ကို တိုင်တန်းလာမှုတွေကိုလည်း ကူညီနေတယ်လို့လည်း သူက ပြောပါတယ်။

ဒီအခြေအနေတွေဟာ ပြည်တွင်းမှာတင်မကဘဲ ပဋိပက္ခတွေကြောင့် အများစုထွက်ပြေးတိမ်းရှောင်နေတဲ့ ထိုင်း - မြန်မာနယ်စပ်က မြို့တွေမှာလည်း ဖြစ်နေတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ရဲ့ တွဲဖက်အထွေထွေ အတွင်းရေးမှူး ၂ ဒေါ်ဝေဝေက RFA ကို ပြောပါတယ်။

“မဲဆောက်ဒေသမှာ ဖြစ်သွားခဲ့တဲ့ အသက်သေဆုံးမှုတောင်ဖြစ်တဲ့ အခြေအနေထိတောင်မှပဲ အမျိုးသမီးတွေက မလုံခြုံမှုတွေကို အသက်နဲ့ရင်းပြီးတော့ ကြုံတွေ့ရင်ဆိုင်နေရတယ်ဆိုတာက အလွန်ကို သိသာထင်ရှားတဲ့ သက်သေသာဓက တစ်ခုပဲဖြစ်တယ်။ ကျွန်မတို့ အမျိုးသမီးတွေဟာ ဘယ်နေရာမှ မလုံခြုံဘူးဆိုတာကို မြင်တွေ့ရတာလည်းဖြစ်တယ်”

အသက် (၂၆) နှစ်ဝန်းကျင်ရှိတဲ့ မထက်ထက်ဇော်ဟာ မြန်မာနိုင်ငံကနေ နယ်စပ်ဖြတ်ကျော်ပြီး မဲဆောက်မြို့ မှာရှိတဲ့ ခင်ပွန်းသည် ကိုဇော်ဝင်းထွဋ်(ခေါ်) ဝဠာ ဆီလာရင်း အိမ်တွင်းအကြမ်းဖက်ခံရပြီး ပြင်ထန်းစွာ ရိုက်နှက်ခံရတဲ့ဒဏ်ရာတွေကြောင့် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ဆေးရုံမှာ အခုနှစ် ဧပြီလထဲ သေဆုံးခဲ့တာပါ။

အိမ်တွင်းအကြမ်းဖက်မှုဖြစ်တာတွေ များနေတယ်ဆိုပေမဲ့ ဖြစ်ပွားနေတဲ့နေရာတွေကလည်း ကျယ်ပြန့်သလို နိုင်ငံတွင်း မတည်ငြိမ်မှုတွေကြောင့်ပါ ကိန်းဂဏန်းအတိအကျနဲ့ ပြောဖို့ခက်ခဲတယ်လို့ ဒေါ်ဝေဝေက ပြောပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေး အမျိုးသမီးသပိတ်စစ်ကြောင်း မုံရွာမြို့တွင် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့ ဆန္ဒပြခဲ့စဉ်။ (Citizen Journalist Photo)
စစ်အာဏာရှင်ဆန့်ကျင်ရေး အမျိုးသမီးသပိတ်စစ်ကြောင်း မုံရွာမြို့တွင် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့ ဆန္ဒပြခဲ့စဉ်။ (Citizen Journalist Photo)

အိမ်တွင်းအကြမ်းဖက်မှုနဲ့ ပတ်သက်လို့ တရားဥပဒေရော အရေးယူမှု အပိုင်းမှာပါ ခေတ်အဆက်ဆက် အားနည်းခဲ့တာဖြစ်ပြီး ရဲစခန်းကို သွားရောက်တိုင်တန်းရင်လည်း လက်ခံအမှုမဖွင့်ပေးဘူးလို့ ၂၀၁၉ ခုနှစ်က သူကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ဖြစ်စဉ်ကို မမိုးပွင့်က ပြောပြပါတယ်။

၂၀၁၃ ခုနှစ်ကတည်းက စတင်ရေးဆွဲခဲ့တဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု တားဆီးရေးဥပဒေမူကြမ်း (PoVAW) ကို အရပ်သားအစိုးရလက်ထက် လွှတ်တော်မှာပြုစုဆဲ မူကြမ်းအဆင့် ရောက်ခဲ့ပြီး အာဏသိမ်းမှုကြောင့် ရပ်တန့်ခဲ့ပါတယ်။

အာဏမသိမ်းခင်က ဌာနဆိုင်ရာနဲ့ အရပ်ဘက်အဖွဲ့တွေပေါင်းပြီး ပညာပေး ကူညီခဲ့ကြပေမဲ့ အခုကာလတွေမှာတော့ ကူညီပေးချင်ရင်တောင် ပေါ်ပေါ်ထင်ထင် ကူညီလို့မရတာနဲ့ လက်လှမ်းမမီတာတွေ ဖြစ်နေတယ်လို့ အမျိုးသမီးအရေး လှုပ်ရှားနေသူတွေက ပြောပါတယ်။

အိမ်တွင်းအကြမ်းဖက်မှုဆိုတာ သွေးရင်းမိသားစုဝင်ကဖြစ်ဖြစ်၊ အိမ်ထောင်စုဝင်ကဖြစ်ဖြစ် စိတ်ပိုင်း၊ ရုပ်ပိုင်း၊ လိင်ပိုင်းဆိုင်ရာအရ နိုင်ထက်စီးနင်းပြုမူတာကို ဆိုလိုတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။