သုံ့ပန်းနဲ့ တော်လှန်ရေးသမားအဖြစ် စစ်မြေပြင်မှာ ပြန်ဆုံရတဲ့ ညီအစ်ကို

နန်းဆိုင်ဖူး (ဝါရှင်တန်ဒီစီ)
2025.02.07
သုံ့ပန်းနဲ့ တော်လှန်ရေးသမားအဖြစ် စစ်မြေပြင်မှာ ပြန်ဆုံရတဲ့ ညီအစ်ကို စစ်ကောင်စီတပ်သား ကိုသိန်းဌေးအောင် (ဝဲ) နှင့် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLA/DPLF) တပ်ဖွဲ့ဝင် ကိုတိုက်မောင်း (ယာ) တို့ ညီအစ်ကို နှစ်ဦးအားတွေ့ရစဉ်။
DPLA

အသက် ၃၀ အရွယ် ကိုတိုက်မောင်းဟာ အသက် ၃၈ နှစ်အရွယ် ကိုသိန်းဌေးအောင်ဆိုတဲ့ သူ့အစ်ကိုအရင်းကို ဘက်မတူတဲ့ စစ်သားဘဝနဲ့ စစ်မြေပြင်မှာ ပြန်တွေ့ရလိမ့်မယ်လို့ ငယ်ငယ်က မထင်ခဲ့ပါဘူး။ အခုတော့ ရုပ်ရှင်ဆန်ဆန်ပါပဲ။ မြန်မာပြည်ရဲ့ ပြည်တွင်းစစ်က သူတို့ညီအစ်ကိုနှစ်ယောက်ကို ရှမ်းပြည်နယ်က စစ်မြေပြင်မှာ ပြန်တွေ့ရအောင် ဖန်တီးပေးလိုက်ပါပြီ။

တွေ့ရတဲ့ပုံစံကတော့ ညီက စစ်ကောင်စီကို လက်နက်ကိုင်တိုက်တဲ့သူဖြစ်ပြီး စစ်ကောင်စီတပ်သားဖြစ်တဲ့ သူ့အစ်ကိုက စစ်သုံ့ပန်းဘဝနဲ့ပါ။

“ကျွန်တော်ကတော့ သူ့ကို အဲဒီလိုပုံစံမြင်ရတော့ ပျော်လည်းပျော်တယ်။ စိတ်လည်းမကောင်းဘူး။ ကျွန်တော်တို့ အစ်ကိုကို။ ဒါပေမဲ့ မျက်ရည်တော့ မကျဘူး”

တကယ်တော့ ကိုတိုက်မောင်းတို့ဟာ စစ်ကိုင်းတိုင်း ဘုတလင်နယ်သားတွေပါ။ မွေးချင်းညီအစ်ကို မောင်နှမ ခြောက်ယောက်ရှိပြီး သူက အငယ်ဆုံးသားပါ။ ဒါပေမဲ့ ဘဝအခြေအနေကြောင့် ရှမ်းပြည်နယ် နောင်ချိုမြို့နယ်မှာ မိသားစုလိုက် အခြေချနေထိုင်ခဲ့ကြပါတယ်။

“ငါ့သားရှေ့တန်းထွက်လို့ တိုက်ရပြီဆိုလို့ရှိရင် အစ်ကိုရေ ဘာရေဆိုပြီး စိတ်ထဲမထားနဲ့ ငါ့အစ်ကိုများဆိုပြီး စိတ်ထဲမထားနဲ့ ပစ်သာပစ်တဲ့”

သူ့အစ်ကို ကိုသိန်းဌေးအောင်က ပုံမှန်စိတ်မဟုတ်တဲ့ လူငယ်တစ်ယောက်ဖြစ်ခဲ့သလို လွန်ခဲ့တဲ့ ၁၈ နှစ်လောက်မှာ စစ်တပ်ကပေါ်တာဆွဲတာ ခံလိုက်ရပြီး စစ်တပ်ထဲရောက်သွားတာပါ။

“သူတပ်ထဲ ဝင်သွားရတဲ့အကြောင်းရင်း စိတ်ဖောက်တာ။ စိတ်ဖောက်ပြီးတော့ ပေါ်တာဆွဲခံရတယ်။ ပေါ်တာဆွဲခံရပြီးတော့ မြန်မာစစ်တပ်ထဲကို ရောက်သွားတယ်။ အဲဒီအခါတော့ စိတ်က နည်းနည်းပြန် လည်လာတော့ ပြန်သတိရလာတဲ့ခါကျတော့ ၃ နှစ် ၄ နှစ်ကြာမှ အမေ့ဆီကို ဆက်သွယ်လာတယ်။ ဘယ်မှာ တာဝန်ကျနေတယ်။ မြန်မာစစ်တပ်ထဲကို ရောက်နေပြီ။ အဲဒီအချိန်ကျမှ သိလိုက်ရတယ်”

အခုအဖမ်းခံရတဲ့အချိန်မှာ ကိုသိန်းဌေးအောင်က နောင်ချိုမြို့နယ် တောင်ခမ်းဒေသမှာရှိတဲ့ (၉၀၂) အမြောက်တပ်ရင်းမှာ ဒုတပ်ကြပ်ဖြစ်နေတာပါ။

ကိုတိုက်မောင်းတို့ မိသားစုကတော့ နောင်ချိုမှာ တိုက်ပွဲတွေဖြစ်ခဲ့တဲ့ မနှစ်က စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ဖြစ်လာတဲ့အတွက် စစ်ဘေးကနေ တိမ်းရှောင်နေခဲ့ရပါတယ်။ တစ်ပူပေါ် နှစ်ပူဆင့် ဆိုသလိုပါပဲ။ ကိုတိုက်မောင်းဟာ စစ်ဘေးဒုက္ခသည်ဖြစ်နေရတဲ့အပြင် စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကလည်း တခြားလူငယ်တွေကို ခြိမ်းခြောက်နေသလို သူ့အတွက်လည်း စိတ်ခြောက်ခြားခဲ့ရပါတယ်။ ဒါကြောင့် စစ်ကောင်စီကို ပြန်တော်လှန်ဖို့ဆုံးဖြတ်ပြီး သူရောက် နေတဲ့အရပ်မှာရှိတဲ့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLA/DPLF) ထဲဝင်လိုက်ပါတော့တယ်။

“အာဏာသိမ်းပြီး ဝင်မယ်လို့တော့ စိတ်ကူးထားတယ်။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ကျွန်တော်တို့ အမေလည်း အသက်ကြီးနေပြီဆိုတော့ မဝင်ဖြစ်သေးတာ။ နောက်ဆုံး ဒီတိုက်ပွဲတွေ ဖြစ်တော့ မရတော့ဘူး။ တစ်ဖက်တစ်လှမ်း အများကောင်းကျိုးအတွက် လုပ်တာပဲဆိုပြီး ကိုယ့်စိတ်ကို ဆုံးဖြတ်ချက်ချပြီး ဝင်ဖြစ်သွားတာ”

ကိုတိုက်မောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLA/DPLF) ထဲဝင်လိုက်တာ အခုဆိုရင် နှစ်လကျော်သွားပါပြီ။ သူဒီလို တော်လှန်ရေးတပ်သားဖြစ်သွားတဲ့အချိန်မှာတော့ သူ့အစ်ကိုနဲ့ တစ်နေရာ မှာတွေ့ပြီး အပြန်အလှန်တိုက်ရနိုင်တယ်ဆိုတဲ့ အတွေးဝင်ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့အမေက ကိုတိုက်မောင်းဘက်က အားပေးပါတယ်။

“ငါ့သားရှေ့တန်းထွက်လို့ တိုက်ရပြီဆိုလို့ရှိရင် အစ်ကိုရေ ဘာရေဆိုပြီး စိတ်ထဲမထားနဲ့။ ငါ့အစ်ကိုများဆိုပြီး စိတ်ထဲမထားနဲ့။ ပစ်သာပစ်တဲ့”

သူ့အစ်ကို ကိုသိန်းဌေးအောင်ကို တခြားစစ်သားလေးယောက်နဲ့အတူ ပြီးခဲ့တဲ့ဖေဖော်ဝါရီ (၄) ရက်နေ့ မနက်ပိုင်းက နောင်ချိုမြို့နယ် တောင်ခမ်းတိုက်ပွဲမှာ DPLA ရဲဘော်တွေက လက်ရဖမ်းမိခဲ့တာပါ။

“ဖမ်းမိတာက ၅ ယောက်ပေါ့။ တောင်ခမ်းပေါ့။ တိုက်ပွဲမှာပဲ ကျွန်တော်တို့ ဖမ်းရတာ။ အမှန်ကတော့ စစ်သုံ့ပန်းကတော့ စစ်သုံ့ပန်းရဲ့ ဥပဒေအတိုင်း မူဝါဒအတိုင်းတော့ ကျွန်တော်တို့ ဆောင်ရွက်သွားဖို့ ရှိပါတယ်”

သူတို့ကို ဖမ်းမိတဲ့အချိန်မှာ ကိုသိန်းဌေးအောင်ကို ကိုတိုက်မောင်းရဲ့အစ်ကိုဆိုတာ DPLA ရဲဘော်တွေ သိသွားတဲ့အတွက် လှမ်းအသိပေးကြတာ လို့ဆိုပါတယ်။

“ရဲဘော်တွေဖမ်းမိမှ ကျွန်တော့်ကို မင်းအစ်ကိုလား ဆိုပြီးတော့လာပြတယ် အဲဒီအချိန်ကျမှ။ တောင်လှ ရွာလို့တော့ ပြောတယ်။ စိတ်ကောင်းနေတယ်လို့ ပြောလို့ရတယ်။ စိတ်မဖောက်ပြန်သေးဘူး၊ ကျွန်တော့်ကို တွေ့တွေ့ချင်းတော့ အမေရောတဲ့။ အမေက ရှိတယ်လို့။ ကျန်းမာလားတဲ့။ ကျန်းမာနေ ကောင်းလားတဲ့။ အဲတော့ ကျွန်တော့် ဖုန်းထဲက ရိုက်ထားတဲ့ဓာတ်ပုံ ကျွန်တော်ထုတ်ပြလိုက်တယ်”


ဆက်နွှယ်သောသတင်းများ

ဗိုလ်မှူးချုပ်သူရိန်ထွန်းအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို AA ဖမ်းဆီးထား

လားရှိုးက စစ်သုံ့ပန်း မိသားစုဝင် နှစ်ရာကျော်ကို MNDAA ပြန်လွှတ်

စစ်သုံ့ပန်းတွေအပေါ် ကျူးလွန်သူတွေကို အပြစ်ပေးအရေးယူထားကြောင်း AA ပြော


ကိုသိန်းဌေးအောင်တို့ စစ်သုံ့ပန်းတွေရဲ့ထွက်ဆိုချက်အရ စစ်မြေပြင်မှာ မူးယစ်ဆေးဝါးတွေ ကြိုက်သလောက် သုံးစွဲခွင့်ရထားပေမဲ့ ရိက္ခာတော့ ပြတ်နေတယ်လို့ DPLA တာဝန်ခံ ဦးထွန်းထွန်းနိုင်က ပြောပါတယ်။

“သုံ့ပန်းတွေရဲ့ ပြောဆိုချက်အရကတော့ ဆေးတွေသုံးခိုင်းတယ် သုံးပြီးရင် ထိုးစစ်ဆင်ခိုင်းတယ်။ တောက်လျှောက်ပေါ့လေ။ အကြိုက်သုံးပေါ့ဗျာ။ မြေပြင်မှာ ရိက္ခာတော့ ပြတ်ပြီပေါ့။ ရိက္ခာပြတ်တဲ့အချိန်မှာ လေယာဉ်နဲ့ လာချတဲ့အချိန်မှာကို သူတို့လုပြီးတော့မှ စားရတာပေါ့။ သူ့ဟာ ကိုယ့်ဟာ ယူကြတာပေါ့။ ဒါပေမဲ့လည်း ဘယ်လောက်ပဲယူယူ အရာရှိပဲ အများစုရကြတယ်။ အရာရှိပဲ အဓိက စားသုံးကြတယ်ပေါ့။ သူတို့တွေကျတော့ လုံလုံလောက်လောက် ပြည့်ပြည့်ဝဝ မစားကြရဘူး။ သူကတော့ သေချာရှင်းပြပါတယ်”

အခုလိုပြောဆိုတာနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

သူ့အစ်ကိုကို တော်လှန်ရေးအဖွဲ့တွေဆီမှာ လက်နက်ချအလင်းဝင်ဖို့ အမေနဲ့ ညီဖြစ်သူက အရင်ကနားချခဲ့ပေမယ့် ဘာမှမတုံ့ပြန်ဘူးလို့ ကိုတိုက်မောင်းက ပြောပြပါတယ်။ စစ်ကောင်စီဟာ သူ့အစ်ကိုတို့ကို လစာလည်း ပုံမှန်မပေးတော့ဘူးလို့ ဆိုပါတယ်။

“ကျွန်တော်သူ့ကို မေးကြည့်သေးတယ်။ လစာရလားဆိုတော့ လစာတွေကတော့ မရတော့ဘူးတဲ့။ တိုက်ပွဲကာလ ဖြစ်သွားပြီဆိုတော့ အရင်က သူ့လစာက ဆုငွေတွေရောအပါ တစ်လကို ၃ သိန်းလောက်တော့ ရမှာပေါ့။ အခုတော့ တိုက်ပွဲကာလဖြစ်နေတော့ ဘယ်လစာမှ မပေးနိုင် မရနိုင်။ သုံးဖို့ စွဲဖို့ ၄ သောင်း ၅ သောင်းလောက်ပဲ ရနိုင်တော့တယ်။ ၁၀၂၇ နောက်ပိုင်းမှာလို့ ပြောလို့ရတယ်”

အခုတော့ ကိုသိန်းဌေးအောင်တို့ စစ်သုံ့ပန်းတွေဟာ ဆေးသုံးထားတာ၊ အဟာရချို့တဲ့တာ၊ ပင်ပန်းတာတွေကြောင့် ဆေးကုဖို့လိုနေပါတယ်။ ဒါပေမဲ့ ရှေ့တန်းစစ်မြေပြင်မှာပဲရှိနေသေးတဲ့အတွက် သူတို့ရဲ့ ကျန်းမာရေးကို သေချာမကုပေးနိုင်သေးဘူးလို့ ဦးထွန်းထွန်းနိုင်က ပြောပါတယ်။

ကိုတိုက်မောင်းကတော့ မြန်မာပြည်သူတွေကိုအေးချမ်းစေချင်ပြီလို့ပြောပါတယ်။

“ရှေ့ဆက်ဘာလုပ်ဖို့လဲဆိုတော့ ကျွန်တော်တို့ စိတ်ဓာတ်က မြန်မာစစ်တပ်ကို တိုက်ထုတ်ချင်တယ်။ ပြည်သူတွေကိုလည်း ကောင်းကောင်းမွန်မွန် နေစေချင်တယ်။ အေးအေးချမ်းချမ်း။ ဒီနိုင်ငံရေးကို မြန်မြန်ပြီးစေချင်တယ်”

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။