ရခိုင်မှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် တစ်လအတွင်း အရပ်သား ငါးဆယ်ခန့် သေဆုံး
2024.07.02
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သား သေဆုံးဒဏ်ရာရတာတွေလည်း နေ့စဉ် တိုးနေပါတယ်။
RFA က ပြုစုထားတဲ့ စာရင်းတွေအရ ဇွန်လအတွင်း ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲကြား စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အရပ်သား ၄၉ ယောက် သေဆုံးပြီး ၁၀၅ ယောက် ဒဏ်ရာရခဲ့ပါတယ်။
"သူတို့ကတော့ AA ရှိလို့ ပစ်တာလို့ ပြောပေမဲ့ အဓိကထိတာက အရပ်သားတွေပဲ ထိတယ်"
သံတွဲ၊ တောင်ကုတ်၊ မောင်တော၊ ပေါက်တော၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ မြေပုံ၊ ကျောက်တော်၊ အမ်းစတဲ့မြို့နယ်တွေက အရပ်သားတွေ သေဆုံးဒဏ်ရာရတာဖြစ်ပြီး သံတွဲမြို့နယ်မှာ သေဆုံးသူ ၂၃ ဦး၊ ဒဏ်ရာရသူ ၃၁ ဦးနဲ့ အရပ်သား ထိခိုက်မှု အများဆုံးမြို့နယ်ဖြစ်ပါတယ်။ မောင်တောမြို့နယ်မှာတော့ သေဆုံးသူ ဆယ်ဦး၊ ဒဏ်ရာရသူ ၂၉ ဦးနဲ့ အရပ်သားထိခိုက်မှု ဒုတိယအများဆုံးဖြစ်ပါတယ်။
သံတွဲမြို့နယ် ဆင်ခေါင်းရွာမှာ ဇွန်လ ၄ရက်နေ့ တစ်ရက်တည်းမှာပဲ စစ်ကောင်စီတပ်က လက်နက်ကြီး၊ ဒရုန်း၊ ဂျက်တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲမှုကြောင့် ရွာသား ၁၄ ဦး အစုလိုက်အပြုံလိုက်သေဆုံးပြီး ၂၄ ဦး ဒဏ်ရာရခဲ့ပါတယ်။ လက်နက်ကြီးနဲ့ ဗုံးဒဏ်ကြောင့် အိမ်ခြေ တစ်ရာကျော်လည်း ပျက်စီးသွားပါတယ်။
အရပ်သားတွေရှိတဲ့ နေရာတွေကို စစ်ကောင်စီတပ်က ပစ်မှတ်ထားတိုက်ခိုက်နေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သံတွဲမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“အစုလိုက်အပြုံလိုက် သေဆုံးတာက အဓိက လေကြောင်းကပစ်တဲ့ လက်နက်ကြီးတွေကြောင့် သေရတာလေ။ အခုက ဘယ်လိုလဲဆိုတော့ ရပ်ကွက်တွေ၊ ကျေးရွာတွေကို ပစ်တယ်။ သူတို့ကတော့ AA ရှိလို့ ပစ်တာလို့ ပြောပေမဲ့ အဓိကထိတာက အရပ်သားတွေပဲ ထိတယ်။ အဲဒီတော့ အရပ်သားတွေကို ပစ်မှတ်ထားသလို ဖြစ်တာပေါ့”
သံတွဲမြို့နယ်မှာ ပြီးခဲ့တဲ့ ဧပြီလကစလို့ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲစတင်ဖြစ်ပွားပြီး မေလကလည်း အရပ်သား ၂၃ ဦး သေဆုံးခဲ့သလို ငါးဦးထက်မနည်းလည်း ဒဏ်ရာရခဲ့ပါတယ်။ လက်ရှိမှာလည်း တိုက်ပွဲပြင်းထန်နေဆဲဖြစ်တာကြောင့် အရပ်သားတွေ စိုးရိမ်ကြောက်လန့်နေကြပါတယ်။
အလားတူ မောင်တောမြို့နယ်မှာလည်း စစ်ကောင်စီတပ်နဲ့ AA တို့ တိုက်ပွဲပြင်းထန်နေပြီး နေ့စဉ် အရပ်သားတွေ ထိခိုက်သေဆုံးနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရိုဟင်ဂျာတစ်ဦးက RFA ကို ပြောပါတယ်။
“မောင်တောမြို့နယ် ရွှေဇားအုပ်စုမှာ တစ်အိမ်မှာ လူနှစ်ယောက်က သေသွားတယ်။ ကျန်တဲ့သူတွေကလည်း ဒဏ်ရာရတယ်။ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်တာပါ။ နေ့တိုင်း တိုက်ပွဲကြားမှာ အရပ်သားတွေ သေဆုံးတာ၊ ဒဏ်ရာရတာတွေ ရှိပါတယ်”
ကျောက်တော်မှာ ဒဏ်ရာရသူ သုံးဦးနဲ့ သေဆုံးသူ တစ်ဦး၊ မင်းပြားမြို့နယ်မှာ သေဆုံးသူ တစ်ဦးနဲ့ စစ်တွေမြို့နယ်မှာတော့ သေဆုံးသူ နှစ်ဦးရှိပါတယ်။
တိုက်ပွဲပြင်းထန်နေတဲ့ မြို့နယ်တွေအပြင် AA သိမ်းပိုက်ထားတဲ့ မြို့နယ်တွေကိုလည်း စစ်ကောင်စီတပ်က ဗုံးကြဲတာတွေကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးတာတွေလည်းရှိပါတယ်။
ဇွန်လအတွင်း AA သိမ်းပိုက်ထားတဲ့မြို့တွေထဲက ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မြေပုံ၊ တောင်ကုတ်နဲ့ အမ်းမြို့နယ်တွေမှာ စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား ၁၂ ဦး သေဆုံးပြီး ၄၂ ဦး ဒဏ်ရာရခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာ စစ်ရေးရှုံးနိမ့်နေတာကြောင့် အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာလို့ ရခိုင်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက RFA ကို ပြောပါတယ်။
“စစ်ကောင်စီဟာ စစ်ရှုံးနေတဲ့ အခြေအနေဖြစ်နေတော့ ပြည်သူတွေကို လေယာဉ်နဲ့ ဗုံးကြဲတာတို့၊ လက်နက်ကြီးနဲ့ ပစ်တာတို့ အဲဒီလို အမြဲတမ်းလုပ်ဆောင်နေတာ ကျွန်တော်တို့ တွေ့ရတယ်။ စစ်ကို စစ်နဲ့တူအောင် မတိုက်ဘဲနဲ့ ပြည်သူတွေကို အမြဲတမ်း လူ့အခွင့်အရေး ချိုးဖောက်တာတို့ စစ်ရာဇဝတ်မှု ကျူးလွန်တာတို့ လုပ်နေတယ်။ စစ်ကောင်စီတပ်ဟာ ရှုံးမဲမဲလို့ အဲဒီလို လုပ်တာလို့ မြင်ပါတယ်”
အခုလို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သားတွေ သေဆုံးဒဏ်ရာရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းတို့ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်နေတာ ခုနစ်လကျော်ရှိနေပြီဖြစ်ပြီး ဒီစစ်ရေးကာလအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုကြောင့် သေဆုံးတဲ့ အရပ်သား (၃၁၉) ဦးနဲ့ ဒဏ်ရာရသူ (၁,၁၄၆) ဦးရှိသွားပြီလို့ ဇွန်လ ၈ ရက်နေ့မှာ AA က ထုတ်ပြန်ထားပါတယ်။