စစ်ကိုင်းတိုင်း၊ ဝက်လက်နဲ့ ကန့်ဘလူမှာ နေအိမ်နှစ်ရာနီးပါး မီးရှို့ခံရ
2025.02.12

Updated 5:01 PM, Feb 12,2025
စစ်ကိုင်းတိုင်း၊ ဝက်လက်နဲ့ ကန့်ဘလူမြို့နယ်ထဲက ရွာတွေကို စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့တွေက အခုရက်ပိုင်းတွေအတွင်း ဝင်ရောက်စီးနင်းချိန် ရွာသုံးရွာက နေအိမ်နှစ်ရာနီးပါး မီးရှို့ခံခဲ့ရသလို ဒေသခံတစ်သောင်းခန့်လည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့က ကန့်ဘလူမြို့နယ် ကိုးမြို့ရွာနဲ့ သိုးဘိုး (ဘိုးဘိုး) ရွာတွေကို အင်အား ၁၂၀ ခန့်ပါတဲ့ စစ်ကောင်စီရဲ့ ခမရ (၃၆၁) နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့က စီးနင်းမီးရှို့လို့ခဲ့တာကြောင့် အဲဒီရွာနှစ်ရွာက နေအိမ်ရှစ်ဆယ်ခန့် မီးလောင်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
“ကိုးမြို့ရွာဟာ ခုနစ်ကြိမ်မြောက်နဲ့ သိုးဘိုးရွာကတော့ လေးကြိမ်မြောက် မီးရှို့ခံရတာလို့ ဆိုပါတယ်”
အဲဒီရွာတွေဟာ အရင်ကလည်း အကြိမ်ကြိမ် မီးရှို့ဖျက်ဆီးခံရတဲ့ ရွာတွေဖြစ်ပြီး ဒီတစ်ခေါက်မှာလည်း လေးနာရီခန့် မီးရှို့သွားတာကြောင့် ရွာနှစ်ရွာလုံးမှာရှိတဲ့ လက်ကျန်နေအိမ် အားလုံးနီးပါး မီးထဲပါသွားနိုင်တယ်လို့ ကိုးမြို့ရွာရဲ့ ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“ဒါန်းပင်ပျူရွာ၊ သင်ပေါင်းကျင်းပျူရွာ၊ ညောင်ဇင်ပျူရွာကနေ ထွက်ခဲ့ပြီးတော့ ကိုးမြို့ရွာကို အရင်စရှို့တာ။ ကျွန်တော်တို့ ကိုးမြို့ဆိုရင် ဆယ်နာရီလောက်ကနေ စရှို့တာ နှစ်နာရီလောက်အထိ ရှို့တာ။ သိုးဘိုးရွာကိုမှ ၁၁ ခွဲတော့ စရှို့တာ သိုးဘိုးရွာကို။ ကျွန်တော်တို့ရွာ ရှို့ခံရတာ ဒါရောဆို ခုနစ်ကြိမ်ရှိပြီ။ သိုးဘိုးကလည်း ရွာလုံးကျွတ်ပဲ မရှိတော့ဘူး။ အရင်တုန်းက ကျန်တာမှ နှစ်ဆယ်လောက်ပဲ ကျန်တာ။ သူတို့ရှို့သွားတဲ့ အခြေအနေအရဆို ရွာလုံးကျွတ်လို့ သတ်မှတ်ရတော့မှာ။ သူတို့ကတော့ ပျူရွာတွေနဲ့ ထိစပ်နေတာဆိုတော့ နယ်မြေရှင်းလင်းရေးဆိုပြီး လုပ်ဆောင်တာပဲ။ ပျူစောထီးမရှိတဲ့ ရွာတွေပေါ့ဗျာ။ ဒီဘက် NUG အစိုးရလက်အောက်က ရွာတွေပေါ့ဗျာ။ ပကဖ ရွာတွေပေါ့”
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်နေ့က ကိုးမြို့နဲ့ သိုးဘိုးရွာအနီးက ချင်မြစ်ကျင်းရွာ ပျူစောထီးစခန်းက ပျူစောထီးရှစ်ဦး တိုက်ခိုက်ခံရပြီးနောက် ကာကွယ်ရေးအဖွဲ့တွေ စိုးမိုးတဲ့ရွာတွေကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေက တန်ပြန်စစ်ကြောင်းထိုး မီးရှို့နေတာလို့ ဆိုပါတယ်။
ကိုးမြို့ရွာဟာ ခုနစ်ကြိမ်မြောက်နဲ့ သိုးဘိုးရွာကတော့ လေးကြိမ်မြောက် မီးရှို့ခံရတာလို့ ဆိုပါတယ်။ စစ်ကြောင်းထိုးလာချိန် ကျေးရွာသားတွေက ကြိုတင်ရှောင်ရှားလိုက်နိုင်တာကြောင့် အရပ်သားတွေ ထိခိုက်တာတော့ မရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကြောင်း ထိုးတဲ့အတွက်ကြောင့် ကိုးမြို့၊ သိုးဘိုးရွာတွေအပြင် ညောင်ဇင်ကြီး၊ တောင့်တဲကုန်း၊ ဖလုံချိုင်၊ သရက်ခေါင်း၊ ငါးရာနဲ (တောင်)နဲ့ ငါးရာနဲ (မြောက်) ရွာက ဒေသခံ တစ်သောင်းခန့် ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ပြီးခဲ့တဲ့နှစ်တွေမှာလည်း ကာကွယ်ရေးအဖွဲ့တွေ စိုးမိုးတဲ့ရွာတွေကို စစ်ကြောင်းထိုး မီးရှို့တာတွေ ခပ်စိပ်စိပ် ကြုံတွေ့ခဲ့ရပါတယ်”
လက်ရှိမှာ မီးရှို့သွားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းဟာ ကန့်ဘလူမြို့နယ်ထဲက ပျူစောထီး အထိုင်စခန်းရှိတဲ့ ရွာတွေနဲ့ တန့်ဆည်မြို့နယ်က ပျူစောထီး အထိုင်စခန်းရှိတဲ့ ရွာတွေကို ရောက်ရှိနေတယ်လို့ ဆိုပါတယ်။
၂၀၂၄ ခုနှစ် အောက်တိုဘာကလည်း ကန့်ဘလူမြို့နယ် ကာဘိုးရွာမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ပစ်ခတ်ခံရပြီးတဲ့နောက် အနီးအနားက ကျောက်တိုင်နဲ့ ကျီစုရွာတွေကို စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းက ဝင်ရောက်မီးရှို့ခဲ့လို့ ဘာသာရေး အဆောက်အအုံတွေ အပါအဝင် နေအိမ်လေးရာခန့် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကန့်ဘလူမြို့နယ်ဟာ စစ်တပ်လက်အောက်ခံ ပျူစောထီး အားကောင်းတဲ့ ဒေသတစ်ခု ဖြစ်တာကြောင့် ပြီးခဲ့တဲ့နှစ်တွေမှာလည်း ကာကွယ်ရေးအဖွဲ့တွေ စိုးမိုးတဲ့ရွာတွေကို စစ်ကြောင်းထိုး မီးရှို့တာတွေ ခပ်စိပ်စိပ် ကြုံတွေ့ခဲ့ရတယ်လို့ ကန့်ဘလူ ဒေသခံတွေက ပြောပါတယ်။
အလားတူ ဝက်လက်မြို့နယ်အရှေ့ဘက်အခြမ်း ဧရာဝတီမြစ်ဘေးက ရွာသစ်ရွာကိုလည်း စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၉ ရက်နေ့မှာ ဝင်ရောက်စီးနင်းချိန် အရပ်သားတစ်ဦးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး သတ်ဖြတ်ခံရပြီး ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အိမ်ခြေ ၁၂၀ ခန့်ရှိတဲ့ ရွာသစ်ရွာဟာ စစ်ကောင်စီတပ် အင်အားလေးဆယ်ကျော်နဲ့ အမြဲတမ်း အထိုင်ချတပ်စွဲထားတဲ့ ဧရာဝတီမြစ်ဘေးမှာပဲရှိတဲ့ ရှိမ်းမကားရွာနဲ့ တစ်မိုင်ခန့်အကွာမှာ တည်ရှိတာပါ။
ရှိမ်းမကားရွာက စစ်တပ်အင်အားနဲ့ စစ်ကိုင်းမြို့အခြေစိုက် တပ်မ - ၃၃ စစ်ကြောင်းတို့ ပူးပေါင်းပြီး ရွာသစ်ရွာအနီးမှာရှိတဲ့ PDF ကင်းစခန်းကို စီးနင်းပြီးနောက် ရွာကိုမီးရှို့ခဲ့တာလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“MOD တပ်ရင်း (၁၇) က အဲဒီမှာ ကင်းနေရာ ယူပေးထားတာ။ အဲဒီကလေးတွေ ဝင်စီးခံရတာ။ ဝင်စီးခံရတဲ့အချိန်မှာ တစ်ယောက် ကျတယ်ပေါ့။ တစ်ယောက် ဒဏ်ရာရတယ်။ ပြည်သူတစ်ယောက်လည်း သူတို့ ပစ်သတ်ထားခဲ့တယ် ပြောတယ်။ ရွာကတော့ မီးရှို့တာ၊ အိမ်ခြေတစ်ရာကျော်တော့ ပါသွားတယ်။ ဆယ်အိမ်၊ ၁၅ အိမ်ပေါ့။ အလွန်ဆုံးတော့ အလွန်ဆုံး အဲဒီလောက်ပဲ ကျန်တော့မယ်ပြောတယ်။ ကုန်လုနီးပါးဖြစ်သွားတာပဲ။ မြစ်ရိုးနှုတ်ခမ်းလေးပဲ ရှိတော့တာ။ အရင်တုန်းကတော့ မရှို့နိုင်ဘူး။ အရင်တုန်းက ရှိမ်းမကားမှာရှိတဲ့ဟာက လေး၊ ငါးဆယ်လောက်ဆိုတော့ သူတို့ထွက်ပြီးတော့ မရှို့နိုင်ဘူး။ အခုဟာကတော့ ထပ်ပြီးတော့ အင်အားဖြည့်ထားတာကတော့ တစ်ရာကျော်နေတာပေါ့”
စစ်ကြောင်းထိုး မီးရှို့သွားတဲ့ စစ်ကိုင်းမြို့အခြေစိုက် တပ်မ - ၃၃ စစ်ကြောင်းဟာ လက်ရှိမှာ ရှိမ်းမကားရွာ စစ်ကောင်စီတပ်စခန်းမှာ ရှိနေသေးတယ်လို့ သူက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ ဦးညွန့်ဝင်းအောင်ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ဇန်နဝါရီအတွင်းက ဝက်လက်မြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ အင်အား ၁၅၀ ခန့်ပါ စစ်ကောင်စီတပ် စစ်ကြောင်းနှစ်ခုကို ကာကွယ်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်တာကြောင့် စစ်ကောင်စီတပ်သားတွေ သေဆုံးထိခိုက်မှု များခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ဆက်နွှယ်သောသတင်းများ
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက အရပ်သားနေအိမ်တစ်သိန်းကျော်ကို မီးရှို့ဖျက်ဆီး
နွားထိုးကြီးမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေပြီး နေအိမ်တစ်ရာခန့် မီးရှို့ခံရ
မီးဘေးသင့် ဒေသခံတွေအတွက် ထန်းတဲအလှူ
လက်နက်ကိုင် တော်လှန်ရေး အားကောင်းလာတဲ့ စစ်ကိုင်းတိုင်းကို စစ်ကောင်စီက အပြည့်အဝစိုးမိုးနိုင်ဖို့ ကြိုးစားနေတာကြောင့် မီးရှို့ဖျက်ဆီးခံရမှုတွေ အများဆုံးဖြစ်နေတာလို့ စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ အညာပစ်တိုင်းထောင်လေးများအဖွဲ့ တာဝန်ခံ မဖူးပွင့်ဝေက RFA ကို ပြောပါတယ်။
“အညာဒေသအနေနဲ့ စစ်တပ်ဘက်မှာပဲ အကုန် ရပ်တည်ခဲ့ကြတဲ့ဟာတွေက အခု နွေဦးတော်လှန်ရေး စတင်ဖော်ဆောင်လိုက်တဲ့အခါမှာ စစ်ကောင်စီအနေနဲ့ မြေပြန့်အညာဒေသကို လက်မလွတ်ရရေး အစွမ်းကုန် ကြိုးစားတဲ့အခါမှာ ရွာတွေ မီးရှို့ခံရတယ်။ စစ်ဘေးတိမ်းရှောင်ရတဲ့ ပြည်သူလူထု ပိုပြီးများလာတယ်ပေါ့။ တချို့ဒေသတွေမှာဆိုရင် စစ်ကောင်စီရဲ့ မီးရှို့တာ ခံလိုက်ရတယ်။ စစ်ကောင်စီကနေ ပြီးတော့မှ ရွာတွေကို ပေးမနေတော့ဘဲ အထိုင်ချတပ်စွဲလိုက်တာတွေ ရှိတယ်ပေါ့နော်။ အဲဒီလိုအနေအထားမျိုးမှာ ကျေးရွာတွေမှာ ပြန်လည်နေထိုင်နိုင်ခြင်း မရှိဘူး။ သူတို့ရဲ့ လက်ငုတ်လက်ရင်း လုပ်ကိုင်စားသောက်နေတဲ့ တောင်သူလယ်သမားတွေ၊ တခြား လက်ငုပ်လက်ရင်း အလုပ်အကိုင်လေးတွေလည်း ပစ်ထားရတယ်ပေါ့နော်။ အဲဒီလို အနေအထားမျိုးမှာ ပြန်လည်တည်ထောင်ဖို့အရေးဆိုတာ လုံးဝခက်ခဲသွားပြီပေါ့နော်”
အကူအညီ ပေးနေကြတဲ့အဖွဲ့တွေအနေနဲ့ စစ်ကိုင်းတိုင်းထဲက နေအိမ် မီးလောင်ဆုံးရှုံးခဲ့ရတဲ့ အရပ်သားတွေအတွက် ဆုံးရှုံးမှုနဲ့ ထိုက်တန်တဲ့ အကူအညီတွေ မပံ့ပိုးပေးနိုင်ကြဘူးလို့ သူက ပြောပါတယ်။
လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar က ဖေဖော်ဝါရီ ၁၁ ရက်နေ့ ထုတ်ပြန်ချက်မှာ စစ်တပ်အာဏာသိမ်းခဲ့ချိန်ကနေ ၂၀၂၄ ခုနှစ် အောက်တိုဘာအထိ သုံးနှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်းမှာ မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်ပေါင်း တစ်သိန်းခုနစ်ထောင်နီးပါး (၁၀၆,၉၅၀ လုံး) ရှိနေတယ်လို့ ဖော်ပြပါတယ်။
စစ်ကိုင်းတိုင်းကတော့ မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်ပေါင်း ခုနစ်သောင်းကျော် (၇၄,၄၁၄ လုံး) နဲ့ အများဆုံးဖြစ်ပြီး ရာခိုင်နှုန်းအနေနဲ့ ၆၉ ရာခိုင်နှုန်းရှိတယ်လို့လည်း ဆိုပါတယ်။
(မှတ်ချက်။ ဤဆောင်းပါးတွင် အညာပစ်တိုင်းထောင်လေးများအဖွဲ့ တာဝန်ခံ မဖူးပွင့်ဝေ၏ပြောဆိုချက်ကို ဖြည့်စွက်ထားပါသည်။)