ဝက်လက်က ကျေးရွာနှစ်ရွာ မီးရှို့ခံရပြီး ဒေသခံ ၄၀၀၀ ကျော် ထွက်ပြေး

RFA Burmese
2023.03.04
Share on WhatsApp
Share on WhatsApp
ဝက်လက်က ကျေးရွာနှစ်ရွာ မီးရှို့ခံရပြီး ဒေသခံ ၄၀၀၀ ကျော် ထွက်ပြေး ဝက်လက်မြို့နယ် စိုင်နိုင်ကြီးရွာကို ၂၀၂၃ ခုနှစ်၊ မတ်လ ၃ ရက်နေ့က စစ်ကောင်စီတပ် ဝင်ရောက်မီးရှို့ဖျက်ဆီးမှုကြောင့် မီးလောင်ပျက်စီးနေသည့် နေအိမ်အဆောက်အအုံအချို့အား တွေ့ရစဉ်။
Citizen Journalist

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့ဘက်ခြမ်းက စိုင်နိုင်ကြီးရွာနဲ့ စိုင်နိုင်လေးရွာကို မတ်လ ၃ ရက်က စစ်ကောင်စီတပ်သား ၁၀၀ နီးပါး ဝင်ရောက်စီးနင်းခဲ့ပါတယ်။

ဒီစီးနင်းမှုကြောင့် အရပ်သား ၄၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသလို နေအိမ် ၆၀ နဲ့ ဆန်စပါးတင်း နှစ်သောင်း (၂၀၀၀၀) နီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မန္တလေး-ရွှေဘို ကားလမ်းမဘေးမှာ ရှိတဲ့ စိုင်နိုင်ကြီးရွာကို နေ့လယ် ၁၁ နာရီကနေ ၁ နာရီထိ နှစ်နာရီကြာ ဝင်ရောက် စီးနင်းခဲ့တာပါ။ နေအိမ် ၅၆ လုံးလည်း မီးလောင်ခဲ့တယ်လို့ စိုင်နိုင်ကြီးရွာခံတစ်ဦးက ပြောပါတယ်။

"စိုင်နိုင်လေးက ပြည်သူတွေအကုန် ထွက်ပြေးတဲ့အချိန်မှာ သူတို့က ရွာထဲကို ဝင်ပြီး ရှို့သွားတာ။ အိမ်ထောင်စုက ၁၀ စုလောက် ပျက်စီးသွားတယ်"

"၁၀ နာရီ ကွက်တိကို မောင်ဖြိုးလမ်းလေး အောင်ဖြိုးမောက်ကနေမှတစ်ဆင့် တွဲကားကြီးနဲ့ ဒီဘက်ကို ပါလာတယ်။ ပါလာပြီး ရွာရဲ့တောင်ဘက်ကို ချပြီးတော့ တစ်ခါတည်း ပစ်ပစ်ဝင်ဝင် ဝင်လာကြတော့ တာပဲ။ ပြောမယ်ဆိုရင် ဘာမှ လူတွေက ရှောင်ချိန်ကို မရလောက်အောင်ကို ဖြစ်သွားတာ၊ လူတွေကတော့ အသက်ဘေးက လွတ်မြောက်ပါတယ်။ ဥစ္စာပစ္စည်းကတော့ တစ်ယောက်မှ စွဲမထုတ်လိုက်နိုင်ဘူး။ စပါးကတော့ တစ်ဦးတည်းကို တစ်သောင်းကျော်လောက်ရယ်၊ ဒီဘက်ဘေးအိမ် တောင်သူတွေနဲ့ဆို စပါးက ပြောရမယ် ဆိုရင်တော့ စုစုပေါင်းရင် နှစ်သောင်းကျော်လောက် ပါမယ်ထင်တာပဲ။ မီးလောင်ဗုံး တွေနဲ့ ထုသွင်းသွားတာဗျ။ တောင်ကနေစပြီးတော့ ပစ်ခတ်လာတဲ့အချိန်မှာ လူတွေက မီးကထွက်ပြေးတဲ့အချိန် သစ်ပင်တွေရော၊ ဘာတွေရော အကုန်လုံး လောင်ကျွမ်းသွားတာ။ ကားလမ်း အရှေ့ဘက်ခြမ်း ၅၆ လုံး အတိအကျပါဗျ”

စိုင်နိုင်ကြီးရွာမှာ နေအိမ် ၁၂၀၀ ကျော်နဲ့ လူဦးရေ သုံးထောင်ကျော် နေထိုင်ပြီး လက်ရှိမှာ တောတောင်တွေနဲ့ တောင်ယာတွေထဲကို ပြောင်းရွှေ့နေထိုင် ကြတယ်လို့ သူက ပြောပါတယ်။

ဒီ့အပြင် စပါးတွေ မီးရှို့ဖျက်ဆီးခံရတာကြောင့် ဒေသခံတွေအတွက် စားနပ်ရိက္ခာလည်း အရေးတကြီးလိုအပ်နေတယ်လို့ ဆိုပါတယ်။

စိုင်နိုင်ကြီးရွာနဲ့ နှစ်မိုင်ကျော်မှာ ရှိတဲ့ စိုင်နိုင်လေးရွာကိုတော့ မတ်လ ၃ ရက် နေ့လယ် ၁၂ နာရီကျော်မှာ စစ်ကောင်စီတပ်က ဝင်ရောက်ခဲ့ပါတယ်။ နေအိမ် ၁၀ လုံးနဲ့ စပါးတင်း ၄၀၀ကို မီးရှို့ ဖျက်ဆီးသွားတယ်လို့ စိုင်နိုင်လေးရွာဒေသခံ ကိုနွေဦးက ပြောပါတယ်။

"စိုင်နိုင်ကြီးကနေတစ်ဆင့် စိုင်နိုင်လေးကို ကူးလာတယ်။ စိုင်နိုင်လေးက ပြည်သူတွေအကုန် ထွက်ပြေးတဲ့အချိန်မှာ သူတို့က ရွာထဲကို ဝင်ပြီး ရှို့သွားတာ။ အိမ်ထောင်စုက ၁၀ စုလောက် ပျက်စီးသွားတယ်။ ပြည်သူတွေကတော့ ရွာကို ပြန်ဝင်ပြီး သူတို့စစ်ကြောင်းထွက်တဲ့အချိန်ကျမှ မီးငြှိမ်းသတ်ရတယ်။ ဒီမနက်မှာ ရွာကို ရှင်းလင်းလေးတွေ လုပ်နေတာပေါ့။ ပြည်သူတွေကတော့ သူတို့ ဆွေမျိုး၊ သားချင်းအိမ်မှာ ကပ်နေကြတာပေါ့ "

စိုင်နိုင်လေးရွာမှာ နေအိမ် ၃၀၀ကျော်နဲ့ လူဦးရေ ၁၀၀၀ နီးပါး နေထိုင်ပါတယ်။ လက်ရှိမှာ စစ်ကောင်စီတပ်တွေ ပြန်ထွက်သွားတာကြောင့် ဒေသခံတချို့ ရွာထဲကိုဝင်ရောက်ပြီး ရှင်းလင်းရေးလုပ်နေတယ်လို့ သူက ပြောပါတယ်။

ဒီရွာနှစ် ရွာကို ဝင်ရောက်ခဲ့တဲ့ စစ်ကြောင်းဟာ မနေ့ကပဲ ရွှေဘိုမြို့နယ်အတွင်းကို ဆက်လက် စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဝက်လက်မြို့နယ် ပကဖအဖွဲ့တာဝန်ရှိသူ တစ်ဦးကတော့ သူတို့အနေနဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။

"သူတို့က နောက်တစ်ရက်ကွာလည်း ရောက်ချင်ရောက်လာတာဆိုတော့ ဒီအတိုင်းပဲ ထိုင်စောင့်ကြည့်နေရတာပဲ အလုပ်မလုပ်ဘဲနဲ့၊ စောင့်ကြည့် အခြေအနေပဲ ရှိနေတာပေါ့။ ကားတို့ ဘာတို့နဲ့ ထိုးတဲ့ စစ်ကြောင်းကတော့ ၂၀၂၂ ခုနှစ် စက်တင်ဘာလက ဟန်လင်းမြို့ကနေ ထိုးစစ်လာလို့ အဲဒီတစ်ကြောင်းပဲ ကားနဲ့ ဆင်းဖူးတယ်။ တိုက်ပွဲဆိုတာ ဖြစ်ခဲပါတယ်။ သူတို့ဘာသာ သူတို့ လျှောက်ပစ်တာ။ သူတို့ ထင်တဲ့နေရာတွေကို ဆင်းတယ်။ လျှောက်ပစ်တယ်။ မထင်ရင် မီးရှို့တယ်။ သူတို့ကြည့်လို့ရနေရင်တော့ ဘာမှ မလုပ်ဘူး"

ဝက်လက်မြို့နယ် စိုင်နိုင်ကြီးရွာကို ၂၀၂၃ ခုနှစ်၊ မတ်လ ၃ ရက်နေ့က စစ်ကောင်စီတပ် ဝင်ရောက်မီးရှို့ဖျက်ဆီးမှုကြောင့် မီးလောင်ပျက်စီးနေသည့် နေအိမ်အဆောက်အအုံအချို့အား  တွေ့ရစဉ်။ (Photo: Citizen Journalist)
ဝက်လက်မြို့နယ် စိုင်နိုင်ကြီးရွာကို ၂၀၂၃ ခုနှစ်၊ မတ်လ ၃ ရက်နေ့က စစ်ကောင်စီတပ် ဝင်ရောက်မီးရှို့ဖျက်ဆီးမှုကြောင့် မီးလောင်ပျက်စီးနေသည့် နေအိမ်အဆောက်အအုံအချို့အား တွေ့ရစဉ်။ (Photo: Citizen Journalist)

စစ်ကိုင်းတိုင်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်က စပါးတင်း ၂၀,၀၀၀ကျော် ပျက်စီးဆုံးရှုံးသွားတဲ့ အခြေအနေကို မသိရသေးဘူးလို့ မတ်လ ၄ ရက်မှာ RFA ကို ပြောပါတယ်။

ဒါပေမဲ့ အခက်အခဲဖြစ်နေတဲ့ဒေသခံတွေကိုတော့ ကူညီထောက်ပံ့နေတယ်လို့ ဦးအေးလှိုင်က ပြောပါတယ်။

"သူ့ဟာသူ ဘယ်ဘက်ကဖြစ်ဖြစ် ဟိုဘက်ကို ထောက်ခံခံ၊ ဒီဘက်ကို ထောက်ခံခံ၊ ဘယ်သူ့ကို ထောက်ခံခံ တကယ်လိုများ တစ်ခုခု အခက်အခဲ ဖြစ်တယ်ဆိုရင် သက်ဆိုင်ရာ ကျနော်တို့က မြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့၊ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့တို့ကနေ ငွေတွေကြိုပြီး ပေးထားတယ်။ လိုအပ်တာ ထောက်ပံ့ခိုင်းထားတယ်။  ဆန်၊ ဆီ၊ ဆေး၊ ဆား၊ ကြာဆံ ငါးမျိုး ထောက်ပံ့ခိုင်းထားတယ်။  ဟိုဘက်က လူလား၊ ဒီဘက်ကလူလား မစိစစ်ဘူး။ အခက်အခဲတွေ ဖြစ်နေတယ်ဆိုရင် ထောက်ပံ့ပေးလိုက်ပါဆိုပြီး ခရိုင်စီမံခန့်ခွဲရေးအဖွဲ့နဲ့ မြို့နယ် စီမံထောက်ပံ့ရေးအဖွဲ့ကို ငွေတွေ ကြိုပေးထားတယ်"

စစ်ကိုင်းတိုင်းအတွင်း စစ်ဘေးဒုက္ခသည် ကူညီကယ်ဆယ်ရေး လုပ်ပေးနေတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ဒေသခံတွေကတော့ စစ်ကောင်စီရဲ့ ထောက်ပံ့မှုတွေက မြေပြင်ကို ရောက်မလာဘူးလို့ ပြောဆိုပါ တယ်။

အာဏာသိမ်းပြီး နှစ်နှစ်အကြာ စစ်ကိုင်းတိုင်းမှာ နေအိမ်ပေါင်း လေးသောင်းကျော် မီးရှို့ ဖျက်ဆီးခံခဲ့ရတယ်လို့ သုတေသန အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Data for Myanmar ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါ တယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ စာရင်းအရ အာဏာသိမ်းပြီးနောက် စစ်ရေးပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းမှာ ဒေသခံ ခြောက်သိန်းခွဲဝန်းကျင် အိုးအိမ် စွန့်ခွာ ထွက်ပြေးနေရပါတယ်။ 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။