ဒေါ်အောင်ဆန်းစုကြည် ဘယ်ရောက်နေလဲ
2024.04.12
အကျဉ်းချခံထားရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဘယ်မှာရောက်နေသလဲ ဆိုတဲ့မေးခွန်းဟာ ပဟေဠိတစ်ခု ဖြစ်နေခဲ့တာ တစ်နှစ်ကျော် ကြာလာပါပြီ။ ဒါပေမဲ့ နေပြည်တော် သီးသန့်အချုပ်ထောင်မှာ ထိန်းသိမ်းခံနေရတယ်လို့ ယူဆရကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့နဲ့ နီးစပ်သူတစ်ဦးက လွတ်လပ်တဲ့အာရှအသံ (RFA) ကို ပြောပြပါတယ်။
အကျဉ်းထောင်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်လိုအပ်တဲ့ ဆေးဝါးနဲ့ ပစ္စည်းစာရင်းကို အပတ်စဉ် တနင်္လာနေ့တိုင်း ရှေ့နေအဖွဲ့က လက်ခံရရှိပါတယ်။
“ပြီးခဲ့တဲ့ တနင်္လာနေ့ကလည်း နေပြည်တော်အချုပ်ထောင်မှာပဲ ထောင်ဝင်စာ ပို့ခဲ့တယ်” လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
"ထောင်ဝင်စာကို အဲဒီမှာပို့ရတယ်ဆိုတော့ အဲဒီမှာပဲ ရှိတယ်လို့ ယူဆရတယ်"
ဒေါ်အောင်ဆန်းစုကြည် သွားကိုက်ဝေဒနာ ခံစားနေရတယ်ဆိုပြီး သတင်းတွေ ကြားနေရတဲ့အတွက် ထောင်အာဏာပိုင်တွေနဲ့ အပတ်စဉ် တွေ့တဲ့အခါတိုင်း 'အန်တီနေကောင်းလား' လို့ မေးတဲ့အခါမှာ “ကောင်းပါတယ်” လို့သာပြောကြတယ်လို့ အဲဒီသတင်းရင်းမြစ်ကပဲ ပြောပြပါတယ်။
ရှေ့နေအဖွဲ့ဟာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက် နောက်ဆုံးအမိန့်ချတဲ့နေ့ နောက်ပိုင်းကစပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ လုံးဝ တွေ့ခွင့်မရတော့ပါဘူး။ တွေ့ခွင့်ရဖို့ အာဏာပိုင်တွေကို အကြိမ်ကြိမ် တင်ပြထားပေမဲ့လည်း အခုအချိန်ထိ အကြောင်းတစ်စုံတစ်ရာ ပြန်ကြားတာ မရှိသေးပါဘူး။
ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အကျဉ်းချခံရပြီး နောက်ပိုင်းမှာ ပြန်လည်လွတ်မြောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးမူဝါဒအကြံပေးဖြစ်သူ ဩစတြေးလျလူမျိုး စီးပွားရေးပညာရှင် ရှောင်တာနဲလ် (Sean Turnell)၊ သူမရဲ့သားဖြစ်သူ ကင်မ်အဲရစ် (Kim Aris) တို့နှစ်ဦးကလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်မှာပဲ အကျဉ်းကျခံနေရတယ်လို့ ယူဆနေကြပေမဲ့ အထောက်အထားတော့ မရှိကြပါဘူး။
အရင်စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက်မှာ နှစ်ပေါင်းများစွာ နေအိမ်အကျယ်ချုပ် ကျခံခဲ့ရပြီး ၂၀၁၀ ပြည့်နှစ်မှာ ပြန်လည်လွတ်မြောက်ခဲ့တဲ့ အသက် ၇၈ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က တစ်ကြော့ပြန် အာဏာသိမ်းပြီးနောက် ဖမ်းဆီးခြင်းခံခဲ့ရကာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့အစိုးရကို ဖယ်ရှားခံခဲ့ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူးနဲ့ နိုင်ငံ့ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သူပါ။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်းစစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲချက် ၁၉ ခုနဲ့ ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခဲ့ပြီး၊ နောက်ပိုင်းမှာ ထောင်ဒဏ်ကို ၂၇ နှစ်အဖြစ် လျှော့ချခဲ့ပါတယ်။
'ဒေါ်အောင်ဆန်းစုကြည်ကို ကွယ်ဝှက်ထားခြင်း'
ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူထုအကြားမှာ ထင်ပေါ်ကျော်ကြားမှုကြောင့် လက်ရှိ တည်နေရာအတိအကျကို မဖော်ပြဘဲ ပျောက်ကွယ်နေတဲ့ အနေအထားတစ်ရပ်ကို စစ်ကောင်စီက ဖန်တီးနေတာလို့ နိုင်ငံရေးဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။
"ဒေါ်အောင်ဆန်းစုကြည် (နိုင်ငံရေး) စင်ပေါ်မှာ ရှိနေသမျှ သူတို့ နိုင်ငံရေးအရ ပြိုင်ဆိုင်လို့မရဘူး၊ အမြဲတမ်းရှုံးနေမှာ။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ဒီလိုပဲ လူထုနဲ့ အဆက်အသွယ်ဖြတ်၊ သတင်းအဆက်အသွယ်တွေ ဖြတ်၊ ဖြတ်လေးဖြတ်လုပ်ပြီး ထားတဲ့ အနေအထားပါ”
ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး မေးမြန်းဖို့ စစ်အစိုးရရဲ့ အကျဉ်းဦးစီးဌာန ပြောခွင့်ရှိသူ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနိုင်ဝင်းကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
ဗြိတိန်မှာနေထိုင်တဲ့ သားဖြစ်သူ ကင်မ်အဲရစ်ဟာ မိခင်ထံ အလည်အပတ်လာရောက်ခွင့် ပိတ်ပင်ခံထားရပြီးနောက် အခုနှစ် ဇန်နဝါရီလမှာ မိခင်ထံက ပထမဆုံးအကြိမ်အဖြစ် စာတစ်စောင် လက်ခံရရှိခဲ့ပါတယ်။ ဒါဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရသူတွေကို ဖယ်ရှားလိုက်တဲ့ အာဏာသိမ်းမှုနောက်ပိုင်း မိခင်ဆီကနေ ပထမဆုံးအကြိမ် အဆက်အသွယ် ရရှိတာလည်း ဖြစ်ပါတယ်။
စာထဲမှာ မိသားစုအကြောင်းအရာတွေပဲ အကျယ်တဝင့် ပါဝင်ပြီး ကျန်တဲ့ကိစ္စ အနည်းအကျဉ်းပဲ ပါတယ်လို့ ကင်မ်အဲရစ်က ပြောပါတယ်။
မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်အကျဉ်းထောင်မှာ ချုပ်နှောင်ခံနေရတယ်လို့ ယူဆပေမဲ့ မသေချာကြောင်း၊ သူ့မိခင်ရဲ့အခြေအနေနဲ့ ပတ်သက်တဲ့အကြောင်းတွေ ပြောပြဖို့ ထပ်ခါတလဲလဲ တောင်းဆိုခဲ့ပေမဲ့လည်း စစ်ကောင်စီက လျစ်လျူရှုခဲ့ကြောင်း ကင်မ်အဲရစ်က မကြာသေးခင်က RFA ကို ပြောပါတယ်။
“အမေ့ကို နေအိမ်အကျယ်ချုပ်ပုံစံမျိုး ပြောင်းရွှေ့လိုက်တယ်ဆိုတာ ဘယ်လိုနည်းနဲ့မှ ယုံကြည်စရာ အကြောင်းမရှိပါဘူး” ဟု သူက ပြောပါတယ်။
“အမေ့ရဲ့ တစ်ခုတည်းသောအိမ်က ရန်ကုန်မှာပါ။ အဲဒီမှာ အမေ မရှိဘူးဆိုတာ ကျွန်တော်သိတယ်”
'အရမ်းပူ၊ အရမ်းအေးတဲ့နေရာ'
မိခင်ဖြစ်သူဟာ “မကြာမကြာ သွားကိုက်ဝေဒနာ” ခံစားနေရပြီး လိုအပ်တဲ့ ဆေးကုသမှု မရဘူးလို့ သံသယရှိကြောင်းလည်း ကင်မ်အဲရစ်က ပြောပါတယ်။
နေပြည်တော်အကျဉ်းထောင်မှာ ချုပ်နှောင်ခံထားရတယ် ဆိုရင်တော့ အခြေအနေတွေကို တော်တော် ကြံ့ကြံ့ခံ ရင်ဆိုင်နေရပုံ ပေါ်တယ်လို့လည်း ဆိုပါတယ်။
“အဲဒီနေရာက ပူရင်လည်း အရမ်းပူ၊ အေးရင်လည်း အရမ်းအေးတဲ့ နေရာပါ” လို့ ကင်မ်အဲရစ်ကပြောပါတယ်။ “ခြင်တွေရှိတယ်၊ ကြွက်တွေရှိတယ်။ သိပ်ကောင်းတဲ့ နေရာတော့ မဟုတ်ဘူး”
လက်ရှိအချိန်ဟာ မြန်မာနိုင်ငံမှာ အပူလှိုင်း ကျရောက်နေတဲ့အတွက် အပူချိန် ၄၀ ဒီဂရီ စင်တီဂရိတ် (၁၀၂ ဖာရင်ဟိုက်) အထိ မြင့်တက်နေပြီး တစ်နှစ်ပတ်လုံးမှာ အပူပြင်းဆုံးအချိန် ဖြစ်နေပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဘယ်မှာရှိနေသလဲ ဆိုတာနဲ့ပတ်သက်ပြီး ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန်သံရုံးနဲ့ ဗြိတိန်သံရုံးတွေကို RFA က ဆက်သွယ်မေးမြန်းရာမှာ တုံ့ပြန်ဖြေကြားတာ မရှိဘဲ၊ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားအပေါ် ရှုတ်ချကြောင်းနဲ့ ချက်ချင်းပြန်လွှတ်ပေးဖို့ တောင်းဆိုကြောင်း အစောပိုင်းထုတ်ပြန်ချက်တွေကိုသာ ညွှန်ပြခဲ့ပါတယ်။
ပြီးခဲ့တဲ့မတ်လကတော့ စစ်ကောင်စီဟာ ရန်ကုန်မြို့ အင်းလျားကန်စပ်က ဒေါ်အောင်ဆန်းစုကြည်နေအိမ်ကို အမေရိကန်ကန်ဒေါ်လာ သန်း ၉၀ နဲ့ လေလံတင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမဲ့ လေလံဆွဲသူ မရှိခဲ့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ အဲဒီနေအိမ်မှာ အမေရိကန်သမ္မတ ဘားရက်အိုဘားမား၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းတို့ကို လက်ခံတွေ့ဆုံခဲ့တာပါ။
နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့က နိုင်ငံတကာတရားရုံး (ICJ) မှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်တွေနဲ့ပတ်သက်လို့ တပ်မတော်ကို ခုခံကာကွယ်ခဲ့တဲ့အတွက် နိုင်ငံ့ခေါင်းဆောင်ဆိုတဲ့ ပုံရိပ်ကို ထိခိုက်ညှိုးနွမ်းစေခဲ့ပါတယ်။
ICJ တရားရုံးကို တင်သွင်းခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေထဲမှာ လူမျိုးဘာသာမရွေး သတ်ဖြတ်မှုတွေ၊ အစုလိုက်အပြုံလိုက် မုဒိမ်းကျင့်မှုတွေနဲ့ ကျေးရွာမီးရှို့မှုတွေ ပါဝင်ပြီး လူပေါင်း ၇၄၀,၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို နယ်စပ်ဖြတ်ကျော်ထွက်ပြေးခဲ့ကြရပါတယ်။
'အဆိုးတကာ့ အဆိုးဆုံး'
ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးမူဝါဒအကြံပေး ရှောင်တာနဲလ်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် သူလျှိုစွပ်စွဲချက်နဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။ အဲဒီနောက် ရန်ကုန် အင်းစိန်အကျဉ်းထောင်နဲ့ နေပြည်တော်အကျဉ်းထောင်မှာ တစ်နှစ်နဲ့ ကိုးလကြာ ထိန်းသိမ်းခံခဲ့ရပြီး ဆိုးဆိုးဝါးဝါး အခြေအနေတွေ ကြုံတွေ့ခဲ့ရပါတယ်။
“ကျွန်တော်သိသလောက်တော့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ (ကျွန်တော်လွတ်မြောက်လာချိန်မှာ) ပင်မ နေပြည်တော်အကျဉ်းထောင်မှာပဲ သူကျန်ခဲ့တာပါ” လို့ ရှောင်တာနဲလ်က RFA ကို ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ရွှေ့လိုက်ပြီဆိုတဲ့ ကောလာဟလတွေနဲ့ ပတ်သက်လို့ သေချာတဲ့အထောက်အထား တစ်ခုမှ မတွေ့ရဘူးလို့လည်း ပြောပါတယ်။
အကျဉ်းထောင်မှာ ရှိနေစဉ်ကာလအတွင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို “ထောင်ဝင်းရဲ့ အလယ်ခေါင်တည့်တည့်မှာ တခြားအကျဉ်းသားတွေနဲ့ မဆက်သွယ်နိုင်အောင် အုတ်တံတိုင်းခတ်ထားတဲ့၊ သူ့အတွက် သီးသန့်တည်ဆောက်ထားတဲ့ အဆောက်အအုံ သေးသေးလေးထဲမှာ ထိန်းသိမ်းထားပါတယ်” လို့ ရှောင်တာနဲလ်က ဆိုပါတယ်။
အဲဒီနေရာဟာ “အခိုင်အခံ့အဆောက်အအုံ တစ်လုံးနဲ့ တဲသာသာ အိမ်တစ်လုံး အဲဒီနှစ်လုံးကြားမှာ” ရှိပြီး၊ လေအေးပေးစက်တွေ ပြတင်းပေါက်လိုက်ကာတွေ မပါတဲ့ အခန်းနှစ်ခန်းပါတဲ့ အိမ်အသေးလေးတစ်လုံး ဖြစ်တယ်လို့ ရှောင်တာနဲလ်က ပြောပြပါတယ်။
သူအကျဉ်းကျခံခဲ့ရတဲ့ အကျဉ်းထောင်အားလုံးမှာ နေရထိုင်ရတဲ့အခြေအနေ၊ ဆေးဝါးကုသမှုနဲ့ အစားအသောက်အားလုံး “အင်မတန် ဆိုးရွားတယ်” လို့ ရှောင်တာနဲလ်က ပြောပါတယ်။ ဒါပေမဲ့ နေပြည်တော်ကတော့ “အဆိုးဆုံး” ဖြစ်တယ်လို့ ဆိုပါတယ်။ “စစ်ကောင်စီဗိုလ်ချုပ်တွေနဲ့ နီးတဲ့နေရာမို့ ထောင်ဝန်ထမ်းတွေက နည်းနည်း ပိုပြီးကြမ်းတယ်” လို့လည်း ပြောပါတယ်။
“နေပြည်တော်ရဲ့ ရာသီဥတုက တကယ့်ကို ဆိုးရွားပါတယ်။ အရင်က ဒီရေတောဖြစ်ခဲ့ဖူးတဲ့ နေရာဆိုတော့ ထောင်ထဲမှာ ပိုးမွှားတွေ၊ ကြွက်တွေနဲ့ ပြည့်နေတာပဲ။ ဆိုတော့ နေရထိုင်ရတာလည်း ပိုဆိုးတာပေါ့”
ဘယ်အကျဉ်းသားအတွက်မှ နေဖို့အဆင်မပြေတဲ့ အကျဉ်းထောင်အခြေအနေတွေဟာ ကျန်းမာရေးမကောင်းတဲ့ အသက် ၈၀ နီးပါးအရွယ် ပုဂ္ဂိုလ်တစ်ယောက်အတွက်တော့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။
စစ်ကောင်စီရဲ့ 'စောင့်ကြည့်ကစားကွက်'
နေပြည်တော်အကျဉ်းထောင်က သီးသန့်အချုပ်ခန်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ချုပ်နှောင်ထားတာဟာ လက်ရှိ မြန်မာစစ်ကောင်စီအနေနဲ့ “ဘယ်ကိစ္စမှာပဲဖြစ်ဖြစ်… အားလုံးထက် အဆိုးတကာ့အဆိုးဆုံး” ဆိုတာကိုပြနေတဲ့ ဥပမာတစ်ခုပဲ ဖြစ်တယ်လို့လည်း ရှောင်တာနဲလ်က ပြောပါတယ်။
“သူတို့ရဲ့ ရက်စက်ကြမ်းကြုတ်မှု၊ လူမဆန်မှု၊ အရိုင်းအစိုင်းသာသာ လုပ်ရပ်တွေဟာ ကျွန်တော့်အမြင်မှာတော့ အရင်စစ်အာဏာရှင်တွေထက် အဆပေါင်းများစွာ ပိုဆိုးတယ်လို့ ထင်တယ်”
“ဒေါ်စုကို အခုလို ထားတာဟာ ပိုဆိုးနေပါတယ်”
အာဏာသိမ်းပြီး သုံးနှစ်တာကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြုမူဆက်ဆံတဲ့ပုံစံကို ကြည့်ခြင်းအားဖြင့် စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမယ်လို့ မထင်ကြောင်းလည်း ရှောင်တာနဲလ်က ပြောကြားခဲ့ပါတယ်။
“စစ်ကောင်စီက အချိန်ဆွဲစောင့်ကြည့်တဲ့ ကစားကွက်မျိုး ကစားနေပုံရတယ်” လို့ သူက ပြောပါတယ်။
"ဒါပေမဲ့ သူတို့အနေနဲ့ အဲဒီလို ကစားနေတာဆိုရင်လည်း ဒါ သူတို့အတွက် မှားယွင်းတဲ့ဗျူဟာပါ။ ဘာလို့လဲဆိုတော့ သူတို့အတွက် အနာဂတ်က သိပ်မကောင်းတော့ပါဘူး"