အာဏာသိမ်း နှစ်နှစ်အတွင်း အမျိုးသမီး ၅၀၀ နီးပါး သေဆုံးပြီး ၃၀၀၀ ကျော် အဖမ်းခံထားရ

RFA Burmese
2023.03.08
အာဏာသိမ်း နှစ်နှစ်အတွင်း အမျိုးသမီး ၅၀၀ နီးပါး သေဆုံးပြီး ၃၀၀၀ ကျော် အဖမ်းခံထားရ ၂ဝ၂၂ ခုနှစ် မတ်လ ၈ ရက်နေ့တွင် ကျရောက်သည့် နိုင်ငံတကာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့တစ်နေရာတွင် အမျိုးသမီးများ ဦးဆောင်ဆန္ဒပြစဉ်။
RFA
ဒီနေ့ မတ်လ ၈ ရက်နေ့ဟာ နိုင်ငံတကာ အမျိုးသမီးများနေ့ ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးမှာ မတ်လ ၈ ရက်နေ့ ရောက်တိုင်း အမျိုးသမီးတွေရဲ့ အခွင့်အရေး ပိုတိုးတက်လာဖို့နဲ့ အမျိုးသမီးတွေ အကြမ်းဖက်ခံရမှု လျော့နည်းသွားဖို့ ပုံစံမျိုးစုံနဲ့ လှုံ့ဆော်စည်းရုံးမှုတွေ လုပ်လေ့ရှိပါတယ်။

စစ်အာဏာသိမ်းခံထားရတဲ့ မြန်မာနိုင်ငံမှာတော့ နှစ်နှစ်အတွင်း အမျိုးသမီး ၄၈၃ ဦး အသတ်ခံရပြီး ၃,၁၂၅ ဦး အဖမ်းခံထားရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်တာ၊ ဖမ်းဆီး သတ်ဖြတ်တာတွေကို စစ်လက်နက်သဖွယ် အသုံးချလာတယ်လို့ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့က စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် တာတိုင်ရွာက အစုလိုက် အပြုံလိုက် အသတ်ခံရသူ ၁၇ ဦးထဲက မပန်းနွယ်၊ မပန်းသွယ်နဲ့ မဆွေဆွေဦးတို့ သုံးဦးဟာ စစ်ကောင်စီ တပ်သားတွေရဲ့ အုပ်စုဖွဲ့ အဓမ္မကျင့်ခံရပြီးမှ အသတ်ခံခဲ့ရတာလို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

"အမျိုးသမီး သုံးယောက်စလုံးက ထမီတွေရော အင်္ကျီတွေရောက လန်နေတယ်။ Rape လုပ်သွားတဲ့ လက္ခဏာတွေဆိုရင် သူတို့ရင်သားတွေဆို ညိုမဲနေတာ တွေ့တယ်။ အမျိုးသမီး မိန်းမကိုယ်မှာလည်း ယောင်ကိုင်းနေတာ တွေ့တယ်။ မိန်းမကိုယ်က သွေးတွေ ထွက်နေတာလည်း တွေ့တယ်။ တစ်ယောက်ကိုဆိုရင် မိန်းမကိုယ်ထဲ ကြက်သွန်နီပါ ထည့်ထားတယ်။ အဲဒီကောင်တွေကို ဘာပြောလို့ ပြောရမှန်းတောင် မသိတော့ဘူး။ ကျနော်တို့ ခံစားရတာတော့ ပြောမနေနဲ့၊ ဒီကောင်တွေကို နှိုင်းပြောစရာ စကားလုံးတောင်မရှိဘူး။ နိုင်ငံတကာကိုလည်း အမျိုးမျိုး တောင်းဆိုတယ်။ သက်သေတွေလည်း ပြတယ်။ ဘာမှ မထူးလာတော့ ဘယ်သူ့ကိုမှ တောင်းဆိုချင်စိတ် မရှိတော့ဘူး"

အဖမ်းခံထားရတဲ့ အမျိုးသမီး ၃၁၂၅ ဦးမှာ သေဒဏ်ချခံထားရသူ ၁၁ ဦးနဲ့ ထောင်တစ်သက် ချမှတ်ခံထားရသူ ၁၅ ဦး ပါဝင်တယ်လို့ NUG ထုတ်ပြန်ချက်က ဖော်ပြပါတယ်။ စစ်ကောင်စီ တပ်သားတွေက အာဏာသိမ်း နှစ်နှစ်အတွင်း နိုင်ငံတစ်ဝန်းက အမျိုးသမီး ၁၂၂ ဦးကို လိင်ပိုင်းဆိုင်ရာ ကျုးလွန်ခဲ့တယ်လို့ ဆိုပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ အမျိုးသမီးတွေအတွက် တရားမျှတမှုရရှိဖို့ ဆောင်ရွက်သွားမယ်လို့ NUG က ပြောပါတယ်။

"ဆရာမတစ်ယောက်ဖြစ်တော့ သူ့စိတ်ခံစားချက်ကို သူကိုယ်တိုင် ကုစားနိုင်ပါ့မလားဆိုတာလည်း မသေချာဘူး"

မန္တလေးတိုင်း၊ အောင်မြေသာဇံမြို့နယ် အထက (၃၃) က အထက်တန်းပြဆရာမ ဒေါ်သက်ဆုလှိုင်ကတော့ နိုင်ငံရေးပုဒ်မ ၅၀၅ (က)၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ပုဒ်မ ၅၂ (က) တို့နဲ့ ၂၀၂၂ ခုနှစ် အစောပိုင်းမှာ အိုးဘိုထောင်တွင်း တရားရုံးကနေ ထောင် ရှစ်နှစ် ချမှတ်ခံထားရတာပါ။ 
 
တက်ကြွဖျတ်လတ်ပြီး ကျောင်းသူ၊ ကျောင်းသားတွေအတွက် စေတနာထား သင်ကြား ပြသလေ့ရှိတဲ့ ကျောင်းဆရာမတစ်ဦးကို မတရားတဲ့ ပုဒ်မတွေတပ်ပြီး  ထောင်နှစ်ရှည် ချထားတဲ့အတွက် ရုပ်ပိုင်း၊ စိတ်ပိုင်း ထိခိုက်နာကျင်နေမှာ သေချာတယ်လို့  ဆရာမ ဒေါ်သက်ဆုလှိုင်ရဲ့ မိတ်ဆွေတစ်ဦးဖြစ်တဲ့ မပိုးဥ က ပြောပါတယ်။

“မကျေနပ်ဘူးရှင့် အကုန်လုံးက ဘဝတွေ ပြောင်းပြန် ဖြစ်သွားတာလေ။ ထောင်ကျတာ ဟုတ်ပြီ ၅၀၅ ဖြစ်မယ်၊ သုံးနှစ်ဖြစ်မယ်၊ ထောင်ကျတာ ခဏလေးပဲ ဖြစ်ဖြစ် အကြာကြီးပဲ ဖြစ်ဖြစ် ပြောကြတာရှိတယ်။ နှစ်တွေဆိုတာက နံပါတ်ပဲလို့ ပြောကြတယ်ဆိုပေယ့် တကယ်တမ်းကျတော့ သူတို့ရသွားတဲ့ စိတ်ဒဏ်ရာကျတော့ ပြန်ပြီးလျော်ကြေးက မရတော့ဘူး။ ဘယ်လိုနည်းနဲ့မှ ပြန်ပြီးကုစားလို့ မရတော့ဘူး၊ မရတော့တဲ့အခါ သူက ဆရာမတစ်ယောက် ဖြစ်တော့ သူ့စိတ်ခံစားချက်ကို သူကိုယ်တိုင် ကုစားနိုင်ပါ့မလား ဆိုတာလည်း မသေချာဘူး။ မသေချာတဲ့အခါကျတော့ ပြောရမယ်ဆိုရင် ဒါ ဘဝပျက်သွားတာနဲ့ အတူတူပါပဲ”

ဒေါ်သက်ဆုလှိုင်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် အစောဆုံး CDM ဝင်ခဲ့တဲ့ ကျောင်းဆရာမတစ်ဦး ဖြစ်ပြီး ၂၀၂၁ ခုနှစ် အောက်တိုဘာ ၃၀ ရက်နေ့က သူတိမ်းရှောင်နေတဲ့ နေအိမ်မှာ ဖမ်းဆီးခံခဲ့ရတာပါ။

စစ်ကောင်စီရဲ့ အမျိုးသမီးတွေအပေါ် ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ရေးကို နိုင်ငံတကာက ပူးပေါင်း ဆောင်ရွက်စေချင်တယ်လို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ရဲ့ အထွေထွေအတွင်းရေးမှူး မနန်းမို့မို့က ပြောပါတယ်။

 

"ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ အမျိုးသမီးတွေအနေနဲ့ ကလေးတွေကို ခြိမ်းခြောက်မှု၊ အထူးသဖြင့် လုံခြုံရေး ငြိမ်းချမ်းရေး ခြိမ်းခြောက်မှုကို အဓိကလုပ်ဆောင်နေတဲ့သူက အခု အာဏာသိမ်းထားတဲ့ စစ်တပ် ဖြစ်နေတယ်ပေါ့နော်။ ဒီအမျိုးသမီးတွေပေါ်၊ ဆန္ဒပြတဲ့ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာ၊ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်တာ၊ စစ်လက်နက်သဖွယ် မုဒိမ်းကျင့်တဲ့ ကိစွတွေ အဆုံးသတ်ဖို့က နိုင်ငံတကာကရော အကုန်လုံးကနေမှ အဆုံးသတ်နိုင်ရေးကို ဝိုင်းဝန်း လုပ်ဆောင်ဖို့ လိုတယ်။ ကျုးလွန်နေတဲ့ စစ်တပ်ရဲ့တာဝန်ယူမှု တာဝန်ခံမှုကို ကျွန်မတို့ အမြန်ဆုံး ဖော်ဆောင်နိုင်ဖို့အတွက် အကုန်လုံးက ဝိုင်းဝန်း တိုက်တွန်းပေးကြပါလို့ တောင်းဆိုချင်တယ်"
အမျိုးသမီးတွေအပေါ် စစ်ကောင်စီရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ သတ်ဖြတ်မှုတွေကို စနစ်တကျ မှတ်တမ်း ကောက်ယူပြီး ကုလသမဂ္ဂကနေ အရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီး နော်ဆူဇန်နာလှလှစိုးက ပြောပါတယ်။

"အမျိုးသမီး လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနအနေနဲ့ စစ်ကောင်စီရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကား သတ်ဖြတ်ခံနေရတာ၊ ဖမ်းဆီးထောင်ချ ခံနေရတာတွေကို တစ်နိုင်ငံလုံးမှာ ရှိတဲ့အမှုတွေကို ကောက်ယူပြီးတော့ မှတ်တမ်းတင်ထားတာ ရှိပါတယ်။ ပြီးတော့ အချိန်နဲ့ တစ်ပြေးညီ ကမ္ဘာ့ကုလသမဂ္ဂနဲ့ဆိုင်တဲ့ (IIMM) အထူး စုံစမ်း စစ်ဆေးရေးဌာနကိုလည်း ကျမတို့ ပို့ထားပါတယ်။ ဆက်လက်ပြီးတော့ နိုင်ငံတကာ တရားရေး အစီအမံများ ခုံရုံးများနဲ့ တရားမျှတမှုရရှိအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်"

နိုင်ငံတကာ တရားစီရင်ရေးသာ မကဘဲ ပြည်တွင်းမှာ NUG ထူထောင်ထားတဲ့ တရားရေး စနစ်တွေနဲ့ပါ စစ်ကောင်စီတပ်ကို အရေးယူနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ သူက ဆိုပါတယ်။

စစ်ကောင်စီက ဆန့်ကျင်သူမှန်သမျှကို ကြောက်ရွံ့သွားအောင် ပုံစံမျိုးစုံနဲ့ ဖိနှိပ်နေပေမယ့် နောက်မဆုတ်ဘဲ ရတဲ့နည်းနဲ့ ဆက်လက်ဆန့်ကျင်သွားမယ်လို့ ပုဇွန်တောင်-ဗိုလ်တထောင် သပိတ်လှုပ်ရှားမှု ကော်မတီက မဂျုဝယ်လ်က ဒီနေ့ကျရောက်တဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့မှာ RFA ကို ပြောပါတယ်။
 
၂ဝ၂၂ ခုနှစ် မတ်လအတွင်း အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနှင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံခဲ့ရသော ထားဝယ်မြို့က မလင်းလက်ကြည်၊ မဆောင်းနှင်းဖြူနှင့် မအိခြူးခြူးမော် (ဝဲ မှ ယာ)။ (ဓာတ်ပုံ - ထားဝယ်နိုင်ငံရေးနိုင်ငံရေးအကျဉ်းသားများကွန်ရက်)
၂ဝ၂၂ ခုနှစ် မတ်လအတွင်း အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနှင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံခဲ့ရသော ထားဝယ်မြို့က မလင်းလက်ကြည်၊ မဆောင်းနှင်းဖြူနှင့် မအိခြူးခြူးမော် (ဝဲ မှ ယာ)။ (ဓာတ်ပုံ - ထားဝယ်နိုင်ငံရေးနိုင်ငံရေးအကျဉ်းသားများကွန်ရက်)

"သူများနိုင်ငံတွေက လူ့အခွင့်ရေး အပြည့်အဝ ရရှိတာကို ညီမတို့က မြင်တယ်။ လူ့အခွင့်ရေး တန်းတူ ရရှိပြီးတော့ သူတို့နိုင်ငံမှာ တိုးတက်မြင့်မားနေတာကို မြင်နေပါရဲ့နဲ့ လူလူချင်း အတူတူ ညီမတို့က လူ့အခွင့်ရေး မရဘူး၊ မတရား အာဏာသိမ်းခံရတဲ့အပြင် နေ့စဉ် လူ့အသက်ကို ကြက်ကလေး၊ ငှက်ကလေး သတ်သလို သတ်ဖြတ်တယ်။ အိုးအိမ် စည်းစိမ်တွေကို ဖျက်ဆီးတယ်၊ မီးရှို့တယ်။ နောက်ပြီးတော့ အမျိုးသမီးတွေကို အဓမ္မကျင့် တယ်။ ဒါမျိုးတွေသည် ဘယ်လိုမှ လက်ခံနိုင်တဲ့ အခြေနေမျိုး မဟုတ်ဘူး။  အဲဒီတွက်ကြောင့် ဒီလိုမျိုး စစ်အာဏာရှင်ရဲ့ မတရား အာဏာသိမ်းပိုက်မှုကို လုံးဝ လက်မခံနိုင်တဲ့ အတွက်ကြောင့် အခုချိန်အထိ မြေပြင် သပိတ်တွေ ထွက်ပြီဆိုရင် အန္တရာယ်များတယ်ဆိုတာ သိတယ်၊ ဒါပေမဲ့ ဘယ်လောက်ပဲ အန္တရာယ်များနေပါစေ၊ ကိုယ့်ရဲ့ အသက်တောင် ပေးပြီးတော့ ဒီလမ်းကို ညီမတို့ ရွေးချယ်ခဲ့တာ ဖြစ်တဲ့အတွက်ကြောင့် ခရီးဆုံးတဲ့အထိ ဆက်ပြီး လျှောက်သွား မယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ မြေပြင်သပိတ်တွေကို အချိန်ရရင်ရသလို ဆက်ပြီးထွက်နေတာ ဖြစ်ပါတယ်"
 
အာဏာသိမ်း နှစ်နှစ်အတွင်း အမျိုးသမီး ၄၈၃ ဦး အသတ်ခံရပြီး ၃,၁၂၅ ဦး အဖမ်းခံထားရတယ်ဆိုတဲ့ NUG ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီနေ့ ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
 
စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မနေ့က ထုတ်ပြန်ချက်မှာတော့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်နေ့အထိ အကြမ်းဖက်အဖွဲ့တွေကြောင့် ကလေး ၁၅၀ ဦး၊ ပြည်သူ ၁၂၉ ဦး၊ ဆရာ/ဆရာမ ၆၉ ဦး၊ ကျန်းမာရေးဝန်ထမ်း ၁၅ ဦးနဲ့ အုပ်ချုပ်ရေးမှူး ၇၃၂ ဦး အပါအဝင် စုစုပေါင်း ၅၁၅၅ ဦး အသက်ဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အဲဒီ အသက်ဆုံးခဲ့သူ ငါးထောင်ကျော်မှာ အမျိုးသမီး ဘယ်နှစ်ဦး ပါဝင်သလဲဆိုတာကို အတိအကျ ဖော်ပြမထားပါဘူး။

၁၈၅၇ ခုနှစ် မတ်လ ၈ ရက်နေ့က အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ အထည်ချုပ်စက်ရုံက အမျိုးသမီးတွေဟာ သူတို့ရဲ့ အလုပ်ချိန်တွေကို လျှော့ချပေးဖို့၊ လစာတိုးပေးဖို့နဲ့ မဲပေးခွင့်ရဖို့ ဆန္ဒပြတောင်းဆိုရာကနေ အမျိုးသမီး များ လှုပ်ရှားမှု အစပြုခဲ့တာပါ။
 
အဲဒီနောက် ကမ္ဘာတစ်ဝန်း အမျိုးသမီးအရေး လှုပ်ရှားမှုတွေ ပိုများလာပြီး ၁၉၇၅ ခုနှစ်မှာ ကုလသမဂ္ဂအဖွဲ့ကြီးက မတ်လ ၈ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အဖြစ် တရားဝင် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။
 
အမျိုးသမီးတွေအပေါ် နည်းမျိုးစုံနဲ့ ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ်ကို မြန်မာနိုင်ငံက ၁၉၉၇ ခုနှစ် ဇူလိုင်လ ၂၂ ရက်မှာ ပါဝင်လက်မှတ်ထိုးခဲ့ပါတယ်။
 
ဒါပေမဲ့ စစ်အာဏာအသိမ်းခံထားရတဲ့ မြန်မာနိုင်ငံမှာ အမျိုးသမီးတွေရဲ့ အခြေအနေဟာ တိုးတက်မလာဘဲ သမိုင်းမှာ အဆိုးဆုံး အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။
 
ကမ္ဘာ့နိုင်ငံ အသီးသီးမှာ မတ်လ ၈ ရက်နေ့ ရောက်တိုင်း အမျိုးသမီးတွေရဲ့ အခွင့်အရေး ပိုတိုးတက်လာဖို့နဲ့ အမျိုးသမီးတွေ အကြမ်းဖက်ခံရမှု လျော့နည်းသွားဖို့ ပုံစံမျိုးစုံနဲ့ လှုပ်ရှားမှုတွေ ပြုလုပ်လေ့ရှိပါတယ်။ စစ်အာဏာသိမ်းခံထားရတဲ့ မြန်မာနိုင်ငံမှာတော့ အမျိုးသမီး အခွင့်အရေးအတွက် မကြိုးစားနိုင်ဘဲ နှစ်နှစ်အတွင်း အမျိုးသမီး ၅၀၀ နီးပါး အသတ်ခံရပြီး သုံးထောင်ကျော် ဖမ်းဆီးခံထားရပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
စစ်ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်နိုင်ရေး ကူညီကြဖို့ IIMM တိုက်တွန်း
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။