ရန်ကုန် စက်မှုဇုန်တွေမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှု ပိုဆိုးလာ
2023.10.10
ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်က Real Star အထည်ချုပ်စက်ရုံနဲ့ ရွှေနိုင်ငံ စက္ကူစက်ရုံမှာ မန်နေဂျာတွေက အလုပ်သမားတွေကို ကိုယ်ထိလက်ရောက် ရိုက်နှက်တာမျိုး ကြုံရသလို၊ ကိုယ်လက်အင်္ဂါ ထိခိုက်တဲ့အခါ ထိုက်တန်တဲ့ လျော်ကြေးနဲ့ သင့်တော်တဲ့ ဆေးကုသမှုမရကြဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။
အာဏာသိမ်းပြီးနောက်မှာ စစ်ကောင်စီက အလုပ်သမားသမဂ္ဂတွေကို တရားမဝင် အဖွဲ့တွေအဖြစ် ကြေညာပြီး အဖွဲ့ဝင်တချို့ကို ဖမ်းဆီးအရေးယူခဲ့တာကြောင့် အလုပ်သမားတွေဘက်က ကာကွယ်ပြောဆိုပေးမယ့်သူ မရှိတော့ဘဲ အခြေအနေ ပိုဆိုးလာတာလို့လည်း သူတို့က ဆိုပါတယ်။
ဒဂုံဆိပ်ကမ်းမြို့နယ်က တရုတ်နိုင်ငံသားပိုင် ရွှေနိုင်ငံစက္ကူစက်ရုံမှာ ဩဂုတ်လ ၁၆ ရက်နေ့က အသက် ၅၁ နှစ်အရွယ် ဦးမင်းဆန်းဟာ စက္ကူကြိတ်စက်မောင်းရင်း ဂုန်လျှော်အိပ်နဲ့အတူ စက်ထဲ လက်ပါသွားတာကြောင့် ဘယ်ဘက်လက်တစ်ခုလုံး လက်မောင်းရင်းကနေ ဖြတ်လိုက်ရပါတယ်။
ဒဏ်ရာအပြင်းအထန်နဲ့ သင်္ဃန်းကျွန်း စံပြဆေးရုံမှာ နှစ်ပတ်ကြာကုသခဲ့ပြီးနောက် အလုပ်ဆက်မလုပ်နိုင်တော့ပေမယ့် စက်ရုံဘက်က နစ်နာကြေး မပေးခဲ့ဘူးလို့ လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်တဲ့ မစန္ဒာအေးက ပြောပါတယ်။
"ကိုယ်ဖြစ် ကိုယ်ခံပဲ။ ရွှေနိုင်ငံမှာ အလုပ်လုပ်နေရင်း စက်မောင်းနေရင်းတန်းလန်းနဲ့ လက်ပြတ်သွားတယ်။ ပထမ လက်အဆစ်ကနေ ဖြတ်ရတယ်။ နောက် ဒုတိယ လက်အရင်းပါ ဖြတ်ရတယ်။ အဲလိုဖြတ်လိုက်ရတဲ့ဟာကို ပြင်ပမှာလည်း ဆေးကုခွင့်မပေးဘူး။ စက်ရုံထဲမှာပဲ သူ့တို့ဘာသာ ကုတယ်။ ကုတဲ့ဟာကို မုန့်ဖိုး၊ ပဲဖိုးလောက် ပဲ တစ်သိန်းကျော်လောက်ပေးတယ်။ မိသားစုနဲ့လည်း တွေ့ခွင့်မပေးဘူး။ အဆောင်ကိုလည်း ပြန်မပို့ဘူး။ စက်ရုံထဲက တစ်နေရာမှာ ထားထားတယ်။ သူတို့လုံခြုံတဲ့ တစ်နေရာမှာ (၁၃) ခြံမှာထားထားတယ်။ ဒီလို ကိုယ်လက်အင်္ဂါ ထိခိုက်မှုတွေက မကြာခဏဆိုသလို ဖြစ်တယ်၊ ကြုံရတယ်။ အလုပ်သမားတွေအတွက် က အာမခံချက်ဆိုတာ ဘာမှမရှိဘူး။ နစ်နာကြေးဆိုတာလည်း ဘာမှမရှိဘူး။ လျော်ကြေးဆိုတာတော့ ဝေးလာဝေး"
သူပြောတဲ့ အမှတ် (၁၃) ခြံဆိုတာ အဲဒီစက်ရုံဝင်းထဲက အဆောက်အအုံတစ်ခု ဖြစ်ပါတယ်။ အလုပ်လုပ်ရင်း ခြေလက်အင်္ဂါ ထိခိုက်သူတွေကို အဲဒီခြံဝင်းထဲမှာထားပြီး လျော်ကြေးလည်း မပေး၊ မိသားစုနဲ့လည်း ပေးမတွေ့ဘဲ စက်ရုံရဲ့အစီအစဉ်နဲ့ပဲ ကြိတ်ကုပေးလေ့ရှိတယ်လို့ မစန္ဒာအေး က ပြောပါတယ်။ အဲဒီစက်ရုံမှာ အလုပ်သမား တစ်ထောင်နီးပါးရှိပြီး ခြေလက်အင်္ဂါထိခိုက်မှုတွေ မကြာခဏ ဖြစ်နေတယ်လို့လည်း သူက ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး နစ်နာသူ ဦးမင်းဆန်းနဲ့ သူ့ရဲ့မိသားစုကို RFA က ကြိုးစား ဆက်သွယ်ခဲ့ပေမယ့် စက်ရုံပိုင်ရှင်က ဖိအားပေး ရန်ရှာမှာ စိုးရိမ်တဲ့အတွက် အသေးစိတ်ရှင်းပြဖို့ ငြင်းဆိုပါတယ်။ ဖြစ်နိုင်ရင် စက်ရုံဘက်က ထိုက်တန်တဲ့ လျော်ကြေးပေးတာကို လိုချင်တယ်လို့ ဦးမင်းဆန်းရဲ့ ညီမဖြစ်သူ မအေးနုက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ရွှေနိုင်ငံစက္ကူစက်ရုံ တာဝန်ရှိသူတွေကို RFA က အကြိမ်ကြိမ် ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
ဒဂုံဆိပ်ကမ်းမြို့နယ်ကပဲ Real Star အထည်ချုပ်စက်ရုံမှာတော့ လုပ်ငန်းမကျွမ်းကျင်လို့ ဆိုပြီး အလုပ်သမ တစ်ဦးကို မန်နေဂျာနှစ်ဦးက ကိုယ်ထိလက်ရောက် ဝိုင်းဝန်း ရိုက်နှက်တာကို ကိုယ်တိုင်မြင်ခဲ့ရတယ်လို့ မယုဇနမိုးလို့ အမည်လွှဲပေးထားသူ လုပ်ဖော်ကိုင်ဖက် အမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။
"ပြီးခဲ့တဲ့လကပဲ ကျွန်မရဲ့ရှေ့တည့်တည့်က ကောင်မလေးတစ်ယောက် အလုပ်သမလေးတစ်ယောက်ပေါ့၊ အထည်စံချိန် မပြည့်လို့ဆိုပြီး Supervisor နဲ့ Leader က အင်္ကျီရင်ဝကိုဆွဲပြီး ပါးကို သုံးချက် ဆင့်ရိုက်ခဲ့ပါတယ်။ ရိုက်ခံရတဲ့ ကောင်မလေးက ငိုပြီး ရုံးပေါ်က HR မန်နေဂျာကို သွားတိုင်တယ်။ အဲဒီမှာလည်း ကိုယ်ထိလက်ရောက် ကျူးလွန်တဲ့သူတွေကို အရေးမယူ၊ အပြစ်မပြောတဲ့အပြင် အရိုက်ခံခဲ့ရတဲ့ ကောင်မလေးကိုပဲ သူတို့က အပြစ်ပြောတယ်။ အသုံးမကျဘူး။ ဘာဖြစ်တယ်၊ ညာဖြစ်တယ် အပြစ်ပြောပြီး နင်လုပ်နိုင်ရင်လုပ်၊ မလုပ်နိုင်ရင် ထွက်သွားလို့ ပြောတယ်"
အဲဒီအဖြစ်အပျက်ကလည်း အခုနှစ် ဩဂုတ်လဆန်းပိုင်းမှာပဲ ဖြစ်ခဲ့တာလို့ သူက ဆိုပါတယ်။
ကိုယ်တိုင်အရိုက်ခံရတဲ့ အမျိုးသမီးငယ်ကို RFA က တိုက်ရိုက်ဆက်သွယ်ခဲ့ပေမယ့် မိသားစုလုံခြုံရေးနဲ့ အခုလို စားဝတ်နေရေး ကျပ်တည်းချိန်မှာ အလုပ်ပြုတ်မှာ စိုးရိမ်တာကြောင့် ပြန်လည်ဖြေဆိုဖို့ ငြင်းဆန်ပါတယ်။ ဒါပေမဲ့ အဖြစ်အပျက် မှန်ကန်ကြောင်း အတည်ပြု ပြောဆိုပါတယ်။
အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတာတွေ အလုပ်ရှင်၊ အလုပ်သမား ပြဿနာတွေနဲ့ ပတ်သက်ပြီး ရန်ကုန် ဒဂုံဆိပ်ကမ်းမြို့နယ် လူမှုဖူလုံရေးရုံးကို ဆက်သွယ်မေးမြန်းတဲ့အခါ တာဝန်ရှိသူတစ်ဦးက အဲဒီစက်ရုံတွေဟာ ပြဿနာများတဲ့စက်ရုံတွေဖြစ်ပြီး ထိခိုက်ဒဏ်ရာမှုနဲ့ ပတ်သက်ပြီး တိုင်ကြားစာတွေ မကြာခဏ ရထားတယ်လို့ ပြောပါတယ်။ တိုင်ကြားစာတွေနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို သူက ပြောပြဖို့ ငြင်းဆန်ပြီး တတ်နိုင်သမျှ ဖြေရှင်းပေးနေတယ်လို့သာ တုံ့ပြန်ပါတယ်။
မြန်မာနိုင်ငံ အလုပ်သမားတပ်ပေါင်းစုအဖွဲ့ရဲ့ သမဂ္ဂခေါင်းဆောင်တစ်ဦးကတော့ အခုလို အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုတွေ ပိုဆိုးလာတာဟာ အာဏာသိမ်းပြီး တစ်လအကြာ ၂၀၂၁ ခုနှစ် မတ်လ ၁ ရက်နေ့မှာ စစ်ကောင်စီက အလုပ်သမားသမဂ္ဂနဲ့ အလုပ်သမားအခွင့်အရေး လှုပ်ရှားနေတဲ့ အဖွဲ့ ၁၆ ဖွဲ့ကို တရားမဝင် အဖွဲ့အစည်းတွေအဖြစ် ကြေညာခဲ့တာကြောင့်လို့ ပြောပါတယ်။ အာဏာသိမ်း နှစ်နှစ်ခွဲကျော်အတွင်းမှာ အလုပ်သမားအခွင့်အရေး လှုပ်ရှားသူ လေးရာနီးပါး အဖမ်းခံခဲ့ရတယ်လို့လည်း သူက ဆိုပါတယ်။
"အပြစ်ရှိတဲ့သူက လွတ်နေသမျှ ကာလပတ်လုံး၊ အပြစ်ရှိတဲ့သူက အာဏာရှိတဲ့သူရဲ့နောက်မှာ ပုန်းနေသမျှ ကာလပတ်လုံး တရားမျှတမှုကို ရှာလို့ရမှာမဟုတ်ဘူး"
မြန်မာနိုင်ငံမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေဟာ အာဏာမသိမ်းခင် ကတည်းက ရှိခဲ့ပြီး ကျူးလွန်သူတွေကို အာဏာပိုင်တွေက အကာအကွယ်ပေးနေသမျှ ဖြေရှင်းလို့ ရမှာမဟုတ်ဘူးလို့ သွေးစည်းညီညွတ်သော အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးက ပြောပါတယ်။
"နိုင်ငံခြားသားတွေ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တဲ့ ကိစ္စတွေက အခုမှ မဟုတ်ဘူး၊ တောက်လျှောက် ဖြစ်ခဲ့ဖူးတယ်။ ကျွန်မတို့တွေလည်း ရဲစခန်းပေါင်းစုံမှာ အမှုဖွင့်ဖူးတယ်။ ဒါပေမဲ့ အဲဒါတွေက ကြက်ပျောက်၊ ငှက်ပျောက်ပျောက်သလို ဖြစ်သွားတယ်။ တစ်ခုပဲရှိတယ် တရားမျှတမှုတောင်းတဲ့ အလုပ်သမားတွေက လုပ်ငန်းခွင်က စွန့်ခွာရတာချည်းပဲ။ အကာအကွယ်မရှိဘူး။ ကျွန်မတို့နိုင်ငံမှာ အလုပ်သမားအခွင့်အရေးအတွက် အကာအကွယ်ပေးတဲ့ ဥပဒေ မရှိဘူး။ ပြောရင် ပြောတဲ့သူ ထွက်ပဲ။ လျော်ကြေးပေးလိုက်ရင် မှန်တယ်ထင်နေတာ။ အမှန်က အဲလိုမဟုတ်ဘူး။ လျော်ကြေးပေးလိုက်တိုင်း မမှန်ဘူး။ ဒီမှာ အပြစ်ရှိရင် ဘယ်လိုအပြစ်ပေးသလဲပေါ်မှာ မူတည်တယ်။ အပြစ်ရှိတဲ့သူက လွတ်နေသမျှ ကာလပတ်လုံး၊ အပြစ်ရှိတဲ့သူက အာဏာရှိတဲ့သူရဲ့နောက်မှာ ပုန်းနေသမျှ ကာလပတ်လုံး တရားမျှတမှုကို ရှာလို့ရမှာမဟုတ်ဘူး"
အလုပ်ရှင်၊ အလုပ်သမား ပြဿနာဖြစ်လာတိုင်း အလုပ်သမားတွေဘက်က ခုခံကာကွယ်လေ့ရှိတဲ့ ခုံသမာဓိ ကောင်စီက အဖွဲ့ဝင် ဦးမောင်မောင်အေး ကတော့ မြန်မာနိုင်ငံမှာ အလုပ်သမားတွေ အခွင့်အရေး အပြည့်အဝ ရရှိဖို့ဆိုရင် Labor Law အလုပ်သမားဥပဒေ အားကောင်းဖို့ လိုတယ်လို့ ပြောပါတယ်။
"စက်ရုံတွေက အလုပ်သမားခေါင်းဆောင်တွေကို မတရား အလုပ်ထုတ်တာတွေ ရှိတယ်၊ ဒါကို ကျွန်တော် ကန့်ကွက်တာ။ တချို့ဖြုတ်ရုံတင် မဟုတ်ဘူး တခြားစက်ရုံတွေမှာ အလုပ်ဆက်လုပ်လို့မရအောင် အမည်မဲ စာရင်းတွေ လှမ်းပို့တာတွေ ရှိတယ်။ အဲဒါကြောင့် အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုတွေပေါ်တဲ့အခါမှာ ကျွန်တော် သူတို့ကို ဒါမျိုးတွေမလုပ်ဖို့ ပြောခဲ့တာတွေ ရှိပါတယ်။ ဒါကြောင့် ပြန်ပြောရရင် အလုပ်သမားဥပဒေ အားကောင်းဖို့ လိုတယ်။ ဒါကြောင့် အလုပ်သမားထုတစ်ရပ်လုံး နစ်နာနေတာတွေ မဖြစ်ဖို့ ကျွန်တော် တောင်းဆိုချင်ပါတယ်"
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် အလုပ်ဖြုတ်ခံရတဲ့ အလုပ်သမားဦးရေ ၄၁ ရာခိုင်နှုန်း အထိ ရှိလာတယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ILO ရဲ့ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက် ထုတ်ပြန်ချက်က ဖော်ပြပါတယ်။ အလုပ်ထုတ်ခံရတဲ့ အလုပ်သမား ၂၉.၅ ရာခိုင်နှုန်းသာ နစ်နာကြေး ရကြပြီး အမျိုးသမီးတွေနဲ့ အသက် ၁၅ နဲ့ ၂၄ ကြား လူငယ်တွေကတော့ အမျိုးသားတွေနဲ့ ဝါရင့် အလုပ်သမားတွေထက် နစ်နာကြေးရရှိမှု ပိုနည်းတယ်လို့လည်း ဖော်ပြပါတယ်။