မြန်မာသတင်းသမားတွေ အသက်အန္တရာယ်ခြိမ်းခြောက်မှုနဲ့ ကြုံလာရ

သတင်းလွတ်လပ်ခွင့်ကို တန်ဖိုးထားတတ်ဖို့ မေလ ၃ ရက်နေ့ကို ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့အဖြစ် ကုလသမဂ္ဂက သတ်မှတ်ထားပါတယ်။ ဒါပေမဲ့ စစ်အာဏာသိမ်းမှုနဲ့ ကြုံနေရတဲ့ မြန်မာနိုင်ငံမှာတော့ သတင်းသမားတွေဟာ နည်းမျိုးစုံနဲ့ ဖိနှိပ်ခံနေရဆဲဖြစ် သလို အခုနောက်ပိုင်း အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေနဲ့ပါ ကြုံတွေ့နေကြရတယ်လို့ သတင်းသမားတွေက ပြောပါတယ်။
ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ဖြစ်တဲ့ ဒီနေ့မှာပဲ အလွတ်သတင်းထောက် ကိုစိုးရာဇာ ထွန်း ဟာ စစ်ကောင်စီက စွပ်စွဲထားတဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ - ၅၂ (က) နဲ့ အင်းစိန်ထောင်တွင်းတရားရုံးတစ်ခုမှာ အမှုရင်ဆိုင်နေရတယ်လို့ ညီဖြစ်သူ ကိုဇာနည် ထွန်း က ပြောပါတယ်။
“သတင်းသမားတစ်ယောက်က ကိုယ့်အလုပ်ကိုယ် လုပ်နေတဲ့အပေါ်မှာ သူတို့က အကြမ်းဖက်မှုနဲ့ ဆွဲတယ်ဗျ။ ဆွဲတဲ့ အချိန်မှာ အရမ်းခံစားရတယ်ဗျ။ သူခိုးက လူပြန် ဟစ်တဲ့ပုံစံ ဖြစ်တာပေါ့။ ပြည်သူတွေအပေါ်မှာ မတရား ညှဥ်းပန်း အရင်တုန်းကလည်း ကျူးလွန်တယ်၊ အခုလည်း ကျူးလွန်တယ်။ လွတ်လွတ်လပ်လပ် သတင်းယူနေတဲ့ သတင်းသမားတစ်ယောက်ကို ဒီလိုဖမ်းတာကို ကျနော်လည်း မခံရပ်နိုင်ဘူး”
ကိုစိုးရာဇာထွန်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်နေ့က ဆန္ဒပြပွဲတွေကို သတင်းယူရင်း ရာဇသတ်ကြီးပုဒ်မ- ၅၀၅ (က)နဲ့ ဖမ်းဆီးတရားစွဲခံရပြီးနောက် လေးလ အကြာမှာ ပြန်လွတ်လာခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၂ ခုနှစ် မတ်လ ၁၀ ရက်နေ့မှာ ဒုတိယ အကြိမ် ထပ်မံအဖမ်းခံရပြီး စစ်ကြောရေးမှာ တစ်ပတ်၊ လှည်းကူးမြို့မ ရဲစခန်းမှာ တစ်လလောက်နေခဲ့ရပြီး အခု အင်းစိန်ထောင်မှာ အဖမ်းခံနေရပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းချိန်ကနေ အခုနှစ် ဧပြီလကုန်ပိုင်းအထိ သတင်းသမား ၁၃၅ ဦး အဖမ်းခံခဲ့ရ ပါတယ်။ လက်ရှိအချိန်အထိလည်း သတင်းသမားတွေဟာ အကျဉ်း ထောင်တွေနဲ့ အချုပ်ခန်းတွေထဲမှာ ထိန်းသိမ်းခံထားရဆဲဖြစ်တယ်လို့ သတင်းသမားတွေရဲ့ အချက်အလက်တွေကို ပြုစုနေတဲ့ Detained Journalist Information Myanmar အဖွဲ့ က ကိုဟန်ဇော်က ပြောပါတယ်။
“စုစုပေါင်း ဖမ်းဆီးထိန်းသိမ်းခံရတဲ့ သတင်းသမား ၁၃၅ ဦး ရှိပါတယ်။ ၁၃၅ ဦးထဲမှာ အမျိုးသားက ၁၀၉ ဦး ပါဝင်ပြီးတော့ အမျိုးသမီးက ၂၆ ဦး ရှိပါတယ်။ အဲဒီထဲမှာမှ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာတဲ့သူတွေ၊ ပြစ်ဒဏ်ကျခံပြီး ပြန်လွတ်လာတဲ့ သူတွေ၊ ခေတ္တခဏပဲ ထိန်းသိမ်းပြီး ပြစ်ဒဏ်ကျခံပြီးလို့ ပြန်လွှတ်ပေးလိုက် တဲ့ သူ ၈၃ ဦး ရှိပါတယ်။ အဲဒီမှာ အမျိုးသမီး ၁၃ ဦး ရှိပြီးတော့ အမျိုးသား ၇၀ ကို တွေ့ရတယ်။ တရားစွဲဆိုခံထားရ သူ ၈၀ ကျော် ရှိနေပါတယ်။ လက်ရှိမှာ ထိန်းသိမ်းခံထားရတဲ့ သတင်းသမားက ၅၁ ဦး ရှိပါတယ်။ အမျိုးသမီးက ၁၃ ဦး ပါပြီးတော့ အမျိုးသားက ၃၈ ဦး ကျနော်တို့ ရှိပါတယ်ပေါ့နော်”
အခုရက်ပိုင်းတွေအတွင်းမှာလည်း စစ်ကောင်စီကို ထောက်ခံသူတွေက လူမှုကွန်ရက်တွေ ကနေတစ်ဆင့် လွတ်လပ်တဲ့ သတင်းမီဒီယာတချို့ကို ပြည်ဖျက်မီဒီယာလို့ စွပ်စွဲမှုတွေရှိ နေပါတယ်။ အဲဒီသတင်းဌာနမှာ ရှိနေတဲ့ သတင်းသမားတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကိုပါ သတ်ဖြတ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေလည်း ရှိနေ တာကြောင့် မြန်မာနိုင်ငံရဲ့ သတင်းစာ လွတ်လပ်ခွင့်ဟာ အမှောင်ဘက်ခြမ်းကို ရောက်နေပြီလို့ ကိုဟန်ဇော်က ဆိုပါတယ်။
အခုဆိုရင် သတင်းသမားတွေဟာ ပြည်တွင်းမှာ ကိုယ့်အလုပ်ကိုယ်လုပ်ရင်းနဲ့ အသက် ဆုံးရှုံးနိုင်တဲ့ အခြေအနေအထိ အန္တရာယ်ရှိနေတယ်လို့ ရှမ်းပြည်နယ်အခြေစိုက် ရွှေဖီမြေ သတင်းဌာနရဲ့ အယ်ဒီတာအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“ဖမ်းဆီးခံရမယ့် အခြေအနေမျိုးနဲ့ ကြုံရမယ်ဆိုတာကို ကျနော်တို့ သိထားကြတယ်။ နောက်တစ်ခု ဖမ်းဆီးခံရပြီ ဆိုရင်လည်း ဘယ်လိုမှ လွယ်လွယ်နဲ့ ပြန်လွှတ်ပေးမှာမျိုး မဟုတ်ဘူးဆိုတာ ကျနော်တို့ သိထားကြတယ်။ ဒါမှမဟုတ် အဆိုးဆုံးကတော့ ဖမ်းဆီး နှိပ်စက်ပြီးတော့ သတ်ဖြတ်ခံရမယ့် အခြေ အနေမျိုးအထိလည်း ရင်ဆိုင်ရနိုင်တယ်။ ကျနော်တို့ ဒီဘက်ဒေသမှာက စစ်တပ်တင်မကဘူး။ တိုင်းရင်းသား လက်နက်ကိုင် နယ်မြေတွေလည်း များတယ်ဆိုပေမယ့် ကျနော်တို့ အတွက်ကတော့ အချိန်မရွေး ခုနကပြောတဲ့ ဖမ်းဆီး၊ ထောင်ချခံရတာမျိုးတွေ၊ တစ်ခုခု အသက်အန္တရာယ် ထိနိုင်မယ့် အခြေအနေမျိုးတွေ ကြုံရနိုင်တဲ့ အခြေအနေမျိုးတော့ ရှိနေတာပေါ့”
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်မှာ ရှမ်းပြည်နယ်အခြေစိုက် သတင်းသမားတွေ အနေနဲ့ ပုံမှန်ရပ်တည်လို့ မရတော့ဘဲ လုံခြုံမယ့်နေရာတွေဆီကို ပြောင်းရွှေ့ရင်း မြို့တွေနဲ့ အလွန် အလှမ်းဝေးတဲ့ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီး ခက်ခဲတဲ့နေရာတွေမှာ ရှောင်တိမ်းနေကြရတယ်လို့ သူက ပြောပါတယ်။
သတင်းစာဆရာ ဦးမြင့်ကျော်ကတော့ စစ်တပ်က အာဏာသိမ်းပြီတဲ့နောက် သတင်းသမား တွေဟာ အဆိုးဝါးဆုံး အခြေအနေနဲ့ ရင်ဆိုင်နေကြရတာလို့ ပြောပါတယ်။
“ဒီသတင်းလိုက်ရင်းနဲ့ စစ်ပွဲပေါ့လေ။ လက်နက်ကိုင်တိုက်ပွဲတွေမှာ သတင်းလိုက် ရင်းနဲ့ အသက်ဆုံးရှုံးတဲ့ သတင်းသမား ဇန်နဝါရီလထဲမှာ ပထမဆုံး ရှိလာခဲ့ပြီ။ ဒါက ပထမဆုံးနဲ့ နောက်ဆုံး ဖြစ်ပါစေလို့ပဲ ဆုတောင်းတယ်။ ဒါပေမဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ပြင်းထန်လာတယ်။ မြို့ပေါ်တွေမှာရော၊ တခြားကျေးလက်တွေမှာရော ဆိုရင်တော့ သတင်းသမားတွေက ဒီထက်ပိုပြီးတော့ အသက်အန္တရာယ် ထိခိုက်နိုင် တာမျိုးတွေ နောက်ပြီးတော့ သတင်းသမားတွေကိုပါ လုပ်ကြံမယ်။ မိသားစုဝင်တွေကို လုပ်ကြံမယ် ဆိုတဲ့ ခြိမ်းခြောက်မှုတွေလည်း ရှိနေတော့ အဲဒီလိုမျိုး စိုးရိမ်မှုတွေ၊ ခြိမ်းခြောက်မှု အန္တရာယ်တွေကတော့ ပိုမြင့်တက်လာနိုင်ခြေ ရှိတယ်ပေါ့နော်”
စစ်တပ်အာဏာသိမ်းပြီးနောက် အဖမ်းခံထားရတဲ့ သတင်းသမားအရေအတွက်ကို ကြည့်ရင် သတင်းလွတ်လပ်ခွင့် ဘယ်လောက်ထိခိုက်နေတယ်ဆိုတာ ထင်ရှားတယ်လို့လည်း ဦးမြင့်ကျော်က ဆိုပါတယ်။
သတင်းမီဒီယာတွေဟာ သွေးထိုးလှုံ့ဆော်ရေးသားနေကြပြီး တိုင်းပြည်ကို ဖျက်ဆီးနေ တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဧပြီလ ၂၇ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ စွပ်စွဲပြောဆို ခဲ့ပါတယ်။
RFA အပါအဝင် ဒီဗွီဘီ၊ ဧရာဝတီ၊ မစ္ဇျိမ၊ Myanmar Now၊ ခေတ်သစ်မီဒီယာတွေကို ပြည်ဖျက် မီဒီယာတွေအဖြစ် ညွှန်းဆိုပြီးနောက်ပိုင်းမှာ အဲဒီသတင်းဌာနတွေကို သွေးသောက်အဖွဲ့ လူမှုကွန်ရက်ကနေ ခြိမ်း ခြောက်မှုတွေ ရှိနေပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် သတင်းယူနေရင်း သေဆုံးရတဲ့ သတင်းသမား သုံးဦး ရှိပါတယ်။
အလွတ်ဓာတ်ပုံ သတင်းထောက် ကိုစိုးနိုင်ဟာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက် အပြည် ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အသံတိတ်ဆန္ဒပြပွဲကို သတင်းဓာတ်ပုံ ရိုက်ကူးနေချိန် ရန်ကုန်မြို့မှာ အဖမ်းခံရပြီး စစ်ကြောရေးမှာ သေဆုံးခဲ့ရပါတယ်။
ဖက်ဒရယ်ဂျာနယ်အယ်ဒီတာ အေစိုင်းကေ (ခ) စိုင်းဝင်းအောင်ဟာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်နေ့က ကရင်ပြည်နယ် မြဝတီမြို့ လေးကေ့ကော်ဒေသတိုက်ပွဲကို သတင်းရယူ နေချိန် လက်နက်ကြီးကျည်ထိမှန်ပြီး သေဆုံးခဲ့ပါတယ်။
ချင်းပြည်နယ်အခြေစိုက် Khonumthung သတင်းဌာနရဲ့ ဝါရင့် သတင်းထောက် ဆလိုင်း သွီဒင်း (Salai Tui Dim) ကတော့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့က မတူပီမြို့နယ် မတူပီ - ဟားခါး လမ်းဘေးက ကျေးရွာတစ်ရွာအနီးမှာ ဒေသခံ ၁၀ ဦးနဲ့အတူ စစ်ကောင်စီ တပ်ရဲ့ ဖမ်းဆီးသတ်ဖြတ်မှုကို ခံခဲ့ရပါတယ်။
"အာဏာရှင်ဆိုတာ သတင်းစာကို မုန်းတယ်ဗျ။ ဂျာနယ်လစ်ဇင်ဆိုတာ ကျနော်တို့က အမှန်ကို ပြောတာ"
မြန်မာနိုင်ငံက ဥပဒေတွေဟာ သတင်းမီဒီယာသမားတွေကို ကာကွယ်မပေးနိုင်တော့ တဲ့အတွက် စာနယ်ဇင်း သမားတွေ မလုံခြုံတော့ဘူးလို့ တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့် က ပြောပါတယ်။
“ဘက်ပေါင်းစုံက ပိတ်ထားတဲ့အပြင် အခု အားမရသေးဘဲနဲ့ ဖမ်းဆီးတယ်။ ထောင်ချ တယ်။ နှိပ်စက်တယ်။ ရိုက်တယ်။ သတ်တယ်ဆိုတဲ့အခါကျတော့ စာနယ်ဇင်းသမားကို အဲလို လုပ်တယ် ဆိုတာက မင်းတုန်းမင်းတရားကြီးလက်ထက်မှာတောင် မလုပ်ခဲ့ဘူး။ ဒီအစိုးရဟာ ကုန်ပြီ။ လက်ကုန်သွားပြီ။ ဒီစစ်အစိုးရက စကားနဲ့ ပြောလို့ မရတော့ဘူး။ သူတို့ကို ပြောချင်ရင် သေနတ်နဲ့ ပြောမှရတော့မှာ သေနတ်ကိုပဲ နားလည်တယ်။ သေနတ်ကိုပဲ အမှန်တရားလို့ ကိုးကွယ်တဲ့ စစ်တပ်ကို သူနဲ့ အဆင့်တူချင်ရင်တော့ သေနတ်ကိုင်မှပဲ သေနတ်ကိုင်ပြီးမှ ပြောမှ ရတော့မယ်။ ဗမာနိုင်ငံက အဲလို ဖြစ် သွားပြီ”
စစ်တပ်က အာဏာသိမ်းစမှာ သတင်းသမားတွေကို နိုင်ငံတော် ဆူပူအောင် လှုံ့ဆော်မှု ရာဇသတ်ကြီးဥပဒေပုဒ်မ-၅၀၅ (က)နဲ့ အရေးယူခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ထောင်နှစ် ရှည်တွေ ချမှတ်နိုင်တဲ့ နိုင်ငံတော် အကြည်ညို ပျက်စေမှု ရာဇသတ်ကြီးဥပဒေပုဒ်မ-၁၂၄ ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေတွေနဲ့ ပြောင်းလဲ အရေးယူလာတယ်လို့ ဥပဒေ ပညာရှင်တွေက ထောက်ပြပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ သတင်းထောက်အလုပ်လုပ်နေတဲ့ သတင်းသမားတွေကို ဖမ်းဆီးတာမရှိဘူးလို့ တုံ့ပြန်ပါတယ်။
“သတင်းမီဒီယာ လုပ်လို့မိုလို့ မီဒီယာနဲ့ ပတ်သက်ပြီး မီဒီယာလုပ်ငန်းလုပ်လို့ ဖမ်းဆီးတယ်ဆိုတာ ကျနော်တို့ မရှိဘူး။ သတင်းမီဒီယာသမားများအနေနဲ့ အကြမ်းဖက် အဖွဲ့အစည်းနဲ့ ပတ်သက်လို့ ဆူပူဆန္ဒပြမှုတွေမှာ လှုံ့ဆော်မှု လုပ်လို့မိုလို့ သူ့ရဲ့သက် ဆိုင်ရာ ရာဇဝတ်မှုတွေအရ ဖမ်းဆီးခံရတာ ဖြစ်တယ်။ ကျနော် ခဏခဏပြောခဲ့ပြီးပြီ။ မြန်မာနိုင်ငံမှာ သတင်းမီဒီယာ တရားမဝင် မီဒီယာအဖြစ် ကြေညာထားတဲ့ မီဒီယာ မှအပ နိုင်ငံခြားသတင်းမီဒီယာတွေရော၊ နိုင်ငံခြားသတင်း မီဒီယာတွေမှာ ဌာန ကိုယ်စားလှယ်တွေ၊ ဌာနကိုယ်စားလှယ် ဆိုတဲ့နေရာမှာ နိုင်ငံခြားသား၊ မြန်မာနိုင်ငံ သား ဒီအတိုင်း လွတ်လွတ်လပ်လပ်ပဲ ရှိတယ်။ လွတ်လွတ်လပ်လပ်ပဲ သတင်းရေး နေတာပဲ ဖြစ်တယ်”
နေပြည်တော်မှာကျင်းပနေတဲ့ စစ်ကောင်စီရဲ့ သတင်းစာရှင်းလင်းပွဲကိုလည်း သတင်း သမားတိုင်း လာခွင့်ရှိပြီး ကြိုက်တဲ့ မေးခွန်းမေးလို့ရတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုပါတယ်။
ဒါပေမဲ့ လက်တွေ့မှာ အမှန်တရားကို ဖော်ထုတ်တဲ့ သတင်းစာဆရာတွေ ပစ်မှတ်ထား ခံနေရတယ်လို့ Mizzima သတင်းဌာနရဲ့ အမှုဆောင်အယ်ဒီတာ ဦးစိန်ဝင်းက ပြောပါတယ်။
“အာဏာရှင်ဆိုတာ သတင်းစာကို မုန်းတယ်ဗျ။ ဂျာနယ်လစ်ဇင်ဆိုတာ ကျနော်တို့က အမှန်ကို ပြောတာ။ ဒါကြောင့် ဂျာနယ်လစ်တွေ ပြောတာတွေ၊ ဂျာနယ်လစ်တွေ တင်ပြ တာတွေကို မကောင်းဆိုးဝါးတွေက မတွေ့ချင် မမြင်ချင်ဘူးလေ။ အဲဒီတော့ မုန်းတာ ပေါ့။ ဥပမာပေါ့။ စကစတပ်တွေက ချင်း၊ ကရင်နီတို့၊ စစ်ကိုင်းတို့မှာ အရပ်သားတွေနဲ့ အိမ်တွေကို မီး ရှို့တယ်။ သတင်းတွေ မထွက်ချင်ဘူး။ ကျနော်တို့က သတင်းတွေ တင်ပြနေတာ။ သူတို့က ဖုံးဖိတယ်။ ကျနော်တို့က ရအောင်ဖော်တယ်။ အဲဒါကို သူတို့က ကြောက်တယ်။ အလားတူပဲ သူတို့သတ်ဖြတ်မှုတွေ တရားလက်လွတ်ပြုကျင့်မှုတွေက ကျနော်တို့ ကတော့ အမှန်တော့ သူတို့မှတင် မဟုတ်ဘူး။ အမှန်တရားအတွက် ရှာဖွေ ရတဲ့အခါမှာ အများပြည်သူ အကျိုးစီးပွားအတွက် မည်သူမဆိုပေါ့”
ပြင်သစ်နိုင်ငံအခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ စာနယ်ဇင်း လွတ်လပ်ခွင့်အညွှန်းကိန်းက နိုင်ငံပေါင်း ၁၈၀ မှာ မြန်မာက အဆင့် ၁၄၀ မှာရှိနေပါတယ်။
နှစ်စဉ်ထုတ်ပြန်တဲ့ ကမ္ဘာ့သတင်းလွတ်လပ်မှု အညွှန်းကိန်းအရ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ခဲ့တဲ့ ၂၀၁၁ ခုနှစ်နောက်ပိုင်းကနေ ၂၀၁၇ ခုနှစ်အထိ အဆင့် ၂၀ လောက်အထိ တက်လာခဲ့ပေမယ့် အခု ၂၀၂၁ စစ်ကောင်စီ လက်ထက်မှာတော့ အဆင့် ၁၄၀ အထိ ကျဆင်းသွားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ သတင်းသမားတွေကို ဖမ်းဆီးထောင်ချတာတွေ ရပ်တန့်ဖို့ အမေရိကန် ပြည်ထောင်စု နယူးယောက် အခြေစိုက် သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ (CPJ) က မတ်လ ၂၄ ရက်နေ့က ထုတ်ပြန်တောင်းဆိုထားပြီး သတင်း သမားတွေကို ဖမ်းဆီးထောင်ချတဲ့အထဲမှာ မြန်မာနိုင်ငံဟာ ကမ္ဘာမှာ ဒုတိယအဆိုးဆုံး နိုင်ငံဖြစ်လာကြောင်းလည်း ထောက်ပြဝေဖန်ထားပါတယ်။