ဝန်းသိုမှာ လက်နက်ကြီး ဒဏ်ရာရခဲ့တဲ့ ကလေး ၁၈ ဦးကို ဆေးကုသမှုဆက်ပေးနေ

RFA Burmese
2023.09.29
ဝန်းသိုမှာ လက်နက်ကြီး ဒဏ်ရာရခဲ့တဲ့ ကလေး ၁၈ ဦးကို ဆေးကုသမှုဆက်ပေးနေ ဝန်းသိုမြို့နယ် ဂျိုးတောင်ရွာတွင် စစ်ကောင်စီ လက်နက်ကြီးကျည် ကျရောက်ခဲ့သည့် စာသင်ကျောင်းမှ ဒဏ်ရာရ ကလေးငယ်များအား ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့ ဂျိုးတောင်ရွာက စာသင်ကျောင်းကို စက်တင်ဘာလ ၂၇ ရက်နေ့က စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေး ၁၈ ဦး ထိခိုက်ဒဏ်ရာရသွားပြီးနောက် ကျောင်းကိုလည်း ယာယီပိတ်ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဝန်းသိုမြို့အခြေစိုက် စစ်ကောင်စီရဲ့ ခမရ (၁၀၂) တပ်ရင်းကနေ ဟောင်ဝစ်ဇာ (Howitzer) အမျိုးအစား လက်နက်ကြီးနဲ့ သုံးကြိမ်ပစ်ခတ်ခဲ့ရာမှာ အဲဒီအထဲက လက်နက်ကြီး တစ်လုံးက ကလေးတွေ စာသင်နေတဲ့ ကျောင်းဆောင်နဲ့ ပေ ၂၀ ခန့်အကွာမှာ ကျရောက် ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

"စစ်ကြောင်းက ဝန်းသိုထဲက ထွက်ခဲ့တာနဲ့ ရွာပတ်ချာလည် အကုန်က ပြေးနေရတော့တာပဲ

လက်နက်ကြီးအစတွေ ထိမှန်ပြီး ထိခိုက်ဒဏ်ရာရသွားတဲ့ ကလေး ၁၈ ဦးဟာ အသက် ၈ နှစ်ကနေ ၁၂ နှစ်အတွင်း ယောက်ျားလေး ရှစ်ဦး၊ မိန်းကလေး ၁၀ ဦးဖြစ်ပါတယ်။ အဲဒီအထဲက ကလေးခြောက်ဦးကတော့ ဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဒဏ်ရာပြင်းတာက ခြောက်ယောက်လို့ ပြောတယ်။ အကုန်လုံးက ၁၈ ယောက် ထိတယ်။ ကျောင်းဆောင်ရဲ့ အပေါ်မှာ ကွဲလိုက်လို့ပေါ့။ မကွဲရင်တော့ ကလေးတွေ သေဖို့ များတယ်။ သဘောက အပေါ် ၁၀ ပေလောက်မှာ ပေါက်ကွဲတာမျိုး၊ ၂၀ ပေလောက်မှာ ကွဲတာမျိုးတို့ပေါ့။ ကလေးတွေရဲ့ နောက်ဆုံး အခြေအနေကတော့ အသေအပျောက် မရှိတဲ့အခါကျတော့ ပွန်းပဲ့ဒဏ်ရာရတာ၊ ရင်ဘတ်ပွန်းတာလောက်တော့ ရှိတာပေါ့။ လောလောဆယ်ကတော့ ကလေးတွေ အခြေအနေကောင်းပါတယ်"

ထိခိုက်ဒဏ်ရာရသွားတဲ့ ကလေးတွေကိုတော့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ဆေးကုသပေးနေပြီး အသက်အန္တရာယ်အတွက် စိုးရိမ်စရာတော့ မရှိဘူးလို့ ပြောပါတယ်။

အဲဒီစာသင်ကျောင်းဟာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ကျေးရွာရပ်မိရပ်ဖတွေ စုပေါင်းပြီး ရွာဘုန်းကြီးကျောင်းဝင်းထဲမှာ ဖွင့်လှစ်ထားတာပါ။ ကျောင်းမှာစာသင်နေတဲ့ ကလေးတွေကတော့ အသက် ၄ နှစ်ကနေ ၁၂ နှစ်အတွင်း ကလေးအယောက် ၁၀၀ ကျော်ရှိပါတယ်။

လက်နက်ကြီးကြောင့် စာသင်ကျောင်းဆောင်လည်း အနည်းငယ်ပျက်စီးသွားသလို ကျောင်းကိုလည်း ဒီနေ့အချိန်အထိ ပိတ်ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတဲ့ ဂျိုးတောင်ကျေးရွာဟာ ဝန်းသိုမြို့ရဲ့ အရှေ့မြောက်ဘက် ရှစ်မိုင်ခန့် အကွာမှာရှိတာပါ။ အဲဒီနေ့က ပစ်ခတ်ခံရတဲ့ ၁၅၅ မမ အမြောက်ကျည်သုံး ဟောင်ဝစ်ဇာ လက်နက်ကြီး အမျိုးစားဟာ ရှေ့တန်း စစ်မျက်နှာပြင်မှာ လက်နက်ကြီး ပစ်ကူအဖြစ် အသုံးပြုတာဖြစ်ပြီး ၂၅ မိုင်အကွာအဝေးထိ ပစ်ခတ်နိုင်စွမ်းရှိတဲ့ လက်နက်ကြီး အမျိုးစားဖြစ်တယ်လို့ စစ်ရေးကျွမ်းကျင်သူတွေက ဆိုပါတယ်။

ဝန်းသိုမြို့ အရှေ့ဘက်ခြမ်းမှာရှိတဲ့ ရွာတွေက ဒေသခံတွေဟာ ဂျိုးတောင်ရွာမှာ စစ်ဘေးဒုက္ခသည်အဖြစ် လာရောက်စုပေါင်းနေထိုင်နေပြီး လက်ရှိ လူဦး တစ်ထောင်ကျော်လောက်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်က မထင်မရင် မထင်သလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တတ် တာကြောင့် ဒေသခံတွေဟာ စိုးရိမ်ကြောက်လန့်နေကြပြီး လက်နက်ကြီးစ ထိမှန်ခဲ့တဲ့ ကလေးတွေလည်း ကြောက်လန့်နေကြတယ်လို့ ဂျိုးတောင်ရွာက အမည်မဖော်လိုတဲ့ နောက်ထပ် ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ဒါကတော့ လွန်တာပေါ့၊ ကလေးတွေ စာသင်နေတဲ့နေရာနဲ့၊ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းနဲ့က ကပ်ရပ်လေ၊ အလယ်ကောင်တည့်တည့်ကို ကျတာဆိုတော့ ဒါကတော့ လွန်တာပေါ့။ ဖြစ်ဖြစ်ချင်းမှာ ကလေးတွေ ကြောက်သွားပြီးတော့ ငိုတာပေါ့။ ပြီးတော့ ဆေးထည့်တော့လည်း သွေးတွေက အများကြီးထွက်တော့ ကြောက်သွားကြတာ။ စစ်ကြောင်းက ဝန်းသိုထဲက ထွက်ခဲ့တာနဲ့ ရွာပတ်ချာလည် အကုန်က ပြေးနေရတော့ တာပဲ။ ကျွန်မတို့ရော ပြေးနေရတာပဲ။ စစ်ကြောင်းရောက်ပြီဆို ပြေးတော့တာပဲ။ ကြောက်စိတ်က အရမ်းလွှမ်းမိုးနေပြီ။ ထစ်ခနဲဆို သူတို့က ပစ်ပြီ။ သူတို့ စစ်ကြောင်း မလာရင်တောင်မှ ဒီဘက်ကလူတွေက ကြောက်စိတ်တွေဖြစ်နေပြီ"

စက်တင်ဘာလ ၂၆ ရက်နေ့က ဝန်းသိုမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီ ဂိတ်စခန်းတစ်ခုကို ပြည်သူ့ကာကွယ်ရေးတပ် (PDF) က သွားရောက်ပစ်ခတ်ခဲ့ပြီး နောက်တစ်နေ့ စက်တင်ဘာ ၂၇ ရက်နေ့မှာ တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ ဂျိုးတောင်ရွာဘက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။

ဝန်းသိုမြို့နယ်မှာ လတ်တလော စစ်ရေးအခြေနေငြိမ်နေပေမယ့် စစ်ကောင်စီတပ်က PDF တွေကိုမဲပြီး အရပ်သားတွေရှိတဲ့ ရွာတွေဘက်ကို လက်နက်ကြီးနဲ့ မကြာခဏ ပစ်ခတ်တာတွေရှိတယ်လို့ ဝန်းသို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

“ကောလင်းနဲ့ ဝန်းသိုကို တပ်အပြောင်းအလဲတွေဖြစ်တော့ အဲဒီတုန်းက တိုက်ပွဲတွေ တော့ ဖြစ်ခဲ့တာရှိတယ်။ လောလောဆယ် ဝန်းသိုဘက်မှာ နည်းနည်းအေးတယ်။ စစ်ကြောင်းကလည်း သိပ်ပြီးတော့ ထွက်နိုင်တဲ့ အနေအထားမျိုး သိပ်မရှိဘူးဗျ၊ အခုနောက်ပိုင်းမှာ ထွက်တာနဲ့ တော်လှန်ရေးအင်အားစုတွေဘက်က ဝိုင်းဝန်းပြီးတော့ တိုက်ခိုက်ကြတဲ့ အခါကျတော့ သူတို့ မြို့နားလောက်ပဲ ထွက်နိုင်တယ်။ ကျန်တဲ့နေရာ မထွက်နိုင်ဘူး။ ပထမတစ်ရက်က PDF နဲ့၊ ပကဖနဲ့ ပူးပေါင်းပြီးတော့ ဝန်းသိုမြို့ထဲမှာရှိတဲ့ စစ်တပ်ဂိတ်ကို သွားပစ်ကြတယ်။ ပစ်တဲ့အခါကျတော့ ပျုစောထီးနဲ့ စစ်ကောင်စီတပ်တွေ သေတယ်။ သေနတ်ခြောက်လက် ရတယ်။ နောက်နေ့ကျတော့ တိုက်ပွဲဖြစ်တာလည်း မရှိဘူး၊ ရမ်းသန်းပစ်ခတ်တာဗျ။ ကလေးတွေ စာသင်နေတဲ့ နေရာကို သွားကျတာဗျ။ အဓိကကတော့ PDG တွေ ပကဖတွေကို မယှည်နိုင်လို့ ဘယ်ရောက်ရောက်ဆိုတဲ့ ပုံမျိုးနဲ့ ပစ်တာဗျ“

လက်နက်ကြီးကြောင့် ကလေးတွေ ထိခိုက်ဒဏ်ရာရှိခဲ့တာနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

ဂျိုးတောင်ရွာဖြစ်စဉ်နဲ့ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စက်တင်ဘာ ၂၈ ရက် ထုတ်ပြန်ချက်မှာတော့ စစ်ကောင်စီဟာ စစ်ရာဇဝတ်မှုကို ကျူးလွန်နေတယ်ဆိုတာ ထင်ရှားနေကြောင်း ဖော်ပြထားပါတယ်။

ဝန်းသိုမြို့နယ် ဂျိုးတောင်ရွာတွင် စစ်ကောင်စီ လက်နက်ကြီးကျည် ကျရောက်ခဲ့သည့် စာသင်ကျောင်းအား ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)
ဝန်းသိုမြို့နယ် ဂျိုးတောင်ရွာတွင် စစ်ကောင်စီ လက်နက်ကြီးကျည် ကျရောက်ခဲ့သည့် စာသင်ကျောင်းအား ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

အရပ်သားနဲ့ ကလေးတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ရာမှာ ပါဝင်ခဲ့တဲ့သူတွေကိုလည်း နောင်တစ်ချိန်မှာ အရေးယူနိုင်ဖို့ ဆောင်ရွယ်သွားမယ်လို့ NUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က RFA ကို ပြောပါတယ်။

“အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတဲ့အခါမှာ ကလေးသူငယ်တွေကိုပါ မချန်၊ အသက်ကြီးရွယ်အို မချန်၊ နောက်ပြီးတော့ ကိုယ်ဝန်ဆောင်မိခင်တွေပါ မချန်၊ ဘာသာရေးခေါင်းဆောင်တွေ မချန် ဘယ်သူ့ကိုမဆို ပစ်မှတ်ထားပြီးတော့ တိုက်ခိုက်သတ်ဖြတ်နေတာတွေကို မျက်မြင်ကိုယ်တွေ့တွေ မြင်နေကြရတာဖြစ်တယ်။ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေ တစ်ဦးတစ်ယောက်မချန် တစ်ချိန်ချိန်မှာ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်နဲ့ ထိုက်တန်တဲ့ ပြစ်ဒဏ်ကို ခံစားရရေး ကျွန်တော်တို့ NUG အနေနဲ့ သေသေချာချာ အလေးနက်ထားပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်“

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့ကလည်း ဝန်းသိုမြို့နယ် တောင်ဘို့လှရွာမှာ မပေါက်ကွဲဘဲ ကျန်နေတဲ့ စစ်ကောင်စီရဲ့ ၆၀ မမ လက်နက်ကြီးကျည်ကို ကလေးတစ်စုက ဆော့ကစားမိရာကနေ ပေါက်ကွဲပြီး ကလေး တစ်ဦး သေဆုံးကာ ခြောက်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီလက်ချက်ကြောင့် သေဆုံးခဲ့ရတဲ့ ကလေးသူငယ် ဦးရေ ၄၁၄ ဦးအထိရှိနေတယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG ရဲ့ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။