စစ်ကောင်စီ လုံခြုံရေးတင်းကျပ်ပြီး သန်းခေါင်စာရင်း စတင်ကောက်ယူ

RFA Burmese
2024.10.01
စစ်ကောင်စီ လုံခြုံရေးတင်းကျပ်ပြီး သန်းခေါင်စာရင်း စတင်ကောက်ယူ ရန်ကုန်မြို့ ရပ်ကွက်တစ်ခုအတွင်း သန်းခေါင်စာရင်းကောက်ယူနေသည်ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

[Update: 6: 20 PM, Oct 1, 2024]

စစ်ကောင်စီက ၂၀၂၄ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို နိုင်ငံတစ်ဝန်းမှာ ဒီနေ့ကစလို့ အောက်တိုဘာလ ၁၅ ရက်နေ့အထိ လုံခြုံရေးအစောင့်အရှောက်တွေနဲ့ ကောက်ယူနေပါတယ်။

ရန်ကုန်မြို့က ရပ်ကွက်တွေမှာဆိုရင် ကောက်ကွက်တစ်ခုကို စစ်ကောင်စီတပ်သားနဲ့ ရဲတပ်ဖွဲ့ဝင် သုံးဦးကနေ ငါးဦးဝန်းကျင်အထိလုံခြုံရေးယူပြီး ကောာက်ယူနေတာလို့ ဆိုပါတယ်။

ဒီလို လုံခြုံရေးအစောင့်အရှောက်တွေနဲ့ ကောက်ယူတာဖြစ်လို့ သန်းခေါင်စာရင်းမေးခွန်းတွေကို စိုးရိမ်စိတ်တွေနဲ့ ဖြေခဲ့ရတယ်လို့ ကမာရွတ်မြို့နယ်မှာနေထိုင်တဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“သန်းခေါင်စာရင်းကောက်တဲ့သူ ၁၅ ယောက်လောက် ရှိတယ်။ အဲဒီမှာ အရာရှိ ဝတ်စုံနဲ့က တစ်ယောက်၊ နောက် ရိုးရိုးတိုက်ပုံတွေ ဘာတွေနဲ့ပေါ့နော်။ အဲဒီလို လူမျိုးတွေလည်းပါတယ်။ တစ်ခန်းကို တစ်ယောက် ကောက်တယ်။ ကောက်နေတဲ့ တိုက်အောက်မှာ လက်နက်ကိုင်ထားတဲ့လူတွေ စောင့်နေတာပေါ့နော်။ စစ်သားတွေ သုံးယောက်လောက်တော့ ရှိတယ်။ သေနတ်တွေ ပါတဲ့အခါကျတော့ နည်းနည်းတော့ လန့်တာပေါ့ ဖြေရတာ”

စာရင်းကောက်ယူမဲ့ ရပ်ကွက်တွေမှာ လုံခြုံရေးတင်းကျပ်ထားပြီး စာသင်ကျောင်းတွေ၊ ဓမ္မာရုံတွေမှာ စုရပ် အနေနဲ့ ကောက်ယူတာရှိသလို နေအိမ် တစ်အိမ်တက် တစ်အိမ်ဆင်းစနစ်နဲ့ ကောက်ယူတာတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရန်ကုန်မြို့မှာ သန်းခေါင်စာရင်းနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက စက်တင်ဘာလ ၃၀ ရက်နေ့က မြို့နယ်အလိုက် လက်ကမ်းစာစောင်တွေ ဖြန့်ဝေတာ၊ အသံချဲ့ စက်တွေနဲ့ လှည့်လည်ကြေညာတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ခေါ်ယူပြီးမှ စစ်ဆေးတာမျိုးတွေ ဖြစ်မလားဆိုတဲ့ စိတ်အနှောင့်အယှက်တွေ၊ စိုးရိမ်ကြောင့်ကြမှုတွေတော့ ဖြစ်ရပါတယ်”

၂၀၁၄ ခုနှစ်က ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းမှာ မေးခွန်းပေါင်း ၄၁ ခုသာ ရှိခဲ့ပေမဲ့ အခု ၂၀၂၄ သန်းခေါင်စာရင်းမှာတော့ မေးခွန်းပေါင်း ၆၈ ခုအထိ ပါရှိပါတယ်။ လူဦးရေနဲ့ဆိုင်တဲ့ မေးခွန်း ၁၁ ခု၊ ပြည်တွင်းရွှေ့ပြောင်း သွားလာမှုနဲ့ဆိုင်တဲ့ မေးခွန်းခြောက်ခု၊ ပညာရေးနဲ့ဆိုင်တဲ့ မေးခွန်း ခြောက်ခု၊ လုပ်သား အင်အားနဲ့ဆိုင်တဲ့ မေးခွန်း ခုနှစ်ခု၊ မွေးဖွားမှုနဲ့ဆိုင်တဲ့ မေးခွန်း ကိုးခု၊ မသန်စွမ်းနဲ့ဆိုင်တဲ့ မေးခွန်းတစ်ခု၊ ပြည်ပရွှေ့ပြောင်း သွားလာ မှုနဲ့ဆိုင်တဲ့ မေးခွန်း ရှစ်ခု၊ အိမ်အကြောင်းအရာ မေးခွန်း ၁၃ ခု၊ သေဆုံးမှု၊ ကိုယ်ဝန်ဆောင်မှုနဲ့ မိခင်သေဆုံးမှုနဲ့ ဆိုင်တဲ့ မေးခွန်း ခုနှစ်ခု ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းမှာ လူမျိုးနဲ့ပတ်သက်တဲ့ မေးခွန်းအစား အိမ်မှာပြောဆိုတဲ့ ဘာသာစကားဆိုပြီး ပြောင်းလဲထည့်သွင်းထားတာလည်းတွေ့ရပါတယ်။

သန်းခေါင်စာရင်းအချက်အလက်တွေကို သန်းခေါင်စာရင်းကလွဲပြီး အခြားဘယ်ကိစ္စမျိုးမှာမှ အသုံးမပြုရဘူးလို့ သတ်မှတ်ထားပေမဲ့ စစ်ကောင်စီက အခြားနေရာတွေမှာပါ အသုံးချမလားစိုးရိမ်တာတွေကြောင့် အချို့ အချက်အလက်တွေကို အမှန်မဖြေခဲ့ဘူးလို့ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မှာနေထိုင်တဲ့ အိမ်ရှင်မတစ်ဦးက RFA ကို ပြောပါတယ်။

“ကိုယ့်ရဲ့ မိသားစု စီးပွားရေးအကြောင်းတွေပါ သူတို့က အကုန်လုံးမေးတာလေ။ ဘာလုပ်တာလဲ။ ဘယ်သူက ဘာလုပ်လဲ။ အမျိုးသားက ဘာလုပ်လဲ။ အိမ်ထောင်ဦးစီးက ဘာလုပ်လဲဆိုတော့ တချို့ဟာတွေကျတော့ မဖြေသင့်တဲ့ဟာတွေကျတော့ ကိုယ်က ကိုယ့်မိသားစုရဲ့ စီးပွားရေးအခြေအနေတွေ ဘာတွေကျတော့ မပြောသင့်တဲ့ဟာတွေကျတော့ နည်းနည်းတော့ လွှဲပြီး ဖြေလိုက်တာတွေ ဘာတွေ ရှိတာပေါ့”

ရန်ကုန်မြို့က ဟိုတယ်တချို့မှာတော့ တည်းခိုနေသူတွေကို စက်တင်ဘာလ ၃၀ ရက် မနေ့ကတည်းက သန်းခေါင်စာရင်း ကောက်ယူခဲ့တယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေက ပြောပါတယ်။

မန္တလေးတိုင်း မန္တလေးမြို့နဲ့ ညောင်ဦးမြို့တွေမှာတော့ စက်တင်ဘာလ ၃၀ ရက်နေ့ကစလို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေက သန်းခေါင်စာရင်း စာရွက်တွေကို နေအိမ်တွေကို ဖြန့်ဝေထားပြီး အချက်အလက်တွေ ကြိုတင်ဖြည့်ခိုင်းထားတာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။


ဆက်နွှယ်သောသတင်းများ

မဲစာရင်းအမှန်ရဖို့ သန်းခေါင်စာရင်းရလဒ်ကို အသုံးပြုမယ်လို့ စစ်ခေါင်းဆောင် ပြော

စစ်ကောင်စီ သန်းခေါင်စာရင်းကောက်ယူတာကို ဆန့်ကျင်ကြဖို့ ရန်ကုန်သပိတ်အင်အားစု တိုက်တွန်း

၂၀၂၄ သန်းခေါင်စာရင်းမှာ လူသန်းသုံးဆယ်လောက်သာ ကောက်နိုင်မယ်လို့ ခန့်မှန်း


ဒီနေ့ သန်းခေါင်စာရင်း ကောက်ယူတဲ့နေ့မှာ စစ်ကောင်စီတပ်ကပါ လုံခြုံရေးယူထားတာကြောင့် စိုးရိမ်မှုတွေ ဖြစ်ခဲ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မန္တလေးမြို့ခံ တစ်ဦးက RFA ကို ပြောပါတယ်။

“အိမ်တွေကို လာတယ်။ ဒီရာအိမ်မှူး၊ ဆယ်အိမ်မှူး၊ ကိုယ့်ရဲ့ အုပ်ချုပ်ရေးမှူးတွေတင်မကဘဲနဲ့ ဒီလိုမျိုး သူတို့ ယူနီဖောင်းဝတ်တွေနဲ့ ပါတဲ့အတွက် ယူနီဖောင်းဝတ်တွေတင် မကဘူး၊ ဒီ လက်နက်တွေ ဘာတွေပါ ပါတဲ့အတွက် စိုးရိမ်ထိတ်လန့်ပြီး တစ်ခုခုအမှားအယွင်းများ ဖြစ်မလားပေါ့နော်။ ဒီသန်းခေါင်စာရင်း ကောက်ယူတာ၊ မေးမြန်းတာ၊ ဒီစာရွက်စာတမ်းထဲမှာတင် ဖြည့်သွင်းတာတင် မကဘဲနဲ့ ဖမ်းဆီးတာမျိုးတွေပေါ့။ ခေါ်ယူပြီးမှ စစ်ဆေးတာမျိုးတွေ ဖြစ်မလားဆိုတဲ့ စိတ်အနှောင့်အယှက်တွေ၊ စိုးရိမ်ကြောင့်ကြမှုတွေတော့ ဖြစ်ရပါတယ်”

ရခိုင်ပြည်နယ်မှာတော့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်၊ တောင်ကုတ်၊ အမ်း စတဲ့ မြို့ပေါ်ရပ်ကွက်တွေလောက်ပဲ သန်းခေါင်းစာရင်း ကောက်ယူနိုင်ပြီး ကျန်တဲ့ကျေးလက်ဒေသတွေနဲ့ အာရက္ခ တပ်တော် (AA) ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ သန်းခေါင်းစာရင်း မကောက်ယူနိုင်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ကျောက်ဖြူမြို့နယ်မှာတော့ မြို့ပေါ်ရပ်ကွက် ၁၇ ခုနဲ့ ကျေးရွာအုပ်စု ၅၄ အုပ်စုရှိတဲ့အနက် မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာအုပ်စု ငါးခုလောက်သာ သန်းခေါင်စာရင်း ကောက်ယူနိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျောက်ဖြူမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“စစ်လည်း ဖြစ်နေတယ်။ နောက်ပြီးရင် ဗုံးတွေက အမြဲတမ်း ကြဲချနေတယ်ဆိုတော့ တချို့ကလည်း ဒီအစိုးရအပေါ်မှာ အယုံအကြည် မရှိတော့ဘူးလေ။ ကျောက်ဖြူမှာ မြို့ပေါ်ရပ်ကွက်လောက်ပဲ ကောက်နိုင် တယ်ဆို တော့ မြို့ပေါ်ရပ်ကွက်က ၁၇ ရပ်ကွက် ရှိတယ်။ ကျေးရွာအုပ်စုက ၅၄ အုပ်စုမှာ ကျေးရွာပေါင်း နှစ်ရာ ခြောက်ဆယ်နဲ့ ရှစ် ရွာရှိတယ်။ ကျောက်ဖြူမှာ ကျေးရွာအုပ်စုက သူတို့ အလွန်ဆုံး စာရင်းကောက်နိုင်လို့ရှိရင် ကျေးရွာအုပ်စု ငါးခုလောက်ပဲ ကောက်နိုင်တယ်။ မြို့ပေါ်ရပ်ကွက် ၁၇ ခုကောက်နိုင်တယ် ဒီလောက်ပဲ”

အလားတူ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာလည်း မြို့နယ်အချို့မှာသာ သန်းခေါင်စာရင်း ကောက်ယူနိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရှမ်းမြောက်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“တန့်ယန်းမှာ စဆင်းနေပြီတဲ့။ နမ့်ဆန်ရယ်၊ မိုင်းရယ် ရယ်သုံးမြို့လေ။ ဆင်းနေပြီလို့ပြောတယ် မနေ့က စတယ်လို့ ပြောတယ်။ အဲဒီသုံးမြို့နယ်ပဲ ရမှာပေါ့။ ကျွန်တော်ပြောချင်တာက ကျန်တဲ့မြို့နယ်တွေကသူတို့ရဲ့ အုပ်ချုပ်မှု ယန္တရားမရှိတော့ဘူးလေ”

စစ်ကောင်စီကို ခုခံတိုက်ခိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေကတော့ စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းအစီအစဉ်ကို ဆန့်ကျင်ထားပြီး ပါဝင်ပတ်သက်သူတွေကိုပါ အရေးယူမယ်လို့ ထုတ်ပြန်ထားကြပါတယ်။

ရန်ကုန်မြို့ ရပ်ကွက်တစ်ခုအတွင်း သန်းခေါင်စာရင်းကောက်ယူနေသည်ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ရန်ကုန်မြို့ ရပ်ကွက်တစ်ခုအတွင်း သန်းခေါင်စာရင်းကောက်ယူနေသည်ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးကတော့ စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ယူတဲ့ လုပ်ငန်းမှန်သမျှကို တားဆီးနိုင်အောင် ကြိုးစားသွားမယ်လို့ ပြောပါတယ်။

“NUG အစိုးရအောက်မှာရှိနေတဲ့ အဖွဲ့အစည်းအနေနဲ့ပေါ့လေ။ စစ်ကောင်စီက သန်းခေါင်စာရင်း ကောက်နေတာနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့က သဘောလည်း မတူဘူး။ အသိအမှတ်လည်း မပြုဘူး။ သူတို့လုပ်နေတဲ့ လုပ်ငန်းမှန်သမျှကိုလည်း ကျွန်တော်တို့ကတော့ တော်လှန်မှာပဲ။ ဆန့်ကျင်မှာပဲ။ လုပ်ငန်းမှန်သမျှကိုလည်း မလုပ်နိုင်အောင် ကျွန်တော်တို့ ကြိုးစားသွားမယ်လို့ ပြောချင်တယ်”

မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေးအဖွဲ့ (ISP-Myanmar) အဖွဲ့ဝင် ဦးအောင်သူငြိမ်းကတော့ စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ယူမှုဟာ အောင်မြင်မှုရှိမရှိကို နိုင်ငံတကာက ဆုံးဖြတ်လိမ့်မယ်လို့ RFA ကို ပြောပါတယ်။

“အခုသန်းခေါင်စာရင်းမှာလည်း ဘာခေါ်မလဲ အောင်မြင်တယ်၊ မအောင်မြင်ဘူးဆိုတာက လက်ခံယုံကြည် ကိုးစားဖွယ် ဘယ်လောက်ရှိ မရှိ နိုင်ငံတကာဘက်က သူတို့ ဆုံးဖြတ်မှာပေါ့နော်။ ဒီသန်းခေါင်စာရင်း ပြီးတဲ့အခါကျတော့ တချို့နိုင်ငံတွေက ဒါဖြစ်ဖွယ် မရှိဘူး။ ဒါယုံကြည်ဖွယ်မရှိဘူးဆိုလို့ရှိရင် သူ့ရဲ့ ဘာခေါ်မလဲဗျာ ယုံကြည်ကိုးစားမှု ကျတာပေါ့။ အောင်မြင်တယ်၊ မအောင်မြင်ဘူးဆိုတာတော့ အဲဒီမှာ တိုင်းလို့ရမယ် ထင်ပါတယ်”

၂၀၁၄ ခုနှစ်က သန်းခေါင်စာရင်းကောက်ယူခဲ့ရာမှာလည်း အချက်အလက်ပြည့်စုံအောင် မထုတ်ပြန်နိုင်တာ ကြောင့် နိုင်ငံတကာမှာ မှန်ကန်မှုရှိ မရှိ အငြင်းပွားစရာဖြစ်ခဲ့တယ်လို့ ဦးအောင်သူငြိမ်းက ထောက်ပြပါတယ်။

လက်ရှိ သန်းခေါင်စာရင်းကောက်ယူမှုတွေနဲ့ ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းနဲ့ စစ်ကောင်စီရဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရုံးကို RFA က ဒီနေ့မှာ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ သန်းခေါင်စာရင်းက အချက်အလက်တွေကို မဲစာရင်း မှန်ကန်ရေးမှာ အသုံးပြုသွားမယ်လို့ စက်တင်ဘာလ ၁ ရက်နေ့က ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ ဒီနေ့စတင်ကောက်ယူနေတဲ့ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကို ခန့်မှန်းလူဦးရေ ၅၆ သန်းနဲ့ ခန့်မှန်းအိမ်ထောင်စုပေါင်း ၁၃ သန်းခန့်ကို အခြေခံတွက်ချက်ပြီး ကောက်ယူမှာ ဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ဩဂုတ်လ ၂၇ ရက်နေ့မှာ ဖော်ပြထားပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စာရင်းကောက်ကွက်ပေါင်း တစ်သိန်းတစ်သောင်းခန့်ကို စာရင်းစစ်၊ စာရင်းကောက် လေးသောင်း နှစ်ထောင်ခန့်နဲ့ ကောက်ယူဖို့ လျာထားတယ်လို့လည်း ဆိုပါတယ်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံမှာ လူဦးရေ ၅၁ သန်းကျော် (၅၁,၄၁၉,၄၂၀ ဦး) ရှိခဲ့ပြီး နယ်မြေတည်ငြိမ်မှုမရှိတဲ့ ရခိုင်ပြည်နယ်မှာ လူဦးရေ တစ်သန်းကျော် (၁,၀၉၀,၀၀၀ ဦး) ၊ ကရင်ပြည်နယ်မှာ လူဦးရေ ခုနှစ်သောင်းနီးပါး (၆၉,၇၅၃ ဦး) နဲ့ ကချင်ပြည်နယ်က လူဦးရေ လေးသောင်းကျော် (၄၆,၆၀၀ ဦး) ကိုသာ စာရင်းကောက်ယူနိုင်ခဲ့ခြင်းမရှိဘဲ ခန့်မှန်းတွက်ချက်ထားတာလို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ တစ်နိုင်ငံလုံးလွှမ်းခြုံတဲ့ သန်းခေါင်စာရင်းကို ၁၉၇၃၊ ၁၉၈၃ နဲ့ ၂၀၁၄ ခုနှစ်မှာ ကောက်ယူနိုင်ခဲ့ တယ်လို့ မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

 

(မှတ်ချက် - ဤသတင်းတွင် ရန်ကုန်၊ မန္တလေး၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှ ဒေသခံများ၏ ပြောဆိုချက်များကို ထပ်မံဖြည့်စွက်ထားပါသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။