အာဏာသိမ်းပြီးနောက် ပုဂ္ဂလိက သတင်းစာဂျာနယ်ဆိုင်တွေ နည်းပါးလာ

RFA Burmese
2023.09.08
အာဏာသိမ်းပြီးနောက် ပုဂ္ဂလိက သတင်းစာဂျာနယ်ဆိုင်တွေ နည်းပါးလာ လက်ဖက်ရည်ဆိုင်တွင် ဖွင့်လှစ်ထားတဲ့ စာအုပ်နှင့် သတင်းစာဂျာနယ် ရောင်းချသည့် ဆိုင်တစ်ခုကို ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့က တွေ့ရစဉ်။
RFA

ရန်ကုန်မြို့ရဲ့ လမ်းဆုံလမ်းခွတွေမှာ အရင်က သတင်းစာဂျာနယ် လက်ပွေ့ရောင်းသူတွေနဲ့ ဈေးဗန်းနဲ့ ရောင်းချကြတဲ့သူတွေ အများအပြားရှိခဲ့ပါတယ်။ ရန်ကုန်မြို့အတွက် သတင်းစာဖြန့်ချိရောင်းချပေးတဲ့ ဗိုလ်တထောင် ၄၆ လမ်းထိပ်၊ ရွှေဂုံတိုင်လမ်းဆုံနဲ့ သမိုင်း လမ်းဆုံတွေမှာ ယခင်က သတင်းစာ ဂျာနယ်ဝယ်ယူရောင်းချသူတွေ များပြားခဲ့ပေမယ့် အခုတော့ အလွန်နည်းပါးသွားတာ တွေ့ရပါတယ်။

၂၀၂၁ ဖေဖော်ဝါရီလ စစ်တပ်ကအာဏာသိမ်းပြီးနောက်မှာ ပုဂ္ဂလိက သတင်းဌာနတွေ ဖြစ်တဲ့ Myanmar Now၊ Mizzima၊ 7 Day၊ DVB၊ The 74 Media၊ Delta News Agency၊ ရန်ကုန်ခေတ်သစ်မီဒီယာ၊ မြစ်ကြီးနား သတင်းဂျာနယ်နဲ့ တာချီလိတ် သတင်းအေဂျင်စီ စတဲ့ ပုဂ္ဂလိက သတင်းမီဒီယာ ကိုးခုကို စစ်ကောင်စီက လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင် ပိတ်သိမ်းခဲ့ပါတယ်။ တချို့သတင်းဌာနတွေကလည်း ပြည်ပကို ပြောင်းရွှေ့ လုပ်ကိုင်ကြတာနဲ့ ရပ်နားသွားကြတာတွေကြောင့် နိုင်ငံပိုင်သတင်းစာတွေဖြစ်တဲ့ ကြေးမုံ၊ မြန်မာ့အလင်း၊ စစ်တပ်ပိုင် မြဝတီ သတင်းစာ၊ Eleven သတင်းစာ၊ စံတော်ချိန်သတင်းစာနဲ့ အခြားဂျာနယ်တချို့သာ ဆက်လက် ထုတ်ဝေနေပါတယ်။

ရွှေဂုံတိုင်လမ်းဆုံ တံတားအောက်ရှိ သတင်းစာဖြန့်ချိရောင်းချနေကြသူများကို ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ရွှေဂုံတိုင်လမ်းဆုံ တံတားအောက်ရှိ သတင်းစာဖြန့်ချိရောင်းချနေကြသူများကို ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

သတင်းစာတွေကို လူအများ စိတ်ဝင်စားမှုမရှိတော့တဲ့အပြင် ပုဂ္ဂလိက သတင်းစာ လွတ်လပ်ခွင့်ကိုလည်း စစ်ကောင်စီက ထိန်းချုပ်ထားတာကြောင့် သတင်းစာ ဂျာနယ်ဆိုင်တွလည်း အနည်းငယ်သာ ကျန်ရှိတော့တာလို့ ရန်ကုန်မြို့ခံတွေကပြောပါတယ်။

ရွှေဂုံတိုင်လမ်းဆုံ တံတားအောက်ရှိ သတင်းစာဖြန့်ချိရောင်းချနေကြသူများကို ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ရွှေဂုံတိုင်လမ်းဆုံ တံတားအောက်ရှိ သတင်းစာဖြန့်ချိရောင်းချနေကြသူများကို ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးကတည်းက သတင်းသမားအရေအတွက် ၁၅၀ ထက်မနည်း ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပြီး ဓာတ်ပုံသတင်းထောက် ကိုစိုးနိုင်အပါအဝင် လေးဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ဖမ်းဆီး ထိန်းသိမ်းခံ သတင်းသမားတွေအတွက် ဖွဲ့စည်းထားတဲ့ Detained Journalist Group က ပြောထားပါတယ်။

ဘုရင့်နောင်လမ်းဆုံမှာ သတင်းစာ လက်ပွေ့ရောင်းချနေသူတစ်ဦးကို ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ဘုရင့်နောင်လမ်းဆုံမှာ သတင်းစာ လက်ပွေ့ရောင်းချနေသူတစ်ဦးကို ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

Committee to Protect Journalists (CPJ) ရဲ့ စာရင်းတွေအရ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ သတင်းသမားတွေကို ဖမ်းဆီးထောင်ချတဲ့နေရာမှာ တရုတ်နဲ့ အီရန်ပြီးရင် တတိယမြောက် အဆိုးဝါးဆုံး ဖြစ်တယ်လို့ သတ်မှတ်ထားပါတယ်။

ရွှေဂုံတိုင်လမ်းဆုံ တံတားအောက်ရှိ သတင်းစာဖြန့်ချိရောင်းချနေကြသူများကို ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ရွှေဂုံတိုင်လမ်းဆုံ တံတားအောက်ရှိ သတင်းစာဖြန့်ချိရောင်းချနေကြသူများကို ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

မိုခါမုန်တိုင်းသတင်းသွားရောက် ဓာတ်ပုံရိုက်ကူးတဲ့ Myanmar Now သတင်းဌာနရဲ့ ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်ကိုလည်း စစ်ကောင်စီက စက်တင်ဘာလ ၆ ရက်နေ့က အင်းစိန်ထောင်တွင်း တရားရုံးက အလုပ်ကြမ်းနဲ့ ထောင်အနှစ်နှစ်ဆယ် ချမှတ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။