ရန်ကုန်မှာ ကျင်းပတဲ့ ကရင်ရိုးရာ လက်ချည်ပွဲ
2023.08.31
ရန်ကုန်မြို့မှာ နေထိုင်တဲ့ ကရင်လူမျိုးတွေစုပေါင်းပြီး ကရင်ရိုးရာဓလေ့ ချည်ဖြူဖွဲ့မင်္ဂလာ (လက်ချည်ပွဲ) ကို ဩဂုတ်လ ၃၁ ရက် ဒီနေ့မှာ ကျင်းပကြပါတယ်။
ရှေးထုံးတမ်းစဉ်လာအရ အသက်အရွယ်ကြီးပိုင်းတွေကနေ လူငယ်၊ ကလေးတွေကို ချည်ဖွဲ့ပေးရတာလည်း ဖြစ်ပါတယ်။
ယုံကြည်မှုနဲ့ ကျင်းပလာတဲ့ လက်ချည်ပွဲတွေကို အခုနောက်ပိုင်းမှာလည်း လက်ဆင့်ကမ်း အမွေအဖြစ် ထိန်းသိမ်းလာခဲ့တာပါ။
ကရင်လူမျိုးတွေဟာ ရှေးအချိန်ကတည်းက ရေကြည်ရာ မြက်နုရာရှာဖွေရင်း တစ်ယောက်နဲ့ တစ်ယောက်မှတ်မိနေအောင်၊ လူစုကွဲမသွားအောင် လက်ကောက်ဝတ်မှာ ချည်ဖြူတွေချည်ပြီး အမှတ်အသား ထားခဲ့ကြတာလို့ ကရင်သုတေသီတွေက ဆိုပါတယ်။
ဒါ့အပြင် အခုလို ရေကြီး၊ ရေလျှံတဲ့ ဝါခေါင်လ မှာလည်း ဆိုးရွားတဲ့ ရာသီဥတုဒဏ် မခံရအောင်နဲ့ အတိုက်အခိုက်ကင်းအောင် လက်ချည်ဖြူဖွဲ့လေ့ ရှိပါတယ်။
ပြည်တွင်းမှာတင်မက ပြည်ပရောက် ကရင်လူမျိုးတွေလည်း လက်ချည်ပွဲကျင်းပလေ့ ရှိသလို၊ ကရင်တွေသာမက တခြား တိုင်းရင်းသားတွေလည်း ပါဝင်ဆင်နွှဲလေ့ရှိပါတယ်။