၂၀၂၂ အတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုများ (အပိုင်း - ၂)
2022.12.28
၂ဝ၂၁ ဒီဇင်ဘာလကနေ ၂ဝ၂၂ ဒီဇင်ဘာလအတွင်း စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ကချင်၊ ကယား၊ ချင်း၊ ရခိုင်၊ ကရင် နဲ့ ရှမ်းပြည်နယ်တို့မှာ လူအစုလိုက်အပြုံလိုက် သေဆုံးခဲ့တဲ့ဖြစ်ရပ် အနည်းဆုံး ၆၇ ခု ရှိခဲ့ပါတယ်။ အဲဒီထဲက ၂ဝ၂၂ ဒီဇင်ဘာ ၂၀ရက်နေ့ကနေ စက်တင်ဘာအထိ လေးလအတွင်း သတ်ဖြတ်ခံရမှုတွေကို ပထမပိုင်းအနေနဲ့ ထုတ်လွှင့်ခဲ့ပြီးပါပြီ။ အခု ဒုတိယပိုင်းအနေနဲ့ ၂ဝ၂၂ ခုနှစ် ဩဂုတ်လကနေ မေလအထိ လေးလအတွင်း ဖြစ်ရပ်တွေကို စုစည်းတင်ပြထားပါတယ်။
ဩဂုတ်လကနေ မေလအထိ လေးလအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ ရွာတွေထဲ ဝင်ရောက်ပစ်ခတ်မှု၊ ဖမ်းဆီး သတ်ဖြတ်မှုတွေကြောင့် လူအစုလိုက် သေဆုံးရတဲ့ ဖြစ်ရပ် ၁၈ ခုမှာ လူပေါင်း အယောက် ၁၇၀ အသက်ဆုံးရှုံးခဲ့ပါတယ်။ အရင်ဆုံး ဩဂုတ်လအတွင်း သတ်ဖြတ်မှုတွေကို ကြည့်ရအောင်ပါ။
၂ဝ၂၂ ဩဂုတ် - ၄၅ ယောက်
ဩဂုတ်လအတွင်း ဖြစ်ရပ် ခြောက်ခုရှိပြီး စစ်ကိုင်းမှာ ငါးခုနဲ့ ကချင်ပြည်နယ်မှာ တစ်ခုပါ။
(၁) စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ် တည်ပင်ဆိပ်ရွာ
အသက်ခြောက်နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ခြောက်ယောက်ရဲ့ ရုပ်အလောင်းတွေကို စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ် တည်ပင်ဆိပ်ရွာမှာ ဒေသခံတွေ ဩဂုတ်လ ၂၉ ရက်နေ့က တွေ့ရှိခဲ့ပါတယ်။ အသတ်ခံရတဲ့ရုပ်အလောင်းတွေမှာ မီးရှို့ခံထားရတာတွေရှိသလို ပစ်ခတ်ခံထားရတာတွေလည်း ရှိတယ်လို့ ဒေသခံတွေနဲ့ PDF တွေက ပြောပါတယ်။
(၂) စစ်ကိုင်းတိုင်း ကနီမြို့နယ် ချောင်းမရွာ
ဩဂုတ်လ ၂၆ ရက်နေ့ကတော့ စစ်ကိုင်းတိုင်း ကနီမြို့နယ် ချောင်းမရွာအနီးမှာ အသတ်ခံရသူ ခြောက်ယောက်ရဲ့ ရုပ်အလောင်းတွေ တွေ့ရှိခဲ့ပါတယ်။ သေဆုံးသူတွေဟာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဖြစ်ပြီး သူတို့ကိုယ်ပေါ်မှာ နှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ သေနတ်ဒဏ်ရာတွေ တွေ့ရှိခဲ့တယ်လို့ ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
(၃) စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် သစ်ဆိမ့်ကုန်းရွာ လေကြောင်းတိုက်ခိုက်မှု
ဩဂုတ် ၂၃ ရက်နေ့က စစ်ကောင်စီရဲ့ လေကြောင်းသုံးတိုက်ခိုက်မှုကြောင့် ကောလင်းမြို့နယ်၊ သစ်ဆိမ့်ကုန်းကျေးရွာမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သားလေးယောက် သေဆုံးခဲ့ရပါတယ်။ ည ၁၁ နာရီကျော်လောက်မှာ ဂျက်တိုက်လေယာဉ်သုံးစင်းနဲ့ ရွာဘက်ကို ပစ်ခတ်လို့ သေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောကြပါတယ်။ သေဆုံးသူတွေဟာ အသက်ခြောက်နှစ်ကျော် ကလေးတစ်ယောက်၊ ကိုယ်ဝန် ကိုးလ လွယ်ထားတဲ့ အမျိုးသမီးအပါအဝင် လေးယောက်သေဆုံးခဲ့တာပါ။
(၄) စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ဝန်းကြီးရွာ
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ဝန်းကြီးရွာမှာတော့ လူငယ် ၇ ယောက် ဩဂုတ်လ ၁၄ ရက်နေ့က ဗန်းမော်မြို့ဘက်ကို ရွှေတူးဖော်ရေးလုပ်ငန်းခွင်မှာ အလုပ်လုပ်ဖို့အသွားမှာ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရပါတယ်။ သူတို့ဟာ ရွှေဘိုမြို့ အမှတ် (၂) အထက်တန်းကျောင်းအနီးမှာ ဖွင့်လှစ်ထားတဲ့ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ရွှေဘို လေ့ကျင့်ရေးတပ်ကို ဆက်လက်ခေါ်ဆောင်ခံခဲ့ရတာပါ။ နောက်တစ်ရက်မှာတော့ သူတို့ရုပ်အလောင်းတွေကို အဲဒီလေ့ကျင့်ရေးတပ်အနီးမှာ တွေ့ရှိခဲ့တာလို့ မိသားစုဝင်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။ ရုပ်အလောင်းတွေမှာ သေနတ်ဒဏ်ရာတွေအပြင် ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာဒဏ်ချက်တွေ တွေ့ခဲ့ရတယ်လို့ ဝန်းကြီးရွာသားတစ်ဦးက ပြောပါတယ်။
“မနက်ပိုင်းမှာ ကျွန်တော်တို့ အလောင်းတွေ တွေ့တာပေါ့။ ညပိုင်းလောက်ကို သူတို့သတ်ထားတဲ့သဘောရှိတယ်။ သေနတ်ဒဏ်ရာတွေနဲ့ ရိုက်နှက်ထားတဲ့ အညိုအမဲတွေကတော့ တစ်ကိုယ်လုံးပါပဲ။ တချို့ဆို အသက်ကိုမပြည့်သေးတာ။ စိတ်ထဲမှာ တော်တော်ကို မကောင်းဖြစ်တာ။ လုပ်လည်းလုပ်ရက်တယ်ပေါ့။ PDF လည်းမဟုတ် ဘာလည်းမဟုတ် သူ့ဟာသူ လမ်းသွားတဲ့ကလေးတွေကို ဖမ်းပြီးတော့မှ။ တကယ့်ကို အရပ်သားကလေးတွေပါ။”
(၅) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ရွာ လေကြောင်းတိုက်ခိုက်ခံရမှု
စစ်ကောင်စီတပ်တွေရဲ့ မြေပြင်ရော ဝေဟင်ကပါ နှစ်ဖက်ညှပ်ပြီး တိုက်ခိုက်ခံခဲ့ရတဲ့ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ရွာမှာတော့ ဒေသခံ ၁၇ ယောက် သေဆုံးခဲ့ပါတယ်။
ဩဂုတ်လ ၁၁ ရက်နေ့ ညနေ သုံးနာရီလောက်မှာ စစ်တပ်က ရဟတ်ယာဉ် လေးစီးနဲ့ နှစ်နာရီနီးပါးကြာ အဲဒီရွာကို ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်တွေ ရွာထဲမှာ သုံးရက်ကြာ တပ်စွဲခဲ့ပြီးနောက် ပြန်ထွက်သွားချိန်မှာ အသက် ၁၀ နှစ်နဲ့ ၁၇ နှစ်အရွယ် ကလေးနှစ်ဦး၊ အသက် ၆၀ ကနေ ၈၀ ကျော်အရွယ် သက်ကြီးရွယ်အို သုံးဦးအပါအဝင် စုစုပေါင်း ၁၇ ဦးရဲ့ ရုပ်အလောင်းတွေကို ဒေသခံတွေ တွေ့ရှိခဲ့တာဖြစ်ပါတယ်။
(၆) ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းရွာ
ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ ဆယ်ဇင်းရွာမှာလည်း ကချင်လွတ်လပ်ရေးတပ် ကေအိုင်အေနဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲတွေ ပြင်းထန်ပြီးတဲ့နောက် စစ်တပ်ဘက်က လေကြောင်းသုံး တိုက်ခိုက်ခဲ့တာကြောင့် ဩဂုတ်လ ၈ရက်နေ့မှာ ကလေးတစ်ယောက်အပါအဝင် အရပ်သား ၅ ယောက် သေဆုံးခဲ့ရပါတယ်။
၂ဝ၂၂ ဇူလိုင် - ၃၄ ယောက်
ဇူလိုင်လအတွင်းမှာတော့ လူအပြုံလိုက် သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်သုံးခုရှိခဲ့ပြီး အားလုံးက စစ်ကိုင်းတိုင်းထဲမှာ ဖြစ်ခဲ့တာပါ။
(၁) စစ်ကိုင်းတိုင်း၊ ဆားလင်းမြို့နယ် ရေမိန်(တောင်)ရွာ
ဇူလိုင်လ ၂၅ ရက်နေ့က စစ်ကောင်စီတပ်တွေ ဝင်ရောက်တပ်စွဲခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ရေမိန် (တောင်) ရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးအပါအဝင် ခြောက်ဦး ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခံခဲ့ရပါတယ်။ ရုပ်အလောင်းတွေမှာ ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေ၊ ဦးခေါင်းကွဲအက်ဒဏ်ရာတွေနဲ့ သေနတ်ဒဏ်ရာတွေ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
(၂) စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကျီစုရွာ
နောက်တစ်ခုကတော့ ကန့်ဘလူမြို့နယ်မှာပါ။ အစ္စလာမ်ဘာသာဝင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေ စုပေါင်းနေထိုင်ကြတဲ့ ကျီစုကျေးရွာက နေအိမ်တွေကို စစ်ကောင်စီတပ်က ဇူလိုင်လ ၁၈ နဲ့ ၁၉ ရက် နေ့တွေမှာ မီးရှို့ခဲ့ပြီး လူ ၁ဝ ယောက်ကိုလည်း သတ်ဖြတ်ခဲ့ပါတယ်။
အသတ်ခံရသူ ၁၀ ဦးထဲမှာ ခုနစ်ဦးက မီးရှို့ခံထားရတာဖြစ်ပြီး ကျန်တဲ့ သုံးဦးကတော့ ရိုက်နှက်ဒဏ်ရာ၊ ကျည်ဒဏ်ရာတွေနဲ့ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းထဲမှာ ဒေသခံတွေ တွေ့ခဲ့တာဖြစ်ပါတယ်။
(၃) စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ရွာလေးရွာက ဒေသခံ ၁၈ယောက် အသတ်ခံရမှု
စစ်ကိုင်းတိုင်း ပုလဲမြို့နယ်က ရွာပေါင်း လေးရွာမှာ ဇူလိုင်လ ၁၁ ရက်တစ်ရက်တည်းမှာ ဒေသခံ ၁၈ ယောက် အသတ်ခံခဲ့ရပါတယ်။ တောင်ရွာသစ်ရွာက အသက် ၁၅ နှစ်အရွယ် မိန်းကလေးတစ်ဦးအပါအဝင် လေးဦးဟာ ဇူလိုင် ၁ဝရက်နေ့က ရွာထဲ စစ်ကောင်စီ စစ်ကြောင်းဝင်လာလို့ ဘေးလွတ်ရာ ထွက်ပြေးခဲ့ကြပြီး နောက်တစ်နေ့မှာ စစ်ကြောင်းထွက်သွားပြီအထင်နဲ့ ရွာထဲ ပြန်ဝင်ချိန်မှာ အသတ်ခံခဲ့ရတာလို့ ရွာသားတွေက ပြောပါတယ်။ အဲဒီနေ့မှာပဲ ညောင်ကုန်းရွာက နှစ်ယောက်၊ အင်ကြင်းစုရွာက ရှစ်ယောက်နဲ့ ကံကြီးရွာ လေးယောက် စုစုပေါင်း ၁၄ ယောက်ကတော့ ဇူလိုင် ၉ ရက်နေ့ကတည်းက ဖမ်းခံလိုက်ရပြီး နှစ်ရက်အကြာ ၁၁ ရက်နေ့မှာ အသတ်ခံခဲ့ရတာလို့ ထွက်ပြေးလွတ်မြောက်လာသူတွေက အတည်ပြုပြောကြပါတယ်။
ဇွန်လထဲမှာတော့ စစ်ကိုင်းတိုင်းမှာ နှစ်နေရာနဲ့ မကွေးတိုင်းမှာ နှစ်နေရာ စုစုပေါင်း လေးနေရာမှာ လူအစုလိုက် အသတ်ခံခဲ့ရပါတယ်။
၂ဝ၂၂ ခုနစ် ဇွန်လ - ၃၇ ယောက်
(၁) စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကွန်ဆိပ်ရွာ
ဇွန်လ ၂၉ ရက်နေ့က ဝက်လက်မြို့အခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ကိုးဦး စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်၊ ကွန်ဆိပ်ရွာအနီးမှာ ဖမ်းဆီး သတ်ဖြတ်ခံခဲ့ရပါတယ်။ ဝက်လက်မြို့နယ်ကနေ ရွှေဘိုမြို့နယ်ကို ဖြတ်သန်းပြီး အရာတော်မြို့နယ်ထဲကို ဆေးသင်တန်း တက်ဖို့အသွားမှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံခဲ့ရတာပါ။ အဲဒီထဲမှာ အသက်မပြည့်သေးသူ သုံးယောက် ပါဝင်တယ်လို့ ဝက်လက်ဒေသကာကွယ်ရေးအဖွဲ့နဲ့ မိသားစုဝင်တွေက ပြောပါတယ်။
(၂) မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်က PDF အဖွဲ့ဝင် ၁၂ ယောက် အသတ်ခံရမှု
ဇွန်လ ၂၂ ရက်နေ့ မနက်ပိုင်းကလည်း မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ် ပုသိမ်-မုံရွာကားလမ်း မဲဇလီကြိုးတံတားအနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၂ ဦး ပစ်သတ်ခံခဲ့ရပါတယ်။
စစ်ကောင်စီတပ်တွေနဲ့ ပစ်ခတ်မှုဖြစ်ခဲ့ပြီး ကာကွယ်ရေးအဖွဲ့ဝင်တွေ ဖမ်းဆီး သတ်ဖြတ်ခံခဲ့ရတာဖြစ်ပါတယ်။
(၃) မကွေးတိုင်း၊ မြိုင်မြို့က CDM ဝန်ထမ်း သုံးဦးအပါအဝင် ငါးယောက် အသတ်ခံရမှု
မကွေးတိုင်း မြိုင်မြို့ ဒန်းပင်ကန်ရွာမှာတော့ ကိုယ်ဝန်ဆောင် CDM ဆရာမတစ်ဦးအပါအဝင် ငါးယောက် အသတ်ခံခဲ့ရတာပါ။ ဇွန်လ ၁ဝရက်နေ့က CDM ကျောင်းအုပ်ဆရာကြီးတစ်ဦး၊ ကိုယ်ဝန်ငါးလ လွယ်ထားတဲ့ CDM ကျောင်းဆရာမတစ်ဦး၊ CDM သူနာပြုဆရာမတစ်ဦး အပါအဝင် ၁၁ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာပါ။
အဲဒီနောက် ကိုးယောက်ကို ပြန်လွှတ်ပေးလိုက်ပေမယ့် CDM ဝန်ထမ်း သုံးယောက်အပါအဝင် ငါးယောက်ကိုတော့ ဒေသကာကွယ်ရေးတပ်ဖွဲ့ကို ထောက်ပံ့နေတယ်ဆိုတဲ့ စွပ်စဲချက်နဲ့ နှိပ်စက်ညှဉ်းပန်းခဲ့တယ်လို့ သိရပါတယ်။ သူတို့ ဖမ်းဆီးခံရပြီးနောက် လေးရက်အကြာမှာ သူတို့ရဲ့မီးရှို့ခံထားရတဲ့ ရုပ်အလောင်းတွေကို ဒေသခံတွေနဲ့ ကာကွယ်ရေးအဖွဲ့တွေ တွေ့ရှိခဲ့တာပါ။
(၄) စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်၊ ကံဖျားကျေးရွာ
စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်၊ ကံဖျားရွာမှာ ဒေသခံတွေ ထွက်ပြေးခိုလှုံနေတဲ့ မြတ်စောညီနောင် ဘုရားဝင်းထဲကို ဇွန်လ ၆ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့တွေ ဝင်ရောက်ရှာဖွေခဲ့ရာမှာ လက်လုပ်သေနတ်တစ်လက် တွေ့ရှိခဲ့တာကြောင့် ဒေသခံ ၁၁ ယောက် အသတ်ခံခဲ့ရပါတယ်။
အသတ်ခံရသူ ၁၁ ယောက်ထဲမှာ ခြောက်ယောက်ကို စစ်သားတွေက ပြေးခိုင်းပြီး နောက်ကနေ သေနတ်နဲ့ ပစ်သတ်ခဲ့တာဖြစ်တယ်လို့ မျက်မြင်တွေ့ခဲ့တဲ့ ဒေသခံတွေက ပြောပါတယ်။ နောက်ထပ် သုံးယောက်ကတော့ ကျန်တဲ့ ရွာသားတွေရှေ့မှာပဲ ပစ်သတ်တာကို ခံခဲ့ရတာဖြစ်ပြီး နောက်နှစ်ယောက်ကတော့ မီးရှို့ခံရတဲ့ ဓမ္မာရုံအတွင်းမှာပဲ သေဆုံးခဲ့တာလို့ ဆိုပါတယ်။
၂ဝ၂၂ မေလ - ၅၄ ယောက်
မေလအတွင်း လူအစုလိုက် တစ်နေရာတည်း သေဆုံးရတဲ့ ဖြစ်ရပ် ငါးခုရှိပြီး အားလုံးဟာ စစ်ကိုင်းတိုင်းထဲမှာ ဖြစ်ခဲ့တာပါ။
(၁) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ လည်ငေါက်ကျေးရွာ
နှစ်ရက်ဆက်တိုက် စစ်ကောင်စီတပ်တွေ မီးရှို့ခဲ့တဲ့ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်က လည်ငေါက်ရွာမှာ ရွာလုံးကျွတ်နီးပါး မီးလောင်ခဲ့ပါတယ်။ ဒါ့အပြင် ကြေးနန်းကြိုးတွေနဲ့ လက်နောက်ပြန်တုပ်လျက်နဲ့ အသတ်ခံထားရတဲ့ အမျိုးသားရုပ်အလောင်း လေးခုကို ဒေသခံတွေ မေလ ၃၀ ရက်နေ့မှာ တွေ့ခဲ့ရပါတယ်။ မေလ ၂၉ ရက်နေ့က ရွာထဲဝင်ခဲ့တဲ့ စစ်ကောင်စီတပ်တွေက နှစ်ရက်ဆက်တိုက် ရွာကို မီးရှို့ခဲ့တာပါ။ ရွာထဲ ဝင်ဝင်ချင်းမှာ အမျိုးသမီး နှစ်ဦးလည်း ပစ်သတ်ခံခဲ့ရပါတယ်။ လည်ငေါက်ရွာမှာ စုစုပေါင်း ခြောက်ယောက် သေဆုံးခဲ့ပါတယ်။
(၂) စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ကံကြီးအနောက်ရွာ
မေလ ၃၁ ရက်နေ့ကတော့ ကန့်ဘလူမြို့နယ်၊ ကံကြီးအနောက်ရွာမှာ အရပ်သားငါးယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့ပါတယ်။
(၃) စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ မုန်တိုင်ပင်ရွာ
နောက်တစ်ခုကတော့ စစ်ကိုင်းတိုင်း ရေဦးမြို့နယ် မုန်တိုင်ပင်ရွာက လူ ၂၉ ယောက် ရက်ရက်စက်စက် အသတ်ခံရတဲ့ဖြစ်ရပ်ပါ။ အဲဒီလူသတ်ပွဲဟာ မေလ ၁ဝ ရက်နေ့က စတင်ခဲ့တာပါ။ အဲဒီနေ့က ရွာထဲကို စစ်ကောင်စီစစ်ကြောင်း ဝင်လာလို့ ရွာဘုန်းကြီးကျောင်းထဲ ဝင်ပြေးခဲ့တဲ့ ကလေးတွေအပါအဝင် လူ ၅၀ လောက်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။
အဲဒီနောက် အမျိုးသားတွေကို ခွဲထုတ်ကာ လက်ပြန်ကြိုးတုပ်ပြီး ရွာအပြင်ဘက်ကို ခေါ်ဆောင်သွားပြီး နောက်တစ်ရက်မှာတော့ သေဆုံးနေတဲ့ သူတို့ရဲ့ရုပ်အလောင်းတွေကိုပဲ မိသားစုဝင်တွေနဲ့ ဒေသခံတွေ ပြန်တွေ့ခဲ့ပါတော့တယ်။ ဓားတွေနဲ့ အပိုင်းပိုင်းခုတ်ထစ်ထားတဲ့ ရုပ်အလောင်းတွေ၊ မီးလောင်ကျွမ်းနေတဲ့ ရုပ်အလောင်းတွေနဲ့ သွေးအလိမ်းလိမ်းနဲ့ အသက်မဲ့နေတဲ့ ခန္ဓာကိုယိတွေကိုသာ ပြန်လည်တွေ့ရှိခဲ့တာဖြစ်ပါတယ်။
"အပြစ်မရှိတဲ့ ပြည်သူပြည်သားတွေကိုလည်း မသတ်ဖို့ရာ ဒီနေရာကနေ တောင်းပန်ပါတယ်။ စစ်သားတွေကို။ ကျွန်မတို့ရွာသားတွေကို သတ်သွားတဲ့ စစ်သားတွေကို .... လူသားချင်းကိုယ်ချင်းစာပါ။ လူသားချင်းကိုယ်ချင်းစာပြီးတော့လည်း မသတ်ကြပါနဲ့။ အခုက ကျွန်မတို့လို မုဆိုးမတွေ ဖြစ်သွားကြပါတယ်။ သားသမီးတွေမှာ အဖေမခေါ်ရတဲ့ သားသမီးတွေ အများကြီးရှိသွားပါတယ်။ ကျွန်မတို့ရွာကို လာသတ်တဲ့ စစ်သားတွေ လူသားချင်းကိုယ်ချင်းစာပါ"
အသတ်ခံရသူတွေထဲက အသက် ၄၂ နှစ်အရွယ် ဦးဇော်လွင်ရဲ့ ဇနီး ပြောသွားတာပါ။
အသတ်ခံရသူတွေဟာ အသက် ၂၅ နှစ်နဲ့ ၆၄ နှစ်ကြားအရွယ် အမျိုးသား စုစုပေါင်း ၂၉ ဦးဖြစ်ပါတယ်။
(၄) စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် အုတ်ဖိုရွာ
မေလ ၂ရက်နေ့က ဘုတလင်မြို့နယ် အုတ်ဖိုရွာကို စစ်ကြောင်းဝင်လာလို့ ရွာက သီလရှင်ကျောင်းဝန်းထဲ ဝင်ပုန်းအောင်းနေတဲ့ ဒေသခံတွေထဲက ကိုးယောက်ကို စစ်ကောင်စီတပ်က ဝမ်းလျားမှောက်ခိုင်းပြီး ခေါင်းတွေကို သေနတ်နဲ့ပစ်သတ်ခဲ့တာလို့ မျက်မြင်ဒေသခံတချို့က ပြောပါတယ်။
(၅) စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ညောင်ပင်သာရွာက ၁၄ ယောက် သေဆုံးမှု
အဲဒီနေ့မှာပဲ ရွှေဘိုမြို့နယ် ညောင်ပင်သာရွာက ဒေသခံငါးယောက်ကိုလည်း စစ်ကောင်စီတပ်သားတွေ ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
■ စစ်ကောင်စီက ဘာကြောင့် ဒီလိုရက်စက်တဲ့ သတ်ဖြတ်မှုတွေကို ကျူးလွန်နေတာလဲ။
“သူတို့(စစ်တပ်) တွေ့တဲ့သူမှန်သမျှကို တော်လှန်ရေးလုပ်ဆောင်တဲ့သူလို့ သတ်မှတ်ပြီး ရန်သူလို သတ်မှတ်ပြီး သတ်ဖြတ်ခြင်းဖြစ်ပါတယ်။ သူတို့(စစ်တပ်)မှန်းတာကတော့ ပြည်သူတွေစိတ်ထဲမှာ အကြောက်တရားသွင်းဖို့ သူတို့(စစ်တပ်) ကြိုးစားနေတာ ဖြစ်ပါတယ်။ ပြည်သူတွေကလည်း တော်လှန်ရေးဆိုတာ စစ်တပ်ကို အနိုင်ချမယ့်တိုက်ပွဲလို့ ပြည်သူလူထုတစ်ရပ်လုံးက မြင်နေကြတော့ အဲ့ဒီအကြောက်တရားက မရှိပါဘူး။”
ချင်းလူ့အခွင့်ရေးအဖွဲ့ (CHRO) ရဲ့ ဒုတိယအမှုဆောင်ညွှန်ကြားရေးမှူး ဆလိုင်းဇအုပ်လိန်း သုံးသပ်သွားတာပါ။
မြန်မာနိုင်ငံဟာ ဒီနှစ်အတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု အဆိုးဆုံးနိုင်ငံတွေစာရင်းရဲ့ ထိပ်ဆုံးမှာ ပါကစ္စတန်၊ ယီမင်နဲ့အတူ ထည့်သွင်းသတ်မှတ်ခံထားရပါတယ်။
အမေရိကန်ပြည်ထောင်စုအခြေစိုက် Holocaust Memorial Museum ဆိုတဲ့ လူမျိုးတုံး သတ်ဖြတ်မှု မှတ်တမ်းပြတိုက်နဲ့ အမေရိကန်အခြေစိုက် သုတေသနအဖွဲ့တွေရဲ့ နောက်ဆုံးနှစ်အလိုက် အန္တရာယ် အကဲဖြတ်မှုစာရင်းတွေမှာ ဖော်ပြခံရတာဖြစ်ပါတယ်။
အာဏာသိမ်းမှုမဖြစ်မီ မြန်မာနိုင်ငံရဲ့ အဆင့်သတ်မှတ်ချက်က ကမ္ဘာ့နိုင်ငံပေါင်း ၁၆၀ ကျော်အတွင်းမှာ အဆင့် ၁၇ နေရာမှာ ရပ်တည်နေတာပါ။ အာဏာသိမ်းပြီးနောက်တော့ အရပ်သားတွေကို စနစ်တကျ အကြမ်းဖက်သတ်ဖြတ်မှုတွေဖြစ်ပေါ်လာပြီး အခုလိုဆိုးဝါးတဲ့ အဆင့်ကို ရောက်လာတာ ဖြစ်ပါတယ်။
နောက် ၂ဝ၂၂ ဧပြီလကနေ ၂ဝ၂၁ ဒီဇင်ဘာလ ဒီငါးလအတွင်း လူအစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှုတွေကို တတိယပိုင်းမှာ ဆက်လက်ကြည့်ရှုနားဆင်နိုင်ပါတယ်။