၂၀၂၂ အတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုများ (အပိုင်း - ၃)
2022.12.29
၂ဝ၂၁ ဒီဇင်ဘာလကနေ ၂ဝ၂၂ ဒီဇင်ဘာလအတွင်း စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ကချင်၊ ကယား၊ ချင်း၊ ရခိုင်၊ ကရင် နဲ့ ရှမ်းပြည်နယ်တို့မှာ လူအစုလိုက်အပြုံလိုက် သေဆုံးခဲ့တဲ့ဖြစ်ရပ် အနည်းဆုံး ၆၇ ခု ရှိခဲ့ပါတယ်။ အဲဒီထဲက ၂ဝ၂၂ ဒီဇင်ဘာ ၂ဝ ရက်နေ့ကနေ မေလအထိ သတ်ဖြတ်ခံရမှုတွေကို ထုတ်လွှင့်ခဲ့ပြီးပါပြီ။ အခု ဒီနှစ် ဧပြီကနေ ၂ဝ၂၁ ဒီဇင်ဘာအထိ ငါးလအတွင်း သတ်ဖြတ်ခံရမှုတွေကို နောက်ဆုံးပိုင်းအနေနဲ့ စုစည်းတင်ပြထားပါတယ်။
-----
အာဏာသိမ်းစစ်တပ်ဟာ ၂ဝ၂၂ ဧပြီလကနေ ၂ဝ၂၁ ဒီဇင်ဘာလအထိ ငါးလအတွင်းမှာ တိုင်းရင်းသားဒေသတွေနဲ့ တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေမှာ ရက်စက်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျူးလွန်ခဲ့ပါတယ်။ ဒီငါးလအတွင်း လူအစုလိုက်အပြုံလိုက် အသတ်ခံရမှု ၂၇ ခု ရှိခဲ့ပြီး သေဆုံးသူကတော့ ၂၄၆ ယောက် ရှိပါတယ်။
အရင်ဆုံး ဧပြီလအတွင်း ရှမ်း၊ မကွေးနဲ့ စစ်ကိုင်းတို့က စစ်ကောင်စီတပ်ရဲ့ သတ်ဖြတ်မှုတွေကို ထုတ်နှုတ်တင်ပြပါမယ်။
၂ဝ၂၂ ဧပြီလ - ၂၅ ယောက်
(၁) ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်၊ ပဲရင်းတောင်ရွာ
ဧပြီလ ၁၉ ရက်နေ့က ရွာငံမြို့နယ် ပဲရင်းတောင်ရွာက အမျိုးသား ကိုးဦးဖမ်းဆီးခံခဲ့ရပြီး၊ အဲဒီရွာသား ကိုးဦးစလုံးကို စစ်ကောင်စီတပ်က ရွာအနောက်ဘက် ကွင်းပြင်ထဲမှာ ကားတာယာတွေစုပုံပြီး မီးရှို့သတ်သွားခဲ့တယ်လို့ ဒေသခံတွေနဲ့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က ပြောပါတယ်။ သူတို့ဟာ PDF လို့ စွပ်စွဲခံရပြီး ၁၆ ရက်နေ့မှာ စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးအဖွဲ့တွေက ဖမ်းဆီးတာခံခဲ့ရပါတယ်။
အဲဒီနောက် ၁၉ ရက်နေ့မှာ မီးရှို့ခံထားရတဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ မီးမလောင်ဘဲကျန်ခဲ့တဲ့ ရုပ်အလောင်းတချို့ရဲ့ အစိတ်အပိုင်းတွေကို စစ်ဆေးကြည့်ရာမှာ ဓားဒဏ်ရာတွေ၊ သေနတ်ကျည်ထိမှန်ထားတဲ့ ဒဏ်ရာတွေ တွေ့ရတယ်လို့ ဒေသခံတွေနဲ့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က ပြောပါတယ်။
(၂) မကွေးတိုင်း၊ ပေါက်မြို့နယ်၊ တံစူးရွာ
ဧပြီ ၁၂ ရက်နေ့ကတော့ မကွေးတိုင်း ပေါက်မြို့နယ်၊ တံစူးရွာက စစ်ဘေးဒုက္ခသည် ကိုးဦး စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့ရပါတယ်။
(၃) စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ရွာနန်းကျေးရွာ
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ရွာနန်းကျေးရွာမှာတော့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်မှုကြောင့် ဧပြီ ၇ ရက်နေ့က နေအိမ် အလုံး ၃ဝဝ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး အရပ်သားခုနစ်ယောက် သေဆုံးခဲ့ပါတယ်။
ဧပြီလအတွင်း ဖြစ်ရပ်သုံးခုပါ။ မတ်လအတွင်း သတ်ဖြတ်ခံရမှုက ဘယ်လိုရှိပါလဲ ဆက်ကြည့်ရအောင်ပါ။
၂ဝ၂၂ မတ်လ - ၂၁ ယောက်
(၁) စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ စိမ်းစားရွာ
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ မတ်လ ၁၂ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး အရပ်သား ငါးယောက် သေဆုံးခဲ့ရပါတယ်။ စိမ်းစားရွာက ပျူစောထီးအဖွဲ့ဝင်တစ်ယောက် အသတ်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့တွေ ရွာထဲ ဝင်ရောက်ပစ်ခတ်ရာမှာ ဒေသခံငါးယောက် သေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
(၂) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ လက်ပန်တောရွာ
မတ်လ ၈ရက်နေ့ကတော့ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် လက်ပန်တောရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာမှာ အရပ်သား ၁၂ ယောက် သေဆုံးခဲ့ပါတယ်။ ဒေသခံတွေ ပုန်းအောင်းနေတဲ့ ရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ပစ်ခတ်တဲ့လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် သေဆုံးခဲ့ကြတာဖြစ်ပါတယ်။
(၃) စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ အုတ်ဖိုရွာ
မတ်လ ၁ ရက်နေ့က ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် သုံးဦးနဲ့ အရပ်သား တစ်ဦး ရုပ်အလောင်းတွေကို ရေဦးမြို့နယ် အုတ်ဖိုရွာမှာ ဒေသခံတွေ တွေ့ရှိခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂၈ ရက်နေ့က ရွာထဲကို စစ်ကောင်စီတပ်တွေ ဝင်ရောက်တပ်စွဲခဲ့ပြီး နောက်တစ်နေ့ စစ်ကြောင်းပြန်ထွက်သွားစဉ်မှာ ဒေသခံတွေ ရွာထဲမှာ အဲဒီရုပ်အလောင်းတွေကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။
ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီရဲ့ လူအစုလိုက် သေစေခဲ့တဲ့ လုပ်ရပ် ငါးခုရှိခဲ့ပါတယ်။
၂ဝ၂၂ ဖေဖော်ဝါရီလ - ၃၂ ယောက်
(၁) မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ရွှေဘိုရွာ
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ရွှေဘိုရွာမှာ ဖေဖော်ဝါရီ ၂၈ ရက်နေ့က စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ဝင်ရောက်လာပြီး ရွာသားငါးဦး မီးရှို့အသတ်ခံခဲ့ရသလို နှစ်ဦးက သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ရွှေဘိုရွာသားတွေက ပြောပါတယ်။
(၂) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ချင်းပုန်းရွာ
ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာပဲ စစ်ကိုင်းတိုင်းထဲက ချင်းပုန်းရွာမှာ သေဆုံးနေတဲ့ အရပ်သား ၁၃ ယောက်ရဲ့ ရုပ်အလောင်းတွေကို ရွာသားတွေ တွေ့ရှိခဲ့ပါတယ်။
ချင်းပုန်းရွာမှာ ဖေဖော်ဝါရီ ၂၆ ရက်နေ့ကစပြီး စစ်ကောင်စီတပ်တွေ ဝင်လာပြီးနောက် ကလေးငယ်တွေအပါအဝင် လူ ၁ဝဝ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။ ရွာထဲတပ်စွဲခဲ့ပြီး နှစ်ရက်အကြာ စစ်ကြောင်းထွက်သွားချိန်မှာ ဖမ်းခံထားရသူတွေ ပြန်လွတ်ခဲ့ပြီးနောက် ရွာထဲမှာ ဒီရုပ်အလောင်းတွေ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
(၃) စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ တောင်ဖီရွာကုန်း
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် တောင်ဖီရွာကုန်းမှာတော့ သတ်ဖြတ်ခံထားရတဲ့ ပြည်သူ လေးဦးရဲ့ ရုပ်အလောင်းတွေကို ဖေဖော်ဝါရီ ၂၃ ရက်နေ့က ဒေသခံတွေ တွေ့ရှိခဲ့ပါတယ်။ သတ်ဖြတ်ခံရသူတွေဟာ နောက်ပြန်ကြိုးတုပ်ပြီး လည်ပင်းနဲ့ လက်တွေမှာ ဓားနဲ့ လှီးထားတဲ့ ဒဏ်ရာတွေ တွေ့ရတယ်လို့လည်း ဆိုပါတယ်။
(၄) စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပေလည်ရွာ
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပေလည်ရွာမှာတော့ ဖေဖော်ဝါရီ ၁၉ ရက်နေ့က စစ်ကောင်စီတပ်က ပစ်တဲ့ လက်နက်ကြီး နေအိမ်တစ်လုံးပေါ်ကျပြီး အဲဒီအိမ်မှာရှိတဲ့ မိသားစုဝင်လေးယောက်လုံး သေဆုံးခဲ့ပါတယ်။
(၅) စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာ
ဖေဖော်ဝါရီလ ၁၄ ရက်ညသန်းခေါင်ချိန်မှာ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ ပုလဲမြို့နယ် ဇီးဖြူကုန်းရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရွာသား လေးဦး မီးလောင်သေဆုံးခဲ့ပါတယ်။ စစ်ကောင်စီကတော့ PDF ပူးပေါင်းအဖွဲ့တွေ ရွာကိုဝင်တိုက်ပြီး မီးရှို့ခဲ့ကြတာလို့ စွပ်စွဲထားပါတယ်။
ဇန်နဝါရီလအတွင်း လူအစုလိုက် အသတ်ခံရမှုတွေမှာ ၆၂ ယောက် သေဆုံးခဲ့ပါတယ်။ စစ်ကိုင်း၊ ကယားနဲ့ ချင်းတို့မှာ စစ်ကောင်စီတပ်တွေ ကျူးလွန်ခဲ့တာပါ။
၂ဝ၂၂ ဇန်နဝါရီလ - ၆၂ ယောက်
(၁) စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဘဒတ္ထိုင်းကျေးရွာ
ဒေသခံကာကွယ်ရေးတပ်ဖွဲ့တစ်ခုရဲ့ သင်တန်းဆင်းပွဲ ကျင်းပနေတဲ့ မြင်းမူမြို့နယ် ဘဒတ္ထိုင်းရွာကို ဇန်နဝါရီလ ၃၁ ရက်နေ့က စစ်တပ်က ရဟတ်ယာဉ်ငါးစီးနဲ့ ရောက်လာပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။ ပစ်ခတ်မှုစဖြစ်ကတည်းက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး ဖေဖော်ဝါရီ ၂ရက်နေ့ စစ်ကောင်စီ ပြန်ထွက်သွားချိန် ရွာထဲ ဝင်တဲ့အခါ သေဆုံးသူ ၁၃ ယောက်ရဲ့ ရုပ်အလောင်းတွေ တွေ့ရှိခဲ့ပါတယ်။ သေဆုံးသူတွေထဲမှာ အမျိုးသမီး နှစ်ဦးလည်း ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
(၂) စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ သစ်ဆိမ့်ကြီးကျေးရွာ
ဇန်နဝါရီလ ၂၉ ရက်နေ့ကစပြီး ဝက်လက်မြို့နယ် သစ်ဆိမ့်ကြီးကျေးရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်တပ်စွဲခဲ့ပါတယ်။ သူတို့ထွက်သွားပြီးနောက် ဖေဖော်ဝါရီ လေးရက်နေ့မှာ မီးရှို့ခံထားရတဲ့ ရုပ်အလောင်း ခြောက်ခုကို တွေ့ရှိခဲ့တယ်လို့ ဝက်လက်မြို့နယ် ဒေသကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
(၃) ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ရေယိုကျေးရွာ
ဇန်နဝါရီလ ၂၆ ရက်နေ့က လွိုင်ကော်မြို့နယ် ရေယိုကျေးရွာ အိမ်သာကျင်းတစ်ကျင်းထဲမှာ ရုပ်အလောင်း ခြောက်ခုကို ဒေသခံတွေ တွေ့ခဲ့ရပါတယ်။ အဲဒီထဲမှာ အသက်မပြည့်သေးတဲ့ ကလေး လေးဦး ပါဝင်ပါတယ်။ ရုပ်အလောင်းတွေမှာ နှိပ်စက်ညှဥ်းပန်းခံထားရတဲ့ ဒဏ်ရာဒဏ်ချက်တွေ အပြင် ကျည်ဆံရာနဲ့ ဓားဒဏ်ရာတွေ တွေ့ရတယ်လို့ ရုပ်အလောင်းတွေကို ကိုယ်တိုင် သင်္ဂြိုဟ်ပေးခဲ့သူတစ်ဦးက ပြောထားပါတယ်။
စစ်ကောင်စီတပ်ဘက်က ရွာထဲစစ်ကြောင်းထိုးစဉ်မှာ ဒီဒေသခံတွေ အသတ်ခံခဲ့ရတာလို့ KNDF ဘက်က ပြောပေမယ့် စစ်ကောင်စီကတော့ သူတို့မဟုတ်ကြောင်း ငြင်းဆိုပါတယ်။
ကယားပြည်နယ်ဟာ စစ်ကောင်စီကို လက်နက်ကိုင်ခုခံတော်လှန်မှုအားကောင်းတဲ့ ပြည်နယ်တစ်ခုဖြစ်တာကြောင့် စစ်တပ်ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကို အပြင်းအထန်ခံရတာလည်း ဖြစ်ပါတယ်။
ဒီလိုတိုက်ခိုက်မှုတွေခံနေရတဲ့ ကယားပြည်နယ်က ပြည်သူတွေရဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကို ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ကိုဗညား ပြောပြတာက —
“အရင်တုန်းက ကျွန်တော်တို့ပြည်နယ်မှာ လေယာဉ်လာရင် အရမ်းပျော်ကြတယ်၊ ဟယ်လီကော်ပတာသံကြားရင် ထွက်ကြည့်ကြတယ်၊ ပျော်ကြတယ်၊ တစ်ခါမှမတွေ့ဖူးလို့၊ ဒါပေမဲ့ အခုနောက်ပိုင်း ဟယ်လီကော်ပတာသံကြားရင် လေယာဉ်သံကြားရင် ထွက်ပြေးနေရတယ်၊ ကြောက်နေရတယ်။ ပြောင်းပြန်ကိုဖြစ်သွားတာ၊ တပ်တွေကို အရမ်းကြောက်တယ်။ လက်နက်ကြီးသံကြားရင် အရမ်းကြောက်တယ်။”
(၄) စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ရွာမိသာကျေးရွာ
ဇန်နဝါရီလ ၂၁ ရက်နေ့ကတော့ ရေဦးမြို့နယ် ရွာမိသာကျေးရွာနားမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့ မိနစ် ၄၀ ကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဘက်က ခုနစ်ဦး သေဆုံးခဲ့ပါတယ်။ အဲဒီထဲမှာ နှစ်ဦးက မီးရှို့သတ်ခံရတာလို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ပြောပါတယ်။
(၅) စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ဦးနှောက်ရွာ
စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ဦးနှောက်ရွာကိုတော့ စစ်ကောင်စီတပ်က ဇန်နဝါရီလ ၁၀ ရက်နေ့က စစ်ရဟတ်ယာဉ် လေးစီးနဲ့ စီးနင်းတိုက်ခိုက်ရာမှာ အရပ်သား ငါးဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ပုလဲမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။ စစ်ကောင်စီကတော့ အဲဒီကျေးရွာမှာ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ဖွဲ့ဝင် အယောက်ငါးဆယ်လောက် အစည်းအဝေးလုပ်ဖို့ စုဝေးနေတဲ့အချိန် ဝင်ရောက်ဖမ်းဆီးခဲ့ရာမှာ ငါးယောက်ကို အသေဖမ်းမိပြီး လက်နက်ခဲယမ်းတချို့ကိုလည်း သိမ်းဆည်းရမိတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
(၆) ချင်းပြည်နယ်၊ မတူပီမြို့နယ်
၂ဝ၂၂ ခုနစ် နှစ်စမှာပဲ ချင်းပြည်နယ် မတူပီမြို့နယ်က ဒေသခံ ၁ဝ ယောက်အဖမ်းခံရပြီး အသတ်ခံခဲ့ရပါတယ်။ မတူပီမြို့ မြောက်ဘက် ကိုးမိုင်ခန့်အကွာက ကီလှုန်းနဲ့ လုံလှော်ရွာဘက်မှာ စစ်ကောင်စီတပ်တွေက သူတို့ကို ဇန်နဝါရီ ၆ ရက်နေ့က ဖမ်းဆီးသွားပြီးနောက် ရုပ်အလောင်းတွေကိုသာ ပြန်လည်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ အသတ်ခံလိုက်ရသူတွေထဲမှာ အသက် ၁၃ နှစ်ကလေးတစ်ဦးနဲ့ သတင်းထောက်တစ်ဦးလည်း ပါဝင်ပါတယ်။ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေမှာ သေနတ်နဲ့ ပစ်ခတ်ခံရတဲ့ ဒဏ်ရာတွေ မတွေ့ရဘဲ ကြိုးတုပ်ပြီး လည်ပင်းကို ဓားနဲ့လှီးထားတာ၊ ဓားနဲ့ ထိုးသွင်းထားတာတွေ တွေ့ရတယ်လို့ ဒီဒေသမှာရှိတဲ့ မတူပီ CDF တပ်ဖွဲ့က RFA ကို ပြောထားပါတယ်။ ချင်းလူ့အခွင့်အရေးအဖွဲ့ကတော့ ဒီဒေသခံတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး သတ်ဖြတ်တာလို့ ဆိုပါတယ်။
(၇) စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နတ်ချောင်းရွာ
ဇန်နဝါရီ ၆ ရက်နေ့က ကလေးမြို့မှာ စစ်ဘေးရှောင်ရာကနေ ရွာထဲပြန်လာတဲ့ နတ်ချောင်းရွာသားတွေကို စစ်ကောင်စီတပ်သားတွေက ရွာထဲဝင်ပြီး ပစ်ခတ်ခဲ့တာကြောင့် ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
(၈) စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ ဂဲဟယ်ရွာ လေကြောင်းတိုက်ခိုက်မှု
စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ကသာခရိုင် အင်းတော်မြို့နယ် ဂဲဟယ်ရွာကို ဇန်နဝါရီ ၄ ရက်နေ့က စစ်ကောင်စီတပ်က ရဟတ်ယာဉ်နဲ့ တိုက်ခိုက်ချိန် ကလေးတစ်ယောက်အပါအဝင် စုစုပေါင်း ငါးယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုနောက်ဆုံး ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာလထဲ စစ်ကောင်စီတပ်ရဲ့ ကျူးလွန်မှုတွေကို ဆက်လက်ကြည့်ရှုနားဆင်ရမှာပါ။
၂ဝ၂၁ ဒီဇင်ဘာ - ၁၀၆ ယောက်
(၁) ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုရွာ
ပြီးခဲ့တဲ့နှစ် ခရစ္စမတ်ကာလမှာ တိုက်ပွဲတွေကြောင့် ခရစ္စမတ်သီချင်းသံတွေ တိတ်ခဲ့ရတဲ့ ကယားပြည်နယ်မှာ ထပ်ဆင့်ကဲပြီး ဝမ်းနည်းစရာ ကောင်းတဲ့ဖြစ်ရပ်တစ်ခုကတော့ ဒီဇင်ဘာလ ၂၄ ခရစ္စမတ်အကြိုနေ့မှာ ကယားပြည်နယ် ဖရူဆိုမြို့နယ် မိုဆိုကျေးရွာမှာ Save the Children က ဝန်ထမ်းနှစ်ယောက်နဲ့ အမျိုးသမီး၊ ကလေးငယ်တွေ အပါအဝင် လူ ၄၉ ယောက် ရက်ရက်စက်စက် သတ်ဖြတ်ခံရမှုပါ။ အသတ်ခံရသူတွေထဲမှာ နယ်ခြားစောင့်တပ်ဖွဲ့က တပ်သား လေးယောက်လည်းပါဝင်ပါတယ်။ သူတို့လေးယောက်ကလွဲပြီး ကျန်တဲ့အရပ်သား ၄၅ ယောက်က မီးရှို့အသတ်ခံထားရတာလို့ အလောင်းတွေကို ကောက်ယူခဲ့တဲ့ ကရင်နီပြည်နယ် ရဲတပ်ဖွဲ့ KSP က ပြောထားပါတယ်။
မီးလောင်ကျွမ်းခံထားရတဲ့ ရုပ်အလောင်းတွေထဲမှာ လက်ပြန် ကြိုးတုပ်ခံထားရတဲ့ ရုပ်အလောင်းတွေပါသလို၊ ပါးစပ်ကို အဝတ်ဆို့ခံထားရတဲ့ ရုပ်အလောင်းတွေလည်း ပါဝင်တယ်လို့ KSP က ပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ ဒီဒေသခံတွေဟာ တိုက်ပွဲအတွင်း အပြန်အလှန် ပစ်ခတ်ရင်း သေဆုံးတာလို့ ငြင်းဆိုထားပေမယ့် NUG အစိုးရက ထုတ်ပြန်လာတဲ့ မျက်မြင်သက်သေတွေအရတော့ သေဆုံးသူတွေဟာ သာမန်အရပ်သားတွေဖြစ်ပြီး၊ စစ်တပ်က အစုအပြုံလိုက် ရည်ရွယ်ချက်ရှိရှိ ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်ခဲ့တာလို့ ပြောထားပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အပါအဝင် အမေရိကန်ပြည်ထောင်စုနဲ့ အနောက်နိုင်ငံတွေက ဒီအစုလိုက်အပြုံလိုက် မီးရှို့ သတ်ဖြတ်မှုနဲ့ပတ်သက်ပြီး ပြစ်တင်ရှုတ်ချထားပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးအကြီးအကဲ Martin Griffiths ကလည်း ဒီသတ်ဖြတ်မှုမှာ အပြစ်ရှိသူတွေကို စုံစမ်းဖော်ထုတ်အရေးယူပေးဖို့ စစ်ကောင်စီကို တောင်းဆိုထားပါတယ်။
မိုဆိုရွာက ဒီလူတွေ အစုလိုက် မီးရှို့သတ်ဖြတ်ခံရမှုဟာ ဒီဇင်ဘာ ၂၄ ရက်နေ့က တစ်နှစ်ပြည့်ခဲ့ပြီဖြစ်ပေမယ့် နစ်နာသူတွေ မိသားစုတွေ မျှော်လင့်တဲ့ တရားမျှတမှုတော့ အခုထိ မရသေးပါဘူး။
■ စစ်တပ်အပေါ် အရပ်သားပြည်သူတွေရဲ့ အမြင် ဘယ်လိုရှိနေလဲ။
"ကျွန်မ နေ့တိုင်းတွေးတယ်၊ ဒီစစ်ကောင်စီကို ဘာပြန်လုပ်နိုင်မလဲ၊ ကျွန်မတူမအပါအဝင် ကလေးငယ်တွေ သေဆုံးခဲ့ရတာက ဒီအတိုင်း ပြီးသွားတာမျိုး မဖြစ်ရဘူး၊ အသက် ၂၀ ကျော်အရွယ် မိန်းကလေး အရွယ်ကောင်းလေးမှာ အရှင်လတ်လတ် မီးရှို့သတ်ခံရတာ၊ ပြန်တွေးတိုင်း စစ်ကောင်စီကို ပိုရွံ၊ ပိုမုန်းတယ်"
မိုဆိုရွာ မီးရှို့အသတ်ခံရသူတွေထဲက အသက် ၂၀ ကျော်အရွယ် မဟယ်ရီရဲ့ အဒေါ်ဖြစ်သူ ဒေါ်မိဆု ပြောသွားတာပါ။
(၂) စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နတ်ချောင်းရွာ
စစ်ကိုင်းတိုင်း ကလေးမြို့နယ် နတ်ချောင်းကျေးရွာမှာ ၂ဝ၂၁ ဒီဇင်ဘာ ၂၃ ရက်နေ့က စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဒေသခံ ကိုးဦး သေဆုံးခဲ့ပါတယ်။ သေဆုံးသူတွေထဲမှာ အမျိုးသား ခုနစ်ဦးနဲ့ အမျိုးသမီးနှစ်ဦးဖြစ်ပြီး အားလုံး သေနတ်ကျည်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီကတော့ နတ်ချောင်းကျေးရွာမှာ လုံခြုံရေး ဆောင်ရွက်နေတဲ့ တပ်ဖွဲ့ဝင်တွေကို PDF အဖွဲ့ အင်အား ၃၀၀ လောက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ လာရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်း၊ အလောင်းကိုးလောင်း ရရှိခဲ့ကြောင်း ကြေညာခဲ့ပါတယ်။
(၃) စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ရေမြက်ရွာ
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်က ရေမြက်ရွာမှာတော့ ဒီဇင်ဘာ ၂၀ ရက်နေ့က လေကြောင်းကနေ တိုက်ခိုက်ခံရတဲ့အပြင် နေအိမ်တွေ မီးရှို့ခံရပြီး ဒေသခံ ခုနစ်ယောက် သေဆုံးခဲ့ပါတယ်။
သေဆုံးနေသူတွေမှာ သေနတ်ဒဏ်ရာတွေအပြင် မီးလောင်ခံထားရတာတွေပါ တွေ့ရတယ်လို့ဆိုပါတယ်။
(၄) မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ နှမ်းခါးရွာ
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် နှမ်းခါးရွာမှာ ၂ဝ၂၁ ဒီဇင်ဘာ ၁၇ ရက်နေ့က တစ်ရွာလုံး ဝေဟင်ကနေစီးပြီး ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် ရွာလုံးကျွတ် ထွက်ပြေးခဲ့ကြရသလို ဒေသခံ ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့ရပါတယ်။
(၅) မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မွေ့လည်ရွာ
ဒီဇင်ဘာ ၁၇ ရက်နေ့က ဂန့်ဂေါမြို့နယ် မွေ့လည်ရွာထဲကိုလည်း စစ်ကောင်စီတပ်တွေ ဝင်ရောက်ပစ်ခတ်ခဲ့လို့ အနည်းဆုံး ဒေသခံ ကိုးယောက် သေဆုံးခဲ့ပါတယ်။
(၆) စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ နဂါးတွင်းရွာ
၂ဝ၂၁ ဒီဇင်ဘာ ၁၁ ရက်နေ့က စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် နဂါးတွင်းရွာမှာ အသတ်ခံထားရတဲ့ရွာသား ခြောက်ယောက် ရုပ်အလောင်းတွေကို ဒေသခံတွေ တွေ့ရှိခဲ့ပါတယ်။
ခြောက်ယောက်မှာ တစ်ယောက်က ရိုက်နှက်ဒဏ်ရာတွေနဲ့ သေဆုံးနေပြီး ငါးယောက်ကတော့ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတာလို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
ဒီဇင်ဘာ ၁၀ ရက်က စစ်ကောင်စီတပ် ရွာထဲ ဝင်လာပြီး နဂါးတွင်းရွာမှာ ညအိပ်တပ်စွဲခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီတပ်တွေ ရွာထဲဝင်လာလို့ ရွာသားတွေလည်း ထွက်ပြေးခဲ့ကြပေမယ့် တချို့က ရွာထဲမှာ ကျန်နေခဲ့ကြရာကနေ အခုလို ရွာသားခြောက်ယောက် အသတ်ခံလိုက်ရတာလို့ ရွာသားတွေက ပြောပါတယ်။
(၇) စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဒုန်းတောရွာ
၂ဝ၂၁ ဒီဇင်ဘာ ၇ ရက်နေ့မှာတော့ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ဒုန်းတောကျေးရွာက ဒေသခံ ၁၁ ယောက်ကို စစ်ကောင်စီက အစုလိုက် အပြုံလိုက် မီးရှို့သတ်ဖြတ်ခဲ့ပါတယ်။ သူတို့ထဲမှာ အသက် ၁၄ နှစ်ကနေ ၁၇ နှစ်ကြား လူငယ်လေးယောက် ပါဝင်ပါတယ်။ ယင်းမာပင်မြို့နယ်ကနေ စစ်ဆင်ရေးဆင်းလာတဲ့ စစ်ကောင်စီတပ်သားတွေက မုံရွာ-ပုသိမ် လမ်းမပေါ် မြောက်ယမားတံတားဘေးက ဒုံးတောကျေးရွာအပြင်မှာ တဲထိုးနေတဲ့ အလုပ်ကြမ်းသမားတွေကို ရိုက်နှက် ကြိုးတုပ်ပြီး သတ်ဖြတ်မီးရှို့သွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ကျွန်တော်တို့ မီးရှို့သွားခဲ့တာတွေ ကြည့်တဲ့အခါမှာတော့ သူတို့သေပြီးတော့မှ ရှို့ခဲ့တာတွေ မဟုတ်ဘူးဗျ။ သူတို့ပုံစံတွေက လုံးဝကျူးလွန်ပြီးတော့ မချိမဆန့် သေထားသလိုကြီးဗျ။ အသက်ကတော့ လုံးဝမသေသေးဘူး။ သေချာတယ် မီးရှို့တဲ့အချိန်မှာ။ သွားကြည့်တော့ သူတို့ပုံစံတွေက ရုန်းကန်နေတဲ့ပုံစံတွေမျိုး။ နောက်မှာလည်း လက်ပြန်ကြိုးဆိုတာ ကြိုးမဟုတ်ဘူး။ အရပ်အခေါ်တော့ ကြေးနန်းကြိုးတုပ်ပြီးတော့မှ အဲဒီလိုမျိုး သတ်ထားခဲ့တာဗျ။ လက်ရှိ ကျွန်တော်တို့ ရေကြည့်တာတော့ ၁၁ ယောက်ရှိတယ်ခင်ဗျ။ အကုန်လုံး အမျိုးသားတွေ။ သူတို့တွေက ရွာခံတွေချည်းပဲ"
စစ်ကောင်စီကတော့ အဲဒီသတ်ဖြတ်မှုဖြစ်စဉ်မရှိကြောင်း ငြင်းဆိုခဲ့ပါတယ်။
(၈) စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ အင်းကျွန်းရွာ
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် အင်းကျွန်းကျေးရွာအနီးက လယ်တဲတစ်ခုမှာ မီးရှို့သတ်ဖြတ်ခံထားရတဲ့ အမျိုးသားငါးဦးရဲ့ ရုပ်အလောင်းကို ၂ဝ၂၁ ဒီဇင်ဘာလ ၁ ရက်နေ့က ဒေသခံတွေ တွေ့ရှိခဲ့ပါတယ်။ အားလုံးဟာ မီးရှို့ခံထားရတာဖြစ်ပါတယ်။
ဒေသခံတွေကတော့ သူတို့ငါးဦးဟာ နိုဝင်ဘာလ ၂၈ ရက်နေ့က ကျောက်ပြုတ်ကျေးရွာကို ရောက်ရှိလာတဲ့ အင်အား ၇၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ တွေ့ပြီးတော့ ဖမ်းဆီးခံခဲ့ရပြီး အခုလိုသတ်ဖြတ်ခံရတာလို့ ဒေသခံတွေက ပြောကြပါတယ်။
စစ်ကောင်စီဘက်ကတော့ ဒီလို လူတွေအစုလိုက် အပြုံလိုက် သေစေခဲ့တဲ့ သတ်ဖြတ်မှုတွေကို ဝန်ခံတာမရှိဘဲ သေဆုံးသူတွေဟာ အရပ်သားတွေမဟုတ်ဘဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်တွေနဲ့ အကြမ်းဖက်အဖွဲ့ဝင်တွေသာ ဖြစ်တယ်လို့ ပြောလေ့ရှိပါတယ်။ ဒါ့အပြင် စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ သူတို့တပ်ဖွဲ့တွေက အရပ်သားတွေထိခိုက်အောင် ဘယ်လိုနည်းနဲ့မှ လုပ်စရာ အကြောင်းမရှိဘူးလို့သာ တုံ့ပြန်ငြင်းဆိုလေ့ရှိပါတယ်။
ဒါပေမဲ့ စစ်ကောင်စီတပ်သားတွေ ကျူးလွန်တဲ့ အင်အားအလွန်အကျွံသုံး တိုက်ခိုက်မှုတွေ၊ ရက်စက်တဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေဟာ သက်သေအထောက်အထားတွေနဲ့ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။
နိုင်ငံတကာကလည်း စစ်ကောင်စီက မြန်မာပြည်သူတွေအပေါ် ရက်စက်တဲ့ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်ဆိုတာကို ထွက်ပေါ်လာတဲ့ သက်သေအထောက်အထားတွေအရ တွေ့မြင်နေရပါတယ်။
မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရေးအဖွဲ့ IIMM ကလည်း စစ်ခေါင်းဆောင်တွေရဲ့ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှု ကျူးလွန်တဲ့ သက်သေအထောက်အထားတွေကို စုစည်းရရှိထားတယ်လို့ ပြောထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကလည်း စစ်ကောင်စီရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်တဲ့ လုပ်ရပ်တွေဟာ ကြီးမားလွန်းတဲ့ ရာဇဝတ်မှုဖြစ်တာကြောင့် ပြစ်ဒဏ်ချမှတ်နိုင်ရေးကို အင်တိုက်အားတိုက် လုပ်ဆောင်နေတယ်လို့ ကြေညာထားပါတယ်။
အမေရိကန်အခြေစိုက် လူမျိုးတုံးသတ်ဖြတ်မှုပြတိုက်နဲ့ အမေရိကန်သုတေသနအဖွဲ့တွေရဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံဟာ ၁၉၄၅ ခုနှစ်နောက်ပိုင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု အမျိုးစား ၃ခု တပြိုင်နက်ထဲ ဖြစ်ပေါ်နိုင်တဲ့ အန္တရာယ်ရှိတဲ့ နိုင်ငံများစာရင်းမှာ ပထမဆုံးမှတ်တမ်းဝင်တဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် ပါဝင်နေတယ်လို့ ဖော်ပြထားပါတယ်။
အဲဒါတွေက ၂၀၂၁ခုနှစ် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ သံသယရှိသူ၊ လက်နက်ကိုင် ခုခံသူတွေ မဟုတ်တဲ့ အရပ်သားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်တာ၊ ရိုဟင်ဂျာတွေအပေါ် အစုလိုက်အပြုံ လိုက်သတ်ဖြတ်တာ၊ ကရင်၊ ကချင်၊ တအာင်း၊ မွန်၊ လီဆူနဲ့ ရှမ်း အပါအဝင် လူနည်းစု တိုင်းရင်းသားတွေကို ဆယ်စုနှစ်များစွာကတည်းက အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တာတွေပါ။
■ စစ်ရာဇဝတ်မှုတွေ ဆက်တိုက်ကျူးလွန်နေတဲ့ စစ်တပ်ကို အပြစ်ပေးအရေးယူနိုင်မယ့် မျှော်လင့်ချက်
အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ပြည်တွင်း ပြည်ပလူ့အခွင့်အရေးအဖွဲ့တွေအပြင် နိုင်ငံတကာ အသိုင်းအဝန်းကလည်း စစ်ခေါင်းဆောင်တွေရဲ့ ရက်စက်တဲ့ စစ်ရာဇဝတ်မှုတွေအတွက် နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC မှာ စစ်ဆေးအရေးယူနိုင်ဖို့ ဆက်တိုက်တောင်းဆိုနေပါတယ်။
ကုလသမဂ္ဂအရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီအဖွဲ့ဝင် Marzuki Darusman က မြန်မာ စစ်ခေါင်းဆောင်တွေကို အရေးမယူနိုင်ရင် ICC တရားရုံး တည်ထောင်ထားတာ ဘာအဓိပ္ပာယ်မှ ရှိမှာမဟုတ်ဘူးလို့ ဝေဖန်ထားပါတယ်။
Fortify Rights အဖွဲ့က လူ့အခွင့်အရေးလေ့လာစောင့်ကြည့်သူ ဦးဇော်ဝင်းကလည်း စစ်တပ်ကို ထိရောက်တဲ့ အပြစ်ပေးအရေးယူမှုမရှိရင် မြန်မာပြည်သူတွေအပေါ်မှာ စစ်ရာဇဝတ်မှုတွေ ဆက်တိုက်ကျူးလွန်နေဦးမယ်လို့ ပြောပါတယ်။
“မြန်မာနိုင်ငံရဲ့စစ်တပ်သမိုင်းမှာ စစ်တပ်ကို လက်တွေ့ကျကျ အရေးယူပြီး ပြစ်ဒဏ်ပေးတာ မရှိခဲ့ဘူး။ အဲဒါကြောင့် စစ်တပ်က ပြစ်ဒဏ်ကနေ လွတ်ငြိမ်းချမ်းသာခွင့်ရနေတယ်။ အဲဒါကို အခွင့်ကောင်းယူပြီး ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး၊ လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာကိုလည်း ဂရုမစိုက်ဘူး။ သတ်ချင်သလို သတ်လို့ရတယ်၊ နှိပ်ကွပ်ချင်သလို နှိပ်ကွပ်လို့ရတယ်ပေါ့နော်၊ အဲဒီယုံကြည်ချက်က သူတို့(စစ်တပ်)စိတ်ထဲမှာ ကိန်းအောင်းနေတယ်။ အဲဒါကြောင့် သူတို့က မြန်မာပြည်သူ ပြည်သားတွေကို ဒီလိုအစုလိုက် အပြုံလိုက် သတ်ပစ်နေတာ။”
စစ်တပ်ရဲ့ဒီလိုရက်စက်ကြမ်းကြုတ်တဲ့ ကျူးလွန်မှုတွေကို အရေးယူနိုင်ဖို့ဆိုတာ အချိန်ကြာမြင့်နိုင်သေးတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ယူဆကြပါတယ်။
လက်ရှိ နိုင်ငံတကာတရားရုံးတွေကနေ အရေးယူနိုင်ဖို့ ဆောင်ရွက်ချက်တွေအရလည်း အားရကျေနပ်စရာမရှိသေးသလို ပြည်တွင်းဥပဒေတွေအရ အပြစ်ပေးနိုင်ဖို့ဆိုတာလည်း မဖြစ်နိုင်သေးဘူးလို့ သုံးသပ်ကြပါတယ်။
ဒါပေမဲ့ ဒီလိုကျူးလွန်မှုတွေကို မလွတ်တမ်း မှတ်တမ်းတင်ပြုစုပြီး တစ်ချိန်မှာ အရေးယူနိုင်ဖို့ အကောင်အထည်ဖော်တဲ့ လမ်းကြောင်းပေါ် ရောက်နေပြီလို့ ပြောကြပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ရက်စက်တဲ့တိုက်ခိုက်မှုတွေ၊ ညှဉ်းပန်းနှိပ်စက်မှုတွေကြောင့် လူအစုလိုက်အပြုံလိုက် သေဆုံးခဲ့ရတဲ့ ဒီဖြစ်ရပ်တွေမှာ ကျန်ရစ်တဲ့ မိသားစုဝင်တွေကတော့ တရားမျှတမှုကို မျှော်လင့်နေဆဲဖြစ်ပါတယ်။