၂ဝ၂၂ ခုနှစ်အတွင်း ကြွေလွင့်သွားသူများ
2022.12.31
၂ဝ၂၂ ခုနှစ် တစ်နှစ်တာအတွင်း ကွယ်လွန်သွားကြတဲ့ နိုင်ငံရေးနဲ့ စာပေနယ်ပယ်က အထင်ကရ ပုဂ္ဂိုလ်တွေအကြောင်း စုစည်းတင်ပြထားပါတယ်။
ဦးခွန်ထွန်းဦး (၁၉၄၃ - ၂ဝ၂၂ ခုနှစ်)
ဦးခွန်ထွန်းဦး (၁၉၄၃ - ၂ဝ၂၂ )
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီတည်ထောင်သူ ဦးခွန်ထွန်းဦးဟာ ၁၉၈၉ ခုနှစ်ကစလို့ ၂ဝ၂ဝ ခုနှစ်အထိ နှစ်ပေါင်း ၃ဝ ကျော်ကြာ SNLD ပါတီရဲ့ ဥက္ကဋ္ဌ အဖြစ်တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ဇာတိဖြစ်တဲ့ ရှမ်းပြည်နယ် သီပေါမြို့ ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့ပါတယ်။ ဦးသန်းရွှေ စစ်အစိုးရလက်ထက် ၂ဝဝ၅ ခုနှစ်မှာ ဖမ်းဆီးခံခဲ့ရပြီး နိုင်ငံတော်ပုန်ကန်မှုနဲ့ ထောင် ၉၃ နှစ်ချမှတ်ခံခဲ့ရပါတယ်။ အဲဒီနောက် ဦးသိန်းစိန် စစ်တစ်ပိုင်း အစိုးရတက်လာချိန် ၂ဝ၁၂ ခုနှစ်မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့တာဖြစ်ပါတယ်။ "ဟိုးအရင်ကတည်းက တောင်တန်းနဲ့ ပြည်မလိုမျိုး တန်းတူအခွင့်အရေးရဖို့တွေလည်း အဖေက လိုချင်ခဲ့တာပေါ့။ ပညာရေးတွေ၊ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး ရလဒ်တွေ အကုန်လုံးကို တိုင်းရင်း သားအားလုံးကို ညီတူညီမျှ ခံစားခွင့်ရတဲ့ အခြေအနေကို အဖေက အရမ်းလိုချင်ခဲ့တာ။ ဖြစ်စေချင်ခဲ့တာ။"
ဦးခွန်ထွန်းဦးဟာ ၂ဝ၂၂ ခုနှစ် ဧပြီလ ၃၀ ရက်နေ့မှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားပြီး၊ ကွယ်လွန်ချိန်မှာ အသက် ၇၉ နှစ်ရှိပါပြီ။
ဦးဇော်ဌေး ( ၁၉၇၄ - ၂ဝ၂၂ ခုနှစ်)
ဦးဇော်ဌေးဟာ ဗိုလ်မှူးဟောင်းတစ်ယောက်ဖြစ်ပြီး ဦးသိန်းစိန်အစိုးရလက်ထက်မှာရော ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်မှာပါ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပေါ် ပုဂ္ဂိုလ်ရေးယုံကြည်မှုရှိကြောင်း ဖော်ထုတ်ပြောဆိုခဲ့တဲ့အတွက် NLD အစိုးရလက်ထက်မှာ သူဟာ နာမည်ကောင်းပိုရခဲ့ပါတယ်။ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် လူမြင်ကွင်းကပျောက်သွားတဲ့ ဦးဇော်ဌေးဟာ ၂ဝ၂၂ ခုနှစ် မေလ ၂၃ ရက်နေ့မှာ ရုတ်တရက်ကွယ်လွန်သွားတာပါ။ ရေချိုးခန်းထဲချော်လဲပြီး နှလုံးရပ်သေဆုံးသွား တယ်လို့သတင်းမီဒီယာတွေက ဖော်ပြခဲ့ပေမယ့် ဦးဇော်ဌေးသေဆုံးမှုကို နိုင်ငံရေးသမားတချို့က သံသယရှိနေကြပါတယ်။ ၂ဝ၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီအောက်မှာ ဆက်အလုပ်မလုပ်နိုင်ဘူးလို့ ငြင်းဆန်ခဲ့တာကြောင့် သူဟာ လေးလကျော်ကြာ စစ်ကြောရေးမှာ စစ်ဆေးခံခဲ့ရပါတယ်။ ဦးဇော်ဌေး ကွယ်လွန်သွားတဲ့အတွက် မိသားစုနဲ့အတူ ဝမ်းနည်းကြောင်း ဒေါ်အောင်ဆန်းစုကြည်ကလည်း သတင်းစကားပါးခဲ့ပါ တယ်။ ဦးဇော်ဌေးဟာ ကွယ်လွန်ချိန်မှာ အသက် ၄၉ နှစ်ရှိပါပြီ။
ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကြားရှင် (၁၉၃၁ - ၂ဝ၂၂ ခုနှစ်)
ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကြားရှင်ဟာ ဗမာပြည်ကွန်မြူနစ်ပါတီ (CPB) မှာတပ်မှူးဖြစ်ခဲ့ဖူးပါတယ်။ ၁၉၈၉ ခုနှစ်မှာ ဗမာပြည်ကွန်မြူနစ်ပါတီကိုပုန်ကန်ခဲ့ပြီး မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ် (MNDAA) ကို တည်ထောင်ခဲ့သူပါ။ မြန်မာစစ်တပ်နဲ့ ငြိမ်းချမ်းရေးယူပြီး ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူး ဒေသ (၁) ကို ရယူခဲ့သူပါ။ သူ့ဈာပနကို ကွယ်လွန်ပြီး တစ်လအကြာမှာမှ ကျင်းပခဲ့တာဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေအပါအဝင် ဒေသခံ သုံးထောင်ကျော်တက်ရောက်ခဲ့တယ်လို့ ရှမ်းပြည်နယ်အခြေစိုက် သတင်းတွေမှာဖော်ပြပါတယ်။ ကိုးကန့်မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ရက္ခိုင့်တပ်တော်( AA) က ထိပ်ပိုင်းခေါင်းဆောင်တွေအပြင် စစ်ကောင်စီဘက်က ရွှေတြိဂံဒေသကွပ်ကဲ ရေးမှူးလည်း တက်ရောက်ပါတယ်။ ဒ့ါအပြင် တရုတ်နဲ့ ထိုင်းနိုင်ငံက ကိုယ်စားလှယ်တွေနဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကလည်း လွမ်းသူ့ပန်းခွေပေးပို့ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က မိုင်းလားမြို့မှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားပြီး ကွယ်လွန်ချိန်မှာ အသက် (၉၄) နှစ် ရှိပါပြီ။
ဦးသုဝေ (၁၉၃၂ - ၂ဝ၂၂ ခုနှစ်)
တက္ကသိုလ်ကျောင်းသားဘဝမှာ ဖဆပလအစိုးရကိုလိုလားတဲ့ ဒီမိုကရက်တစ်ကျောင်းသားအဖွဲ့(DSO) မှာ တွဲဘက်အတွင်းရေးမှူးအဖြစ် ပါဝင်ခဲ့သလို ဖဆပလ အစိုးရအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ် ဦးကျော်ငြိမ်းရဲ့ ကိုယ်ရေးအတွင်းဝန်အဖြစ် တာဝန်ယူခဲ့ဖူးပါတယ်။ အာဏာရှင်ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းပြီးတဲ့နောက် ဦးသုဝေလည်း ထိုင်းနိုင်ငံဘက်ထွက်သွားပြီး၊ အဲဒီအချိန်ကတောခိုသွားတဲ့ ဝန်ကြီးချုပ် ဦးနုတို့နဲ့ပူးပေါင်းခဲ့ပါတယ်။ ၁၉၈၀ မှာပြည်တွင်းပြန်ရောက်ပြီး ၁၉၈၈ ခုနှစ် အရေးတော်ပုံပြီးတဲ့အခါ ဒီမိုကရေစီပါတီမှာ ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး ၁၉၉၀ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ခဲ့သလို၊ နိုင်ငံရေးအကျဉ်းသားအဖြစ်နဲ့ ၁၀ နှစ်ကျော်နေခဲ့ရပါတယ်။ ၂၀၁၀ နောက်ပိုင်းမှာတစ်ခါ ဝန်ကြီးချုပ်ဟောင်း ဦးနုရဲ့သမီး ဒေါ်သန်းသန်းနု၊ ဦးကျော်ငြိမ်းရဲ့သမီး ဒေါ်ချိုချိုကျော်ငြိမ်းတို့နဲ့အတူ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ကိုတည်ထောင်ပြီး ၂၀၁၀ မှာရော ၂၀၁၅ မှာပါ ရွေးကောက်ပွဲတွေ ဝင်ခဲ့ပါတယ်။ သူဟာ အခုနှစ်မေလ ၁၈ ရက်မှာ ကွယ်လွန်သွားပြီး ကွယ်လွန်ချိန်မှာ အသက် ၉၁ နှစ်ပါပြီ။
မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော် ဦးအရိယဝံသာဘိဝံသ (၁၉၅၁ - ၂၀၂၂)
စစ်တပ်ကို ပြင်းပြင်းထန်ထန်ဝေဖန်ထောက်ပြခဲ့တဲ့ ဆရာတော်တစ်ပါးအဖြစ်ထင်ရှားခဲ့ပါတယ်။ အာဏာမသိမ်းခင်ကတည်းက စစ်တပ်ရဲ့ တရားစွဲတာခံခဲ့ရပြီး အာဏာသိမ်းတဲ့နေ့ ပထမဆုံးအဖမ်းခံရသူတွေထဲ ဆရာတော်လည်းပါဝင်ပါတယ်။ ထောင်ခြောက်လချမှတ်ခံခဲ့ရပြီး ပြန်လွတ်လာတဲ့နောက်မှာလည်း ဆရာတော်ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ ဆက်လက်ပါဝင်ခဲ့ပါတယ်။ ပုန်းရှောင်ခဲ့ရင်း နောက်ဆုံး ထိုင်းနိုင်ငံ မဲဆောက်မြို့ဆေးရုံမှာ နှလုံး သွေးကြောပိတ်ရောဂါနဲ့ ပျံလွန်တော်မူခဲ့ပါတယ်။ ဆရာတော်ရဲ့ ဈာပနကို ထိုင်းမှာပဲ လုပ်ခဲ့ပါတယ်။ ဆရာတော်ဟာ အောက်တိုဘာ ၂၇ ရက်နေ့ညက ပျံလွန်တော်မူပြီး အဲဒီအချိန်မှာ သက်တော် ၇၁ နှစ် ဝါတော် ၅၁ ရှိပြီဖြစ်ပါတယ်။
ဒေါက်တာ ဝါကာအူဒင် (၁၉၅၄ - ၂ဝ၂၂ ခုနှစ်)
အမေရိကန်ပြည်ထောင်စုမှာနေထိုင်ပြီး ရိုဟင်ဂျာအရေးလှုပ်ရှားသူတစ်ယောက်ဖြစ်ပါတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောမှာမွေးခဲ့သူ အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်တဲ့ ဒေါက်တာ ဝါကာအူဒင်ဟာ အမေရိကန်နိုင်ငံ၊ Pennsylvania State University ရဲ့ ပါမောက္ခတစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ စစ်ရာဇဝတ်မှုကျုးလွန်တာတွေကို ကမ္ဘာသိအောင်လုပ်ဆောင်ခဲ့သူဖြစ်တယ်လို့ NUG အစိုးရကပြောပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ရက္ခိုင့်တပ်တော် AA တို့က ဝမ်းနည်းကြောင်းသဝဏ်လွှာတွေပို့ခဲ့ပါတယ်။ ၂ဝ၂၂ ခုနှစ် ဧပြီလ ၂၉ ရက်က လူကြီး ရောဂါနဲ့ သူနေထိုင်ရာ အမေရိကန်ပြည်ထောင်စုမှာ ကွယ်လွန်သွားတာပါ။ ကွယ်လွန်ချိန်မှာ ၆၈ နှစ်ရှိပါပြီ။
စာရေးဆရာ၊ ကဗျာဆရာ မောင်သာနိုး(၁၉၃၂ - ၂ဝ၂၂ ခုနှစ်)
စာရေးဆရာ၊ ကဗျာဆရာနဲ့ ဘာသာဗေဒပညာရှင်ဖြစ်ပါတယ်။ မောင်သိင်္ဂါဆိုတဲ့ ကလောင်အမည်နဲ့ ကဗျာတွေ ရေးသားခဲ့သလို မောင်သာနိုး ကလောင်နာမည်နဲ့ မြန်မာစာအရေးအသား၊ ဘာသာပြန်ကဗျာတွေ၊ ကဗျာသီအိုရီ တွေ၊ အင်္ဂလိပ်စာပို့ချချက်တွေနဲ့ ဘာသာဗေဒဆိုင်ရာဆောင်းပါးတွေ ရေးသားခဲ့ပါတယ်။ လူထုသတင်းစာ၊ မန်းခေတ်သတင်းစာတွမှာလည်းအယ်ဒီတာဖြစ်ပါတယ်။ ဗုဒ္ဓအကြောင်းရေးထားတဲ့ အာရှတိုက်ရဲ့အလင်းရောင် ဘာသာပြန်ကဗျာစာအုပ်၊ ထင်းရှူးပင်ရိပ် ဘာသာပြန်ကဗျာစာအုပ်တွေဟာ နာမည်ကြီးထင်ရှားပါတယ်။ ဆရာကြီး မောင်သာနိုးဟာ ၂၀၁၆ ခုနှစ် အမျိုးသားစာပေ တစ်သက်တာဆု ချီးမြှင့်ခံခဲ့ရပါတယ်။ ၂ဝ၂၂ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့က ရန်ကုန်မြို့မှာ ကွယ်လွန်သွားတာပါ။ ကွယ်လွန်ချိန်မှာ အသက် ၉၁ နှစ်ရှိပါပြီ။
ကာတွန်းဟန်လေး (၁၉၆၃ - ၂ဝ၂၂ ခုနှစ်)
စစ်အာဏာရှင်အုပ်ချုပ်မှုကို ဆန့်ကျင်တဲ့ ကာတွန်းတွေအများအပြားဖန်တီးခဲ့သူ ရှမ်းတိုင်းရင်းသားတစ်ဦး ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ် အရေးတော်ပုံနောက်ပိုင်း ထိုင်းနိုင်ငံကိုထွက်သွားခဲ့ပါတယ်။ ပြည်ပကနေ စစ်အာဏာရှင်ကို ကလောင်ကိုင်ဆန့်ကျင်နေရင်းက အရပ်သားအစိုးရတက်လာချိန်မှာ မြန်မာနိုင်ငံကို ပြန်လာခဲ့ပါတယ်။ သတင်းစာ ဂျာနယ်တွေအတွက် နိုင်ငံရေးကာတွန်းတွေ များစွာရေးဆွဲခဲ့သူဖြစ်ပါတယ်။ ကာတွန်းဟန်လေးဟာ ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်က ကင်ဆာရောဂါနဲ့ကွယ်လွန်သွားတာပါ။ ကွယ်လွန်ချိန်မှာ အသက် ၅၆နှစ် ရှိပါပြီ။
စာရေးဆရာ အကြည်တော် (၁၉၇၂ - ၂ဝ၂၂ ခုနှစ်)
ကျောက်သင်ပုန်းတွေ မိုးထားတဲ့အိမ်၊ ရွှေမိုးသည်း၊ ကဝေပျိုရဲ့နိဒါန်း၊ နတ်နေကိုင်း၊ ကျွန်တော့်ချစ်သူပြောသော သူ့ချစ်သူအကြောင်း ၊ လှအိုးကွဲစတဲ့ နာမည်ကြီး ဝတ္ထုတွေကို ဖန်တီးရေးသားခဲ့သူဖြစ်ပါတယ်။ ချစ်ကြောင်းကြိုက်ကြောင်းတွေကို ဟာသဉာဏ်ရောနှောရေးသားချက်တွေကြောင့် လူငယ်လူကြီးအရွယ်စုံ ပရိသတ်အခိုင်အမာရှိခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့ ဝတ္ထုတွေကို ရုပ်ရှင်ပြန်ရိုက်တဲ့အထိ အောင်မြင်ခဲ့တာဖြစ်ပါတယ်။ မကွယ်လွန်ခင်လပိုင်းမှာ သူဖန်တီးခဲ့တဲ့ ကဗျာတွေနဲ့ ဂီတပေါင်းစပ်ထားတဲ့ ကဗျာဂီတ Album ဟာလည်း နာမည်တွင်ကျန်ရစ်ခဲ့ပါတယ်။ စာရေးဆရာ အကြည်တော် (ခ) စောကြည်ဖြူဟာ ၂ဝ၂၂ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့က ကွယ်လွန်သွားတာပါ။ ကွယ်လွန်ချိန်မှာ အသက် ၅၁ နှစ်ရှိပါပြီ။
အော်ရာလီ (၁၉၇၇ - ၂၀၂၂)
ကချင်လူထုနဲ့ ကချင်ဂီတလောကမှာ Rock တေးဂီတအမျိုးစားနဲ့ ပထမဆုံး ထိုးဖောက်အောင်မြင်ခဲ့သူဖြစ်ပါ တယ်။ ပြည်တွင်း၊ ပြည်ပ ကချင်တိုင်းရင်းသားတွေရဲ့ အားပေးမှုအခိုင်အမာရခဲ့သူပါ။ အော်ရာလီဟာ အောက်တိုဘာ ၂၃ ရက် ညမှာတော့ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အနန့်ပါရွာမှာ ပြုလုပ်နေတဲ့ KIO တည်ထောင်ခြင်း (၆၂) နှစ်ပြည့် ဂီတဖျော်ဖြေပွဲကိုရောက်နေပြီး အဲဒီအချိန်မှာ စစ်ကောင်စီတပ်က လေကြောင်း ကနေ ရုတ်တရက် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပွဲချင်းပြီးသေဆုံးခဲ့ရပါတယ်။ အဲဒီဖြစ်ရပ်မှာ အော်ရာလီနဲ့အတူ လူပေါင်း ၆ဝ ကျော်သေဆုံးခဲ့ရပါတယ်။ အော်လီရာကွယ်လွန်ချိန်မှာ အသက် ၄၅ နှစ်ရှိပါပြီ။
ကဗျာဆရာ မောင်မှိုင်းလွင် (အင်းဝ) (၁၉၅၁ - ၂ဝ၂၂ ခုနှစ်)
စာရေးဆရာ၊ ကဗျာဆရာ မောင်မှိုင်းလွင် (အင်းဝ) ရဲ့အမည်ရင်းက ဦးတင်အေးကြူဖြစ်ပါတယ်။ အာဏာရှင် တော်လှန်ရေး ကဗျာတွေ၊ ဆောင်းပါးတွေ၊ ဘာသာပြန်တွေ များစွာရေးသားခဲ့သူ ဖြစ်ပါတယ်။ "သီချင်းထဲက သမိုင်း၊ သမိုင်းထဲက သီချင်း" နွေဦးငှက်ရဲ့ အိပ်တန်းပြန်၊ ခွပ်မှလှတဲ့ဒေါင်း စတာတွေ နာမည်ကြီးထင်ရှားပါ တယ်။ ကဗျာဆရာမောင်မှိုင်းလွင်ဟာ ၁၉၇၆ ခုနှစ် မတ်လ ၂၃ ရက်နေ့မှာ တက္ကသိုလ်ကျောင်းသားတွေ ရဲ့လှုပ်ရှားမှုတစ်ခုဖြစ်တဲ့ သခင်ကိုယ်တော်မှိုင်းရာပြည့် အထိမ်းအမှတ် ကျောင်းသားသပိတ်မှာ ခေါင်းဆောင် တစ်ဦးဖြစ်ပြီး စက်မှုတက္ကသိုလ်ကနေ ကျောင်းထုတ်ခံခဲ့ရသလို အင်းစိန်အကျဉ်းထောင်မှာလည်း ၁၉၈၀ ပြည့် နှစ်အထိ အကျဉ်းချခံခဲ့ရပါတယ်။ ရှစ်လေးလုံး ဒီမိုကရေစီရေး လူထုလှုပ်ရှားမှုအပြီး မန္တလေးမြို့မှာ တည်ထောင် ခဲ့တဲ့ အမျိုးသားနိုင်ငံရေးတပ်ပေါင်းစုပါတီမှာ ဗဟိုအလုပ်အမှုဆောင်တစ်ဦးအဖြစ် ပါဝင်ခဲ့ပါတယ်။ အဲဒီနောက် ဗိုလ်ချုပ်မှူးကြီးစောမောင်ဦးဆောင်တဲ့စစ်အစိုးရခေတ် ၁၉၈၉ မှာ စစ်ထောက်လှမ်းရေး ဗိုလ်ချုပ် ခင်ညွန့်တို့က စစ်အစိုးရဆန့်ကျင်သူတွေကိုဖမ်းဆီးဖြိုခွင်းအခါ သူ့ကို ကွန်မြူနစ်ယူဂျီခေါင်းဆောင် တစ်ယောက် အဖြစ်စွပ်စွဲပြီး ထောင်ဒဏ် ၁၄ နှစ်ချမှတ်ခဲ့ပါတယ်။ သူဟာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက် မြို့က ဆေးရုံတစ်ရုံမှာ အဆုတ်ရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၇၂ နှစ်ရှိပါပြီ။